အိန္ဒိယနှင့် ပါကစ္စတန် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ပဋိပက္ခများဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် အိန္ဒိယစတော့ရှယ်ယာတန်ဖိုးနှင့် ရူပီးငွေတန်ဖိုးများကျဆင်းခဲ့မှု

အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံအကြား ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် အိန္ဒိယစတော့ရှယ်ယာတန်ဖိုးနှင့် ရူပီးငွေတန်ဖိုး များမှာ ကျဆင်းခဲ့သည်ဟု သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ အကြီးဆုံးရဲတပ်ရင်းဖြစ်သည့် Central Reserve Police Force (CRPF)မှ မော်တော်ယာဉ်(၇၈)စီးဖြင့် အင်အား(၂,၅၀၀)ခန့်လိုက်ပါလာသော အမှတ်(၇၆)ရဲတပ်ရင်းယာဉ်တန်းသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် အိန္ဒိယအစိုးရမှထိန်းချုပ်ထားသော ကတ်ရှ်မီးယားဒေသ၊ ဂျမူးမြို့ရှိ ကြားစခန်းတစ်ခုမှ သရီနာဂါမြို့သို့သွားရောက်ရာ ပူလ်ဝါမာအရပ်၌ အသေခံကားဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်(၄၁)ဦးသေဆုံးခဲ့ကြောင်း၊ ကနဦးစုံစမ်းစစ်ဆေးမှုများအရ အသေခံ ဗုံးခွဲတိုက်ခိုက်သူမှာ အဒေးလ်အာမက်ဒါဆိုသူဖြစ်ပြီး ၎င်းသည် အိန္ဒိယမှ ကတ်ရှ်မီးယားခွဲထွက်ရေး အကြမ်းဖက်အဖွဲ့ဖြစ်သော ဂျိုက်ရှ်အီမိုဟာမက်(jaish-e-Mohammed)အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်းနှင့်၎င်းအဖွဲ့သည် ပါကစ္စတန်အခြေစိုက်ခွဲထွက်ရေးအကြမ်းဖက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်ဟုသိရှိရကြောင်း၊ ရဲတပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့ရခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အိန္ဒိယအစိုးရသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်(အင်္ဂါနေ့) နံနက်အစောပိုင်းတွင် ပါကစ္စတန် လေပိုင်နက်သို့ဝင်ရောက်ကာ jaish-e-Mohammed အဖွဲ့၏အကြမ်းဖက်လေ့ကျင့်ရေးစခန်းများအား လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံအနေဖြင့်လည်း လက်တုံ့ပြန်မှုများပြုလုပ်သွားမည်ဟူ၍ သတင်းများထွက်ပေါ်လာခဲ့ရာ နျူကလီးယားလက်နက်ပိုင်ဆိုင်သော အိန္ဒိနှင့်ပါကစ္စတန်နှစ်နိုင်ငံ ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ပဋိပက္ခများဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် ရူပီးငွေတန်ဖိုးနှင့် အိန္ဒိယစတော့ရှယ်ယာ တန်ဖိုးများမှာ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်(အင်္ဂါနေ့)တွင် အိန္ဒိယနိုင်ငံ၏ BSE Sensex စတော့ ရှယ်ယာတန်ဖိုးများမှာ ၁.၅%ကျဆင်းခဲ့ပြီး ရူပီးငွေတန်ဖိုးမှာလည်း ၀.၅%ကျဆင်းကာ အမေရိကန် တစ်ဒေါ်လာလျှင် ရူပီးငွေ(၇၁.၀၇)ရူပီးလဲလှယ်မှုနှုန်းထား၌ဖြစ်ပေါ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ(၂၇)ရက် (ဗုဒ္ဓဟူးနေ့)တွင် အိန္ဒိယရူပီးငွေတန်ဖိုးမှာ(၀.၄၀)ရူပီးထပ်မံကျဆင်းပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၇၁.၄၇)ရူပီးလဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့သည်ဟုသိရှိရကြောင်းဖြင့် www.bloomberg.com ဖော်ပြပါရှိပါသည်။

မှတ်ချက်။      ။နောက်ဆက်တွဲရရှိသောသတင်းများအရ အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံတို့သည် ကက်ရှ်မီးယား ဒေသတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်နေပြီး ကတ်ရှ်မီးယား ဒေသရှိ နှစ်နိုင်ငံအချို့သောလေဆိပ်များကို ပိတ်ထားခဲ့သည်ဟုသိရှိရကြောင်း၊ ထို့ပြင် ပါကစ္စတန် တိုက်လေယာဉ်များသည် ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် အိန္ဒိယလေပိုင်နက်သို့ ဖြတ်သန်းဝင်ရောက်ကာ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ပါကစ္စတန်လေပိုင်နက်သို့ ဝင်ရောက်လာသော အိန္ဒိယ တိုက်လေယာဉ်(၂)စင်းအားပစ်ချခဲ့ကြောင်းနှင့် လေယာဉ်မှူးတစ်ဦးအား ဖမ်းဆီးထားသည်ဟူ၍ ပါကစ္စတန်ဘက်မှ သတင်းထုတ်ပြန်ခဲ့သော်လည်း အိန္ဒိယအစိုးရကမူ အဆိုပါအခြေအနေများနှင့် စပ်လျဉ်း၍ အတည်ပြုတုံ့ပြန်ပြောကြားခြင်းမရှိသေးဟု သိရှိရကြောင်း။

ရည်ညွှန်း www.bloomberg.com