တရုတ်ကုန်ပစ္စည်းများ သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံခြင်းအား နောက်ဆုတ်ရွှေ့ဆိုင်းပေးမည်ဟု သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပြီးနောက် တရုတ်ယွမ်ငွေတန်ဖိုးမှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့မှု

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ပင်တို့သည် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလဆန်းရက်တွင် နှစ်နိုင်ငံအကြား သွင်းကုန်ခွန်အပြန်အလှန်တိုးမြှင့်ကောက်ခံခြင်းကို ၂၀၁၉ခုနှစ်၊ မတ်လ(၁)ရက် နေ့အထိ ယာယီရပ်ဆိုင်းထားရန်သဘောတူညီမှု ရယူခဲ့ပြီးနောက် နှစ်နိုင်ငံ ကုန်သွယ်ရေးတာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြရာ ယခုအခါတွေ့ဆုံဆွေးနွေးမှု များမှာ (၇)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါဆွေးနွေးမှုများနှင့်ပတ်သက်၍ အလားအလာ ကောင်းသော တိုးတက်မှုများရရှိနေပြီဟု သမ္မတဒေါ်နယ်ထရန့်က ဖေဖော်ဝါရီလ(၂၂)ရက်တွင် ပြောကြားခဲ့ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆွေးနွေးမှုရလဒ်ကောင်းများရရှိနေပြီ ဖြစ်ပြီး ထပ်မံ၍လည်းရလဒ်ကောင်းများရရှိနိုင်ဖွယ်ရှိသည့်အတွက် သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံမည့် နောက်ဆုံးရက်သတ်မှတ်ချက်အား နောက်ဆုတ်ရွှေ့ဆိုင်းပေးမည်ဟု ဖေဖော်ဝါရီလ(၂၄)ရက်တွင် သမ္မတဒေါ်နယ်ထရန့်က ၎င်း၏တွစ်တာစာမျက်နှာတွင်ရေးသားဖော်ပြခဲ့ရာ ၎င်း၏ပြောကြားချက်ကို အကြောင်းပြု၍ တရုတ်ယွမ်ငွေတန်ဖိုးမှာ(၇)လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့သည်ဟု သိရှိရပါသည်။

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်(တနင်္လာနေ့)တွင် တရုတ်ဗဟိုဘဏ်သည် ရည်ညွှန်း ငွေလဲလှယ်မှုနှုန်းထားအား အမေရိကန်တစ်ဒေါ်လာလျှင် (၆.၇၁၃၁)ယွမ်လဲလှယ်မှုနှုန်း သတ်မှတ် ခဲ့ကြောင်း၊ တရုတ်ပြည်တွင်း ငွေကြေးဈေးကွက်တွင်မူ တရုတ်ယွမ်ငွေတန်ဖိုးမှာ ၀.၆% မြင့်တက် ခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၆.၆၇၃၀)ယွမ်လဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ နှုန်းထားသည် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ နောက်ပိုင်း (၇)လတာကာလအတွင်း တရုတ်ယွမ်ငွေတန်ဖိုး အမြင့်ဆုံးနှုန်းထားပင်ဖြစ်သည်ဟု သိရှိရပါသည်။

အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးတာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးရာတွင် ဉာဏပစ္စည်းကဏ္ဍ၊ နည်းပညာကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍနှင့် ငွေကြေး အပါအဝင်အခြားသော လုပ်ငန်းကဏ္ဍများနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးခဲ့ကြရာ ရလဒ်ကောင်းများ ရရှိထားခြင်းဖြစ်သည်ဟုသိရှိရကြောင်း၊ ထို့ပြင် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီတွင် နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ရလဒ်ကောင်းများထပ်မံထွက်ပေါ် လာပါက အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတရှီကျင့်ပင်တို့သည် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ မာအာလာဂိုအပန်းဖြေစခန်း၌ ထပ်သီးဆွေးနွေးပွဲပြုလုပ်ကာ နှစ်နိုင်ငံ အကြားကုန်သွယ်ရေးသဘောတူညီမှုကို အပြီးသတ်ရယူသွားဖွယ်ရှိသည်ဟု www.reuters.com ဖော်ပြပါရှိပါသည်။