အိန္ဒိယနိုင်ငံ၏ ပြည်ပမှ ရွှေတင်သွင်းမှုပမာဏမှာ လွန်ခဲ့သည့် ဇန်နဝါရီလအတွင်း ၆၀% ကျော် မြင့်တက်ခဲ့ပြီး ဆက်လက်၍လည်း မြင့်တက်လာနိုင်သည်ဟု ဈေးကွက်လေ့လာသူများက ခန့်မှန်း ထားမှု

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလအတွင်းအိန္ဒိယနိုင်ငံ၏ပြည်ပမှ ရွှေတင်သွင်းမှုပမာဏမှာ ယမန် နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၆၀% ကျော်မြင့်တက်ခဲ့ပြီး ဆက်လက်၍လည်း မြင့်တက် လာဖွယ်ရှိသည်ဟု သိရှိရပါသည်။

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလအတွင်း အိန္ဒိယနိုင်ငံ၏ ပြည်ပမှ ရွှေတင်သွင်းမှုပမာဏမှာ တန်ချိန်(၄၆)တန် ခန့်ရှိခဲ့ရာ ယမန်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆၄% ခန့်မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နှစ်စဉ်ဇန်နဝါရီလလယ်ပိုင်းမှ မတ်လကုန်အထိကာလနှင့် အောက်တိုဘာလမှ ဒီဇင်ဘာလအထိကာလသည် အိန္ဒိယနိုင်ငံ၏ လက်ထပ်ထိမ်းမြားရာသီကာလဖြစ်ကြောင်း၊ ယခုအခါ အဆိုပါဇန်နဝါရီလလယ်ပိုင်းမှ မတ်လကုန်အထိကာလဖြစ်သော လက်ထပ်ထိမ်းမြားရာသီကာလသို့ ကျရောက်လျက်ရှိရာ လက်ထပ်ထိမ်းမြားရာတွင် သတို့သမီး အဆင်တန်ဆာအဖြစ်ဖြစ်စေ၊ လက်ဆောင်အဖြစ်ပေးအပ်ရန်အတွက်ဖြစ်စေ ရွှေကိုအသုံးပြုခြင်း၊ ပေးအပ်ခြင်းသည် ကောင်းသော အတိတ်နိမိတ်များ၊ ကောင်းခြင်းမင်္ဂလာများကို ဖြစ်ပေါ်စေသည်ဟု အိန္ဒိယပြည်သူများက ယူဆ ထားကြခြင်းနှင့်အတူ  ရွှေဝယ်ယူမှုများပြုလုပ်လေ့ရှိသည့်ကာလဖြစ်ကြောင်း၊ ထို့ကြောင့် အိန္ဒိယ နိုင်ငံရှိ ရွှေထည်လုပ်ငန်းရှင်များသည် ဖြစ်ပေါ်လာမည့် ပြည်တွင်းရွှေဝယ်လိုအားကို ပြည့်မီစွာ ရောင်းချနိုင်ရေးအတွက် ရွှေဝယ်ယူစုဆောင်းမှုများ ပြုလုပ်လာကြသည့်အတွက်  လွန်ခဲ့သည့် ဇန်နဝါရီလအတွင်း အိန္ဒိယနိုင်ငံ၏ရွှေတင်သွင်းမှုမှာ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲများကို လာမည့် မေလတွင် ကျင်းပမည်ဖြစ်ပြီး ယင်းကာလ မတိုင်မီတွင် မဲဆွယ်စည်းရုံးသည့်အနေဖြင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် နိုင်ငံအတွင်းရှိ သန်းပေါင်း(၁၂၀)ခန့်ရှိသော လယ်သမားများအား ရူပီးငွေ ၇၅၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၀.၆ ဘီလီယံ) ပမာဏအားထောက်ပံ့ကြေးအဖြစ် ပေးအပ်သွားမည်ဖြစ်သည့်အပြင် ရူပီးငွေ(၁၈၅)ဘီလီယံ ပမာဏကိုလည်း အခွန်သက်ညှာခွင့်ပေးသွားမည်ဟု ကြေညာခဲ့ခြင်းနှင့်အတူ ၂၀၁၉ ခုနှစ်၊ မေလ (၇)ရက်နေ့သည် အိန္ဒိယနိုင်ငံ၌ ဟိန္ဒူဘာသာဝင်များ နှင့် ဂျိမ်းဘာသာဝင်များ၏ နှစ်စဉ်ရိုးရာနွေဦး ပွဲတော်(Akshaya Tritiya)နေ့ရက်ဖြစ်ပြီး အဆိုပါ ပွဲတော်ရက်တွင် ရွှေအပါအဝင် အခြားမည်သည့် အဖိုးတန်ပစ္စည်းများကိုမဆိုဝယ်ယူပါက မည်သည့်အခါမျှပျက်စီးဆုံးရှုံးခြင်း မရှိဟု ၎င်းဘာသာဝင် များက အယူရှိထားကြသည့်အတွက် ရွှေဝယ်လိုအားများပြားလာစေလိမ့်မည်ဟူသော ယူဆချက်များ နှင့်အတူ အိန္ဒိယနိုင်ငံ၏ ပြည်ပမှရွှေတင်သွင်းမှုကို ဆက်လက်မြင့်တက်စေနိုင်လိမ့်မည်ဟု အိန္ဒိယ ရွှေဈေးကွက် လေ့လာသူများက ခန့်မှန်းထားကြကြောင်း သိရှိရပါသည်။

ရည်ညွှန်း www.businessstandard.com