အမေရိကန်လွှတ်တော်အမတ်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲမသမာမှုပြုလုပ်ခဲ့မှုများနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးထံသို့ စာရေးသားပေးပို့တောင်းဆိုခဲ့မှု

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းပြုလုပ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲ မသမာမှု ပြုလုပ်ခဲ့မှုများနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေဖြင့် အရေးယူဆောင်ရွက်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုထံသို့ အမေရိကန်လွှတ်တော်အမတ်များက ယခုရက်ပိုင်းအတွင်း စာရေးသားပေးပို့တောင်းဆိုခဲ့ကြသည်ဟု သိရှိရပါသည်။

အဆိုပါလွှတ်တော်အမတ်များရေးသားပေးပို့သည့် စာတွင်ဖော်ပြထားရာ၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ဒီမိုကရေစီအရေး အနုတ်လက္ခဏာဆောင်မည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားမည်ကို မိမိတို့လွှတ်တော်အမတ်များအနေဖြင့် အထူးစိုးရိမ်ပူပန်လျက်ရှိပြီး အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မည်သို့မည်ပုံကိုင်တွယ်ဖြေရှင်းသွားမည်ကို မိမိတို့ အနေဖြင့် အကြမ်းဖျင်းသိရှိနိုင်ရန်တောင်းဆိုပါကြောင်း၊ အထူးသဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ရလဒ်အပေါ်ယုံကြည်မှုမရှိကြဘဲ ရွေးကောက်ပွဲမသမာမှုများပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်အများအပြား ဖြစ်ပေါ်လျက်ရှိပြီး ရွေးကောက်ပွဲမသမာမှုများနှင့်ပတ်သက်၍ အစီရင်ခံစာအများအပြားလည်း ရရှိထားပြီးဖြစ်ကြောင်း၊ အိန္ဒိယ-ပစိဖိတ်ဒေသအတွင်း ဒီမိုကရေစီထောက်ခံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ ပေါ်ပေါက်ရေးသည် အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားနှင့်ပတ်သက်၍ အထူးအရေးကြီးသည့်နည်းတူ ယခု ၂၀၁၉ ခုနှစ် အတွင်း အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံအစရှိသည့် အာရှဒေသများတွင်လည်း ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ကြတော့မည်ဖြစ်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် တုံ့ပြန်အရေးယူမှုမှစတင်ကာ ဒီမိုကရေစီရေး အပေါ်လေးစားမှုနှင့် ကတိကဝတ်များအတိုင်း ဆက်လက်အကောင်အထည်ဖော်မှုအစရှိသည့် အမေရိကန်ပြည်ထောင်စု၏ရပ်တည်ချက်ကိုထင်ရှားစွာပြသရန် အလွန်အရေးကြီးသည်ဟုဖော်ပြထားကြောင်း သိရှိရပါသည်။

အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီမှ လွှတ်တော်အမတ်များပါဝင်သောအဖွဲ့သည် အနည်းဆုံးလူ (၁၇) ဦးသေဆုံးကာ (၆၀) ဦးကျော်ဒဏ်ရာရရှိခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းအစုလိုက်အပြုံလိုက် ဖမ်းဆီးနှိမ်နှင်းမှုများအပါအဝင် မဲဆွယ်စည်းရုံးမည့် ကိုယ်စားလှယ်များ၏ လွတ်လပ်စွာပြောဆို စည်းရုံးမှုများအပေါ် ဖြိုခွဲနှိမ်နှင်းမှုများနှင့် ဆန္ဒမဲပေးကြမည့်မဲဆန္ဒရှင်များ အားဖိနှိပ်ခဲ့မှုများပြုလုပ်ခဲ့ခြင်းအစရှိသည့် ရွေးကောက်ပွဲကာလအတွင်း အကြမ်းဖက်ခဲ့မှုများနှင့်ပတ်သက်၍ ရရှိထားသည့် အစီရင်ခံစာများအပေါ်အခြေခံကာ အမေရိကန်လွှတ်တော်အမတ်များက ယခုကဲ့သို့တောင်းဆိုခဲ့ကြ ခြင်းဖြစ်သည်ဟု သိရှိရပါသည်။

ရည်ညွှန်း www.thedailystar.net