အမေရိကန်- တရုတ် နှစ်နိုင်ငံသမ္မတ(၂) ဦးအကြား ကုန်သွယ်ရေးသဘောတူညီမှု ရရှိဖွယ်ရှိသည်ဟူသော သတင်းများထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းမှာ အနည်းငယ်မြင့်တက်ခဲ့မှု

အမေရိကန်-တရုတ်ကုန်သွယ်ရေးဆွေးနွေးမှုများမှ တိုးတက်မှုရလဒ်ကောင်းများရရှိလျက်ရှိခြင်းကြောင့် တရုတ်နိုင်ငံအပေါ် သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံမည့်အစီအစဉ်အား သမ္မတ ဒေါ်နယ်ထရန့်က နောက်ဆုတ်ရွှေ့ဆိုင်းခဲ့ပြီး အမေရိကန်နိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်တိုးမြှင့်ချမှတ်ထားမှုများအားပြန်လည်ရုတ်သိမ်းပေးရန် သမ္မတဒေါ်နယ်ထရန့်က တရုတ်အစိုးရထံတောင်းဆိုထားသည်ဟူသောသတင်းများထွက်ပေါ်နေခြင်းနှင့်အတူ အမေရိကန်နှင့်  တရုတ်သမ္မတတို့သည် ယခုနှစ်မတ်လကုန်ပိုင်းတွင် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ကာနှစ်နိုင်ငံ  ကုန်သွယ်ရေးဆိုင်ရာတရားဝင်သဘောတူညီမှုရယူနိုင်ဖွယ်ရှိသည်ဟု နယူးယောက်အခြေစိုက် Wall Street Journal ၏ထုတ်ပြန်ရေးသားမှုများကြောင့် ကမ္ဘာပေါ်တွင် စီးပွားရေးအင်အားကြီးနိုင်ငံ နှစ်နိုင်ငံတို့၏ ကုန်သွယ်ရေးပြေလည်မှုရရှိခြင်းဂယက်ကြောင့် ကမ္ဘာတစ်ဝန်းစီးပွားရေးတိုးတက်မှုများ ဖြစ်ပေါ်လာဖွယ်ရှိခြင်းနှင့်အတူ ကုန်ထုတ်လုပ်မှုကဏ္ဍအားကောင်းကာ ကမ္ဘာတစ်ဝန်း ရေနံဝယ်လိုအားပါမြင့်တက်လာဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထို့ပြင် လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်း အိုပက်အဖွဲ့၏ရေနံထုတ်လုပ်မှုပမာဏမှာ ၂၀၁၅ ခုနှစ်နောက်ပိုင်း အနည်းဆုံးပမာဏဖြစ်သည့် တစ်နေ့လျှင်စည်ပေါင်း(၃၀.၆၈) သန်းခန့်သို့ လျော့ကျ သွားခဲ့ခြင်းနှင့် လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း အမေရိကန်နိုင်ငံတစ်ဝန်း ရေနံတူးစင် အရေအတွက် မှာ တူးစင်(၁၀) စင်ပိတ်သိမ်းခဲ့ပြီး စုစုပေါင်းရေနံတူးစင်အရေအတွက် (၈၄၅) စင်သာကျန်ရှိတော့သည်ဟု Baker Hughes ကုမ္ပဏီက အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းတို့သည်လည်း ရေနံဈေးနှုန်းများကို မြင့်တက်စေသည့် အခြားသောအချက်များဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ(၅)ရက်(အင်္ဂါနေ့)နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ ဧပြီလ အတွက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၁.၄% မြင့်တက်ခဲ့ပြီးတစ်စည်လျှင် အမေရိကန် ဒေါ်လာ (၅၆.၅၉) ဒေါ်လာသို့လည်းကောင်း၊ လန်ဒန်​ဈေးကွက်၌ ဘရန့်ရေနံစိမ်းတစ်စည်၏ဈေးနှုန်းမှာ ၀.၉% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၅.၆၇) ဒေါ်လာသို့လည်းကောင်း အသီးသီး မြင့်တက်ခဲ့သည်ဟု www.reuters.com တွင် ဖော်ပြပါရှိပါသည်။