ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်သည် ဘင်္ဂါလီပြဿနာနှင့်ပတ်သက်၍ ဥရောပနိုင်ငံများ၏ ထောက်ခံမှုကို ရရှိစေရန်အတွက် ဖင်လန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ကာဖင်လန်သမ္မတနှင့် တွေ့ဆုံ ဆွေးနွေးခဲ့မှု
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ဘင်္ဂါလီပြဿနာနှင့်ပတ်သက်၍ ဥရောပနိုင်ငံများ၏ ထောက်ခံမှုကိုရရှိစေရန်အတွက် ကြိုးပမ်းလျက်ရှိရာ ယခုအခါ ဖင်လန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေပြီး၂၀၁၉ ခုနှစ်၊ ဇွန်လ(၄)ရက်(အင်္ဂါနေ့)တွင် ဟယ်လ်ဆင်စကီးမြို့ရှိ သမ္မတအိမ်တော်၌ ဖင်လန်သမ္မတဆော်လီနီနစ္စတိုနှင့်တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံစဉ် ဖင်လန်သမ္မတက ရှိတ်ဟာဆီနာ လက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအခြေအနေအပေါ် ချီးကျူးပြောကြားခဲ့ပြီး ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာသည့်ဒဏ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကြုံတွေ့နေရသည့်အပေါ် စိုးရိမ်ပူပန်မိသည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ပြန်လည်ပြောကြားရာ၌ ပင်လယ်ရေမျက်နှာပြင်(၁)မီတာခန့် မြင့်တက်လာပါကဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြေဧရိယာသုံးပုံတစ်ပုံခန့်မှာရေလွှမ်းမိုးမှုများကိုကြုံတွေ့ရလိမ့်မည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရသည် သဘာဝဘေးအန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် ကိုယ်ပိုင်ငွေကြေးဖြင့် ရန်ပုံငွေတစ်ရပ်ထူထောင်ထားကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နှစ်စဉ် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်သည့်ပြဿနာ၊ ဒီရေမြင့်တက်မှုပြဿနာများအပါအဝင် သဘာဝဘေးအန္တရာယ်ဒဏ်မျိုးစုံကို ကြုံတွေ့နေရသည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြေဧရိယာနှင့်လူနေမှု အချိုးအစားကိုနှိုင်းယှဉ်ကြည့်ပါက လူနေမှုနှုန်းအလွန်သိပ်သည်းသောနိုင်ငံအဖြစ်သို့ ရောက်ရှိနေကြောင်း၊ အဆိုပါ အချိန်တွင် မြန်မာနိုင်ငံဘက်မှ ဝင်ရောက်လာသောဘင်္ဂါလီဒုက္ခသည်(၁)သန်းကျော်ခန့်ကိုပါ လက်ခံထားရသည့်အတွက် နိုင်ငံအတွင်း၌ နေထိုင်မှုဆိုင်ရာပြဿနာများနှင့် အခက်အခဲများကို ဆိုးရွားစွာ ရင်ဆိုင်နေရကြောင်း၊ မြန်မာအစိုးရသည် ဒုက္ခသည်များအားပြန်လည်ခေါ်ယူရန် ကတိပြုထားသော်လည်း အဆိုပါကတိကဝတ်အတိုင်းလိုက်နာဆောင်ရွက်ခြင်းမရှိဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
ဖင်လန်သမ္မတသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား လက်ရှိဆက်ဆံရေး အခြေအနေအပေါ် မေးမြန်းခဲ့ရာရှိတ်ဟာဆီနာက ပြန်လည်ဖြေကြားရာ၌ မြန်မာအာဏာပိုင်များကြောင့် ဒုက္ခသည်အများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်နေသည့်တိုင်အောင် ဘင်္ဂလားဒေ့ရှ် အစိုးရသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကိုပျက်စီးအောင် မလုပ်ဆောင်ခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒမှာနိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးရန်၊ မည်သည့်နိုင်ငံကိုမျှ အမုန်းတရား မထားရှိရန်၊ အိမ်နီးချင်းနိုင်ငံများနှင့် အလွန်ကောင်းမွန်သည့်ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရန်တို့ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း www.bdnews24.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

