ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့ပြီးနောက် အိန္ဒိယရူပီးငွေတန်ဖိုးမှာကျဆင်းခဲ့ပြီး ရက်သတ္တပတ် (၂)ပတ်တာကာလအတွင်း အနိမ့်ဆုံးအနေအထားသို့ ပြန်လည်ရောက်ရှိခဲ့မှု

ကမ္ဘာ့ရေနံ ဈေးနှုန်းများ မှာ လွန်ခဲ့သည့် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွင်း အားပျော့ကျဆင်းခဲ့သည့်အတွက် ပြည်ပမှ ရေနံအ​များအပြား တင်သွင်းနေရသည့် အိန္ဒိယနိုင်ငံ၏ရူပီးငွေကြေးတန်ဖိုးမှာ အဆိုပါကာလများအတွင်း အားကောင်းခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့ပြီးနောက် အိန္ဒိယ ရူပီးငွေတန်ဖိုးမှာ ရက်သတ္တပတ်(၂)ပတ်တာ ကာလအတွင်း၌ အနိမ့်ဆုံးအနေအထားသို့ ပြန်လည်ရောက်ရှိခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၇၃)ရူပီးကျော်သို့ ဆက်လက်ကျဆင်းသွားဖွယ်ရှိသည်ဟု ငွေကြေးဈေးကွက် လေ့လာသူများက ခန့်မှန်းထားကြကြောင်း သိရှိရပါသည်။

          အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ ချက်တစ်ဂါ့ဟ်၊ မဒ္ဒရာပရာဒက်ရှ်နှင့် ရာဂျက်စ်တန်ပြည်နယ်များ၌ ပြုလုပ်ခဲ့သည့် ပြည်နယ်ရွေးကောက်ပွဲများတွင် လက်ရှိအာဏာရ(BJP)ပါတီ၏ အတိုက်အခံပါတီဖြစ်သော အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီ (Indian National Congress)က အနိုင်ရရှိခဲ့ပြီး ယင်းပါတီ၏ဥက္ကဋ္ဌဖြစ်သူ ရာဟူးဂန္ဒီက အဆိုပါ ပြည်နယ်များအတွင်းရှိ လယ်သမားများ၏ စိုက်ပျိုးရေးချေးငွေများကို လျှော့ပေါ့ပေးမည်ဟု ကတိပြု ခဲ့ခြင်း၊ ယခု ၂၀၁၉ ခုနှစ်၊ မေလတွင်ကျင်းပမည့် အိန္ဒိယနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲမတိုင်မီ လက်ရှိအိန္ဒိယဝန်ကြီးချုပ်မိုဒီအစိုးရသည် လယ်သမား သက်သာချောင်ချိရေး အစီအစဉ်အနေဖြင့် လယ်သမားများအား တစ်နှစ်လျှင်ရူပီးငွေ(၁)သောင်း ထောက်ပံ့ ပေးအပ်ဖွယ်ရှိခြင်းနှင့်ဝန်ကြီးချုပ် မိုဒီသည် ယခု ၂၀၁၉ခုနှစ်အတွင်း နိုင်ငံ၏ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အမျိုးသမီးရေးရာကဏ္ဍ၊ အခြေခံအဆောက်အဦကဏ္ဍ၊ အိမ်ရာစီမံကိန်းများဖော်ဆောင်ရေး ကဏ္ဍနှင့် လူမှုဖူလုံရေးကဏ္ဍများတွင် ဘဏ္ဍာငွေတိုးမြှင့်သုံးစွဲရန်ရည်မှန်းထားခြင်း အစရှိသည့်အကြောင်းအရာ များကြောင့် အိန္ဒိယရူပီးငွေတန်ဖိုးမှာ ပြန်လည်အားကောင်းလာမည့် အနေအထားမရှိနိုင်ဘဲ ၂၀၁၉ခုနှစ်၊ မတ်လကုန်ပိုင်းတွင် အိန္ဒိယရူပီးငွေတန်ဖိုးမှာ အမေရိကန်တစ်ဒေါ်လာလျှင် အိန္ဒိယငွေ(၇၂.၅၀) ရူပီးနှင့် (၇၃)ရူပီးအကြား လဲလှယ်မှုနှုန်းသို့ ကျဆင်းသွားဖွယ်ရှိသည်ဟု ငွေကြေးဈေးကွက်လေ့လာသူများက ခန့်မှန်း ထားကြကြောင်း သိရှိရပါသည်။

ထို့ပြင် အိန္ဒိယနိုင်ငံသည် ပြည်တွင်းလောင်စာဆီလိုအပ်ချက်၏ ၈၀% ခန့်ကို ပြည်ပမှတင်သွင်း နေရသည်ဖြစ်ရာ လက်ရှိအချိန်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည်မြင့်တက်လာခြင်းကြောင့် အိန္ဒိယနိုင်ငံ၌ ငွေကြေးဖောင်းပွခြင်း၊ ကုန်သွယ်ရေးလိုငွေပြမှုမြင့်တက်ခြင်းနှင့် ဘဏ္ဍာငွေပိုမို သုံးစွဲရခြင်းများဖြစ်ပေါ်လာနိုင် ကြောင်း၊ အိန္ဒိယရူပီးငွေတန်ဖိုးမှာ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက် (ကြာသပတေးနေ့)တွင် အမေရိကန် တစ်ဒေါ်လာလျှင် အိန္ဒိယငွေ (၇၀.၄၅၇၅)ရူပီးသို့ ရောက်ရှိခဲ့ရာ ရက်သတ္တပတ်(၂)ပတ်အတွင်း အနိမ့်ဆုံးဈေးနှုန်း ပင်ဖြစ်ကြောင်း၊ အိန္ဒိယရူပီးငွေတန်ဖိုးသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ လက်ရှိအချိန်အထိကာလ အတွင်း အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၁%ခန့် ကျဆင်းခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်း ဖော်ပြပါရှိ ပါသည်။

ရည်ညွှန်းwww.bloomberg.com