Facebook ၏ ဒီဂျစ်တယ်ငွေကြေးစီမံကိန်းကိုအလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌက သတိပေးပြောကြားခဲ့ပြီးနောက်တွင် Bitcoin ဈေးနှုန်းမှာ ၁၂% ခန့်ကျဆင်းသွားခဲ့မှု

Bitcoin ဈေးနှုန်းသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ လဆန်းပိုင်းမှစတင်၍ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၁၃၀၀၀) ဈေးနှုန်းအထက်ဝန်းကျင်၌ အားကောင်းနေခဲ့သော်လည်း ဇူလိုင်လ (၁၁)ရက်နေ့၌ အမေရိကန်အောက်လွှတ်တော်တွင် ကျင်းပခဲ့သည့် ငွေကြေးမူဝါဒဆိုင်ရာကြားနာ စစ်ဆေးပွဲ အခမ်းအနား၌ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌဂျရွန်မီပေါင်ဝယ်လ်က Facebook ၏ ဒီဂျစ်တယ်ငွေကြေးစီမံကိန်းနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး နောက်တွင် အဆမတန်ကျဆင်းသွားခဲ့ကြောင်းသိရှိရပါသည်။

အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌကပြောကြားရာ၌ Libra ငေွကြေးကြောင့် ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ်မှု၊ စားသုံးသူကာကွယ်ပေးမှုနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးကိစ္စများတွင် စိုးရိမ်ပူပန်စရာ ကိစ္စများအများအပြားဖြစ်ပေါ်စေနိုင်ကြောင်း၊ Facebook အနေဖြင့် ယင်းကိစ္စများကို မဖြေရှင်းနိုင်ဘဲ ဒီဂျစ်တယ်ငွေကြေးထုတ်ဝေသည့် စီမံကိန်းကိုစတင်ရန်မဖြစ်နိုင်ကြောင်း၊  အမေရိကန် ဗဟိုဘဏ်သည် Libra ဒီဂျစ်တယ်ငေွကြေးနှင့်ပတ်သက်၍ ဆန်းစစ်မှုများပြုလုပ်နိုင်ရန်အတွက် လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းထားကြောင်း၊ အဆိုပါလုပ်ငန်းအဖွဲ့က စစ်ဆေးသုံးသပ်မှုများ ပြီးဆုံးသည့် အချိန်အထိ Facebook အနေဖြင့် Libra ငွေကြေးထုတ်ဝေမည့်ကိစ္စကို ဆိုင်းငံ့ပေးထားရမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌ၏ ပြောကြားချက်ထွက်ပေါ်ပြီးနောက်တွင် ဒီဂျစ်တယ်ငွေကြေးများ၏ ရှေ့အလားအလာအပေါ်ရင်းနှီးမြှုပ်နှံသူများကစိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာပြီးအပြိုင်အဆိုင်ရောင်းချမှု များပြားလာသောကြောင့် Bitcoin ဈေးနှုန်းမှာ ၁၂% အထိကျဆင်းသွားခဲ့ပြီး လက်ရှိအချိန်၌ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၁၁၄၅၀)ဝန်းကျင်၌ ဖြစ်ပေါ်လျက်ရှိကြောင်းကို www.cnbc.com အင်တာနက် website တွင်ဖော်ပြထားရှိပါသည်။