ဖိလစ်ပိုင်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)မှ တရားဝင်နုတ်ထွက်ခဲ့ပြီး ယင်းသို့ နုတ်ထွက်ခဲ့ခြင်းသည် ICC မှ ဒုတိယမြောက်နုတ်ထွက်သည့်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့မှု

ဖိလစ်ပိုင်နိုင်ငံသည် နယ်သာလန်နိုင်ငံ၊ ဟိတ်ဂ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC) အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ၂၀၁၉ ခုနှစ်၊ မတ်လ(၁၇) ရက်(တနင်္ဂနွေနေ့) တွင် တရားဝင် နုတ်ထွက်ခဲ့ပြီး ထိုသို့နုတ်ထွက်ခဲ့ခြင်းဖြင့် ICC အဖွဲ့ဝင်နိုင်ငံမှ ဒုတိယမြောက်နှုတ်ထွက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်ဟု သိရှိရကြောင်း၊ ဖိလစ်ပိုင်အစိုးရသည် ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းကာလများအတွင်း၌ နိုင်ငံအတွင်း မူးယစ်ဆေးဝါးနှိမ်နှင်းမှုများနှင့်ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ ရာဇဝတ်မှုများ ချိုးဖောက်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ ICC မှ ကနဦးလေ့လာစုံစမ်းမှုများပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ICC အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နုတ်ထွက်ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး  လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းကပင် ကုလသမဂ္ဂမှတစ်ဆင့် ICC အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နုတ်ထွက်သွားမည်ဟု ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့ကပင် ICC ထူထောင်ရေးတွင် အခြေခံကျသော ဥပဒေတစ်ရပ်ဖြစ်သည့် ရောမသဘောတူညီမှုစာချုပ်မှ နုတ်ထွက် ကြောင်းစာတစ်စောင်အား တရားဝင်တင်သွင်းခဲ့ခြင်းဖြစ်သည်ဟုသိရှိရကြောင်း၊ ထို့ပြင် ၂၀၁၆ ခုနှစ် အတွင်း၌လည်း အာဖရိကနိုင်ငံများဖြစ်သည့် ဂမ်ဘီယာနိုင်ငံနှင့် တောင်အာဖရိကနိုင်ငံများသည် ICC မှနုတ်ထွက်ရန် ကြေညာခဲ့သော်လည်း ၎င်းတို့၏ဆုံးဖြတ်ချက်အားပြင်ဆင်ပြီး ICC နှင့်အတူ ပြန်လည်ပူးပေါင်းခဲ့ကြကာ ဘူရွန်ဒီနိုင်ငံသည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအတွင်း၌ ICC အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နှုတ်ထွက်ခဲ့ ပြီးနောက် ယခုဖိလစ်ပိုင်နိုင်ငံ၏နုတ်ထွက်မှုသည် ဒုတိယမြောက် နုတ်ထွက်သည့်နိုင်ငံတစ်ခုဖြစ်လာ ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်ဖိလစ်ပိုင်နိုင်ငံသည် ICC အဖွဲ့ဝင် နိုင်ငံအဖြစ်မှ တရားဝင်မှ နုတ်ထွက်ခဲ့သော်လည်း အိမ်နီးချင်း အာဆီယံနိုင်ငံဖြစ်သည့် မလေးရှား နိုင်ငံသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ICC ၏(၁၂၃)နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံတရားဝင် ဖြစ်လာစေရေးအတွက် လုပ်ဆောင်လျက် ရှိသည်ဟု သိရှိရပါသည်။

ဖိလစ်ပိုင်အစိုးရ၏ စာရင်းအချက်အလက်ထုတ်ပြန်ချက်အရ အစိုးရ၏ မူးယစ်ဆေးဝါး နှိမ်နှင်းမှုစစ်ဆင်ရေးအတွင်း သေဆုံးခဲ့သူဦးရေ(၅,၁၀၀)ကျော်ခန့်ရှိခဲ့သည်ဟု ဖော်ပြထားသော်လည်း လူ့အခွင့်အရေးအဖွဲ့များကမူ သေဆုံးသူဦးရေ(၂၀,၀၀၀)ကျော်ခန့်အထိရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့ကာ ဖိလစ်ပိုင်နိုင်ငံမှ ယခုကဲ့သို့ ICC မှနုတ်ထွက်ခဲ့သော်လည်း ICC အနေဖြင့် ၎င်းတို့၏လုပ်ငန်းစဉ်များ အတိုင်း ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်ထားသည်ဟုသိရှိရကြောင်းဖြင့် www.philstar.com တွင်ဖော်ပြပါရှိပါသည်။