အိန္ဒိယပြည်တွင်းရှယ်ယာဈေးကွက်၌ ပြည်ပရင်းနှီးမြှုပ်နှံမှုများမြင့်တက်လာခဲ့ခြင်းနှင့်အတူ အိန္ဒိယ ရူပီးငွေတန်ဖိုးမှာ (၂)လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

အိန္ဒိယပြည်တွင်းရှယ်ယာဈေးကွက်အတွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခဲ့ခြင်းနှင့်အတူ အိန္ဒိယရူပီးငွေတန်ဖိုးသည်လည်း (၂)လတာကာလအတွင်း အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၇၀) ရူပီးအောက်သို့ ပထမဆုံးအကြိမ်အဖြစ်ရောက်ရှိခဲ့သည်ဟု သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားငွေလဲလှယ်ရေးနှင့် ငွေကြေးဆိုင်ရာစာချုပ်စာတမ်းများဘုတ်အဖွဲ့ (SEBI) က ၂၀၁၉ ခုနှစ်၊ မတ်လ (၆) ရက် (ဗုဒ္ဓဟူးနေ့) တွင် ထုတ်ပြန်သည့်အစီရင်ခံစာ၌ လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်း အိန္ဒိယရူပီးငွေကိုအခြေခံသော အိန္ဒိယပြည်တွင်းရှယ်ယာများအား ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ဝယ်ယူမှုပမာဏမှာတန်ဖိုးပမာဏအားဖြင့် အမေရိကန်ဒေါ်လာ(၂.၃၇) ဘီလီယံခန့်ရှိခဲ့ကြောင်း၊အဆိုပါပမာဏသည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်း (၁၅) လတာကာလအတွင်း အိန္ဒိယရှယ်ယာများအား ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ဝယ်ယူမှုအများဆုံးပင်ဖြစ်သည်ဟု ဖော်ပြထားခြင်းကို အကြောင်းပြု၍ အိန္ဒိယရူပီးငွေတန်ဖိုးမှာလည်း လိုက်ပါမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အိန္ဒိယ-ပါကစ္စတန်ပဋိပက္ခစတင်ဖြစ်ပေါ်ခဲ့ပြီးနောက် ရုတ်သိမ်းခဲ့သည့် အိန္ဒိယနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်အား အိန္ဒိယနိုင်ငံသို့ ပြန်လည်စေလွှတ်သွားရန် စီစဉ်လျက်ရှိသည်ဟု ၂၀၁၉ ခုနှစ်၊ မတ်လ (၆) ရက် (ဗုဒ္ဓဟူးနေ့) တွင် ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရှာမီမွတ်ကူရီရှီက ပြောကြားခဲ့ရာ အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံအကြားတင်းမာမှုများ ပြေလျော့သွားနိုင်မည့်အနေ အထားရှိခြင်းသည်လည်း အိန္ဒိယရူပီးငွေတန်ဖိုးကို မြင့်တက်စေသည့်အခြားသော အချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ(၇)ရက် (ကြာသပတေးနေ့)  နံနက်ပိုင်းတွင် အိန္ဒိယငွေကြေးဈေးကွက်၌ ရူပီးငွေတန်ဖိုးမှာ ၀.၄၇% မြင့်တက်ခဲ့ပြီး အမေရိကန်တစ်ဒေါ်လာ (၆၉.၉၅) ရူပီး လဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ အိန္ဒိယရူပီးငွေတန်ဖိုးသည် (၃) ရက်ဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လဲလှယ်မှုနှုန်းသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့နောက်ပိုင်း (၂) လတာကာလအတွင်း အိန္ဒိယရူပီးငွေတန်ဖိုးအမြင့်ဆုံးဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် အမေရိကန်တစ်ဒေါ်လာလျှင်(၇၀) ရူပီးအောက်သို့ ရောက်ရှိခဲ့ခြင်းပင်ဖြစ်သည်ဟု သိရှိရကြောင်း www.livemint.com တွင်ဖော်ပြပါရှိပါသည်။