ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်သည် ထိုင်းဘုရင့်အစ်မဖြစ်သူ ရွေးကောက်ပွဲဝင်ရန်အမည် စာရင်းတင်သွင်းထားမှုအားပယ်ဖျက်ခဲ့ပြီး အမည်စာရင်းတင်သွင်းခဲ့သည့် ထိုင်းရက်ခ်ဆာချက် ပါတီအားဖျက်သိမ်းရန်စီစဉ်လျက်ရှိမှု

ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်၏ အစ်မဖြစ်သူ မင်းသမီး အူဗောလ်ရာထာနာမဟီဒေါလ် အနေဖြင့် ဝန်ကြီးချုပ်နေရာအတွက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ထိုင်းရက်ခ်ဆာချက် ပါတီ(Thai Raksa Chart -TRC) ၏ အမည်စာရင်းတင်သွင်းခဲ့မှုအပေါ် ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်(တနင်္လာနေ့) တွင် ပယ်ဖျက်ခဲ့ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းရက်ခ်ဆာချက်ပါတီအား ထိုင်းနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှတစ်ဆင့် ထပ်မံအရေးယူနိုင်ရေးအတွက် စီစဉ်လျက်ရှိသည်ဟု ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန် ကြေညာချက်၌ လာမည့်မတ်လ (၂၄) ရက်တွင်ကျင်းပပြုလုပ်မည့် ထိုင်းနိုင်ငံ၏အထွေထွေရွေးကောက်ပွဲအတွင်း ထိုင်းဝန်ကြီးချုပ် နေရာအတွက် လက်ရှိထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအပါအဝင် ပါတီ(၄၅) ပါတီမှ ကိုယ်စားလှယ်လောင်း(၆၉)ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခဲ့သည့် မင်းသမီးအူဗောလ်ရာထာနာမဟီဒေါလ် သည် ထိုင်းဘုရင့်တော်ဝင် မိသားစုဝင်ဖြစ်သည့်အတွက် အဆိုပါတော်ဝင်မိသားစုဝင်များအနေဖြင့် ထိုင်းနိုင်ငံရေး၏ အထက်တန်းနေရာတွင်တည်ရှိပြီး  နိုင်ငံရေးဆိုင်ရာ ရာထူးကိစ္စများနှင့် ပတ်သက်၍ ပါဝင်ထမ်းဆောင်ခွင့်မရှိသည့်အတွက် ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်အနေဖြင့် ထိုင်းမင်းသမီး၏ ကိုယ်စားလှယ် လျှောက်လွှာအမည်စာရင်းတင်းသွင်းမှုအားဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အတူအဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ယခုရက်ပိုင်းအတွင်း ထိုင်းဘုရင်မဟာဗာဂျီယာလောင်ကွန်သည်လည်း တော်ဝင်အမိန့်ပြန် တမ်းထုတ်ပြန် တားမြစ်ခဲ့သည့်အတွက် ယခုကဲ့သို့ ထိုင်းရွေးကောက်ပွဲကော်မရှင်အနေဖြင့် ထိုင်းရက်ခ်ဆာချက်ပါတီမှ အမည်စာရင်းတင်သွင်းမှုအား ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ထိုင်းရွေးကောက်ပွဲကော်မရှင်သည် မင်းသမီး အူဗောလ်ရာထာနာမဟီဒေါလ်၏ အမည်စာရင်းတင်သွင်းခဲ့ခြင်းနှင့်ပတ်သက်၍ ထိုင်းရက်ခ်ဆာချက်ပါတီအနေဖြင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေးပါတီများအက်ဥပဒေကို ဖောက်ဖျက်ကျူးလွန်ကြောင်းတွေ့ရှိပါက ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးသို့တင်ပို့ကာနိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းသွားမည်ဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ ထိုင်းရွေးကောက်ပွဲကော်မရှင်အနေဖြင့် ထိုင်းနိုင်ငံရေးပါတီတစ်ခုအား အရေးယူဆောင်ရွက်ရန် ဥပဒေ ဆိုင်ရာလမ်းကြောင်းများမရှိသော်လည်း ကော်မရှင်၏စည်းမျဉ်းစည်းကမ်းအရ အခြားသောပါတီများမှကျေနပ်မှုမရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့တင်ပို့ခွင့်ရှိကြောင်း၊ ခုံရုံး၏ ဆုံးဖြတ်ချက်ဖြင့် အဆိုပါနိုင်ငံရေးပါတီအား ဖျက်သိမ်းခွင့်ရှိသည့်အပြင် ကိုယ်စားလှယ်များ၏ မဲဆွယ်စည်းရုံးမှု ကိုပိတ်ပင်ခြင်းနှင့် ရွေးကောက်ပွဲဝင်ရောက်ခွင့် အနည်းဆုံး(၁၀) နှစ်မှ ရာသက်ပန်ပိတ်သိမ်းသည် အထိ အမိန့်ချမှတ်နိုင်ကြောင်း၊ အဆိုပါထိုင်းရက်ခ်ဆာချက်ပါတီ၏ အမည်စာရင်း တင်သွင်းခဲ့မှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တစ်ဆင့်အရေးယူဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကာကွယ်စောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင် ဆရီဆူဝမ်ဂျန်ရာက ၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ (၁၂) ရက်(အင်္ဂါနေ့) တွင် ရွေးကောက်ပွဲကော်မရှင်ထံသို့တိုင်ကြားစာပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြပါရှိပါသည်။

ရည်ညွှန်း www.bangkokpost.com