လွန်ခဲ့သည့်ဖေဖော်ဝါရီလအတွင်း အမေရိကန်ပြည်ထောင်စု၏ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတိုးတက်မှုနှုန်း မြင့်တက်ခဲ့သည်ဟူသောအစီရင်ခံစာထွက်ပေါ်ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ဆက်လက်အားကောင်းလာခဲ့မှု

အမေရိကန်ပြည်ထောင်စု၏ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ တိုးတက်မှုနှုန်းသည် လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်း၌ မြင့်တက်ခဲ့သည်ဟူသော အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ တမ်ပီမြို့အခြေစိုက် Institute of Supply Management (ISM) ဌာနကထုတ်ပြန်သည့် အစီရင်ခံစာ ထွက်ပေါ်ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ဆက်လက်အားကောင်းလာခဲ့သည်ဟု သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ (၅) ရက် (အင်္ဂါနေ့) တွင် နိုင်ငံတစ်ဝန်းစီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုဆိုင်ရာ စာရင်းအချက်အလက်များထုတ်ပြန်ပေးသော Institute of Supply Management (ISM) ဌာနက ထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝန်းရှိ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတိုးတက်မှုအခြေအနေမှာ ဇန်နဝါရီလတွင် ဖြစ်ပေါ်ခဲ့သည့်နှုန်းထက်ပိုမိုခဲ့ပြီး တိုးတက်မှုအညွှန်းကိန်းအမှတ် (၅၉.၇) မှတ်သို့ရောက်ရှိခဲ့သည်ဟု ဖော်ပြထားရာအမေရိကန်ပြည်ထောင်စု၏ စီးပွားရေးတိုးတက်မှုအခြေအနေအပေါ်အကောင်းမြင်ယုံကြည်မှု များနှင့်အတူ ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဒေါ်လာဝယ်ယူစုဆောင်းမှုများပိုမိုပြုလုပ်လာကြသောကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ဆက်လက်အားကောင်းလာခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၁၈ ခုနှစ်တွင် ၆.၆% ခန့် ရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင်မူ စီးပွားရေးတိုးတက်မှုနှုန်းမှာ အနည်းဆုံးအနေဖြင့် ၆%  ခန့်သာရှိနိုင်သည်ဟု ၂၀၁၉ ခုနှစ်၊ မတ်လ(၅) ရက်(အင်္ဂါနေ့) တွင် တရုတ်အစိုးရက အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းကြောင့် တရုတ်ယွမ်ငွေ တန်ဖိုးအားပျော့ခဲ့ခြင်းသည်လည်း အမေရိကန်ဒေါ်လာတန်ဖိုးကို မြင့်တက်စေသည့်အခြားသော အချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ(၆)ရက်(ဗုဒ္ဓဟူးနေ့)တွင် ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၀.၁၉% မြင့်တက်ခဲ့ပြီး ရက်သတ္တပတ် (၂) ပတ်အတွင်းအမြင့်ဆုံးသို့ရောက်ရှိခဲ့ကာ ဗြိတိန်စတာလင်တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ (၁.၃၁၇၀) ဒေါ်လာ လဲလှယ်မှုနှုန်းသို့လည်းကောင်း၊ တစ်ယူရိုလျှင် အမေရိကန်ဒေါ်လာ (၁.၁၃၀၂) ဒေါ်လာ လဲလှယ်မှုနှုန်းသို့လည်းကောင်း၊ အမေရိကန် တစ်ဒေါ်လာလျှင် ဂျပန်ယန်းငွေ (၁၁၁.၈၉) ယန်းနှင့် တရုတ်ယွမ်ငွေ (၆.၇၀၅၃) ယွမ် လဲလှယ်မှုနှုန်းသို့လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့သည်ဟုသိရှိရကြောင်းဖြင့် www.xinhuanet.com တွင်ဖော်ပြပါရှိပါသည်။