ကမ္ဘာတစ်ဝန်း ရွှေကုမ္ပဏီကြီးများ၏ ရွှေဝယ်ယူမှုမြင့်တက်ခဲ့ခြင်းကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ (၁၀) လတာကာလအတွင်းအမြင့်ဆုံးဖြစ်သည့် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁,၃၄၀) အထက်သို့ မြင့်တက်ရောက်ရှိခဲ့မှု

၂၀၁၉ ခုနှစ်၊ဇန်နဝါရီလအတွင်း ကမ္ဘာတစ်ဝန်းရွှေကုမ္ပဏီကြီးများ၏ရွှေဝယ်ယူမှုမြင့်တက် ခဲ့သည်ဟူသော ကမ္ဘာ့ရွှေကောင်စီ၏ အစီရင်ခံစာထွက်ပေါ်ပြီးနောက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ(၁၀)လတာ ကာလအတွင်း အမြင့်ဆုံးဖြစ်သည့် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁,၃၄၀)အထက်သို့ မြင့်တက်ရောက်ရှိခဲ့သည်ဟု သိရှိရပါသည်။

ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့် ကမ္ဘာ့ရွှေကောင်စီ၏ အစီရင်ခံစာ၌ ၂၀၁၈ ခုနှစ် အတွင်း ကမ္ဘာတစ်ဝန်းရွှေကုမ္ပဏီကြီးများ၏ရွှေဝယ်ယူစုဆောင်းမှုမှာတန်ချိန်(၆၉)တန်ခန့်ရှိခဲ့ပြီး ရွှေကုမ္ပဏီကြီးများ လက်ဝယ်တွင်ရှိသော ရွှေတန်ချိန်စုစုပေါင်းပမာဏမှာ (၂,၄၄၀) တန်ခန့်ရှိခဲ့ ကြောင်း၊ ထို့ပြင် ကမ္ဘာတစ်ဝန်းရွှေကုမ္ပဏီကြီးများသည် လတ်တလောကာလများအတွင်း ရွှေဝယ်ယူစုဆောင်းမှုများကို တိုးမြှင့်ပြုလုပ်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကမ္ဘာတစ်ဝန်း ရွှေကုမ္ပဏီကြီးများ၏ ရွှေဝယ်ယူမှုပမာဏမှာ တန်ချိန်(၇၂) တန်ခန့်ရှိခဲ့ပြီး လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း ရွှေကုမ္ပဏီများလက်ဝယ်တွင်ရှိသော ရွှေတန်ချိန် စုစုပေါင်းပမာဏမှာ (၂,၅၁၃) တန်ခန့်သို့ မြင့်တက်ရောက်ရှိခဲ့ရာ ၂၀၁၃ ခုနှစ် နောက်ပိုင်း (၆) နှစ်တာကာလအတွင်း ရွှေကုမ္ပဏီကြီးများ၏ ရွှေဝယ်ယူမှုပမာဏအများဆုံးအနေအထားဖြစ်သည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

အဆိုပါအစီရင်ခံစာထွက်ပေါ်ပြီးနောက် ကမ္ဘာတစ်ဝန်းရှိ ရွှေကုမ္ပဏီကြီးများသည် ရွှေဝယ်ယူစုဆောင်းမှုများကို ပိုမိုတိုးမြှင့်ပြုလုပ်လာဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များနှင့်အတူ ကမ္ဘာ့ရွှေဈေးနှုန်းမှာ (၁၀) လတာကာလအတွင်းအမြင့်ဆုံးသို့ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု သိရှိရပါသည်။

ထို့ပြင်၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်(အင်္ဂါနေ့) ညနေပိုင်းတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) က ထုတ်ပြန်သည့် အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ပထမ(၃)လပတ်ကာလအတွင်း ကမ္ဘာတစ်ဝန်း ကုန်သွယ်ရေးအခြေအနေနှေးကွေးမှုများဖြစ်ပေါ်ကာ ၃.၇% ခန့်ကျဆင်းသွားဖွယ်ရှိသည် ဟုဖော်ပြထားခြင်းသည်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကိုမြင့်တက်စေသည့်အခြားသောအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀) ရက်(ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ ဧပြီလအတွက် ရွှေကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၁.၅၄% မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၄၂.၄၀) ဒေါ်လာသို့ရောက်ရှိခဲ့ရာ အဆိုပါဈေးနှုန်းသည်(၁၀) လတာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်သည်ဟု သိရှိရပါသည်။

ရည်ညွှန်းwww.mining.com