အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် Facebook ၏ Libra ဒီဂျစ်တယ်ငွေကြေးထုတ်ဝေမည့် အစီအစဉ်အပေါ် သတိပေးပြောကြားခဲ့မှု

Facebook သည်  Libra ဒီဂျစ်တယ်ငွေကြေးကို ၂၀၂၀ ခုနှစ်၌ စတင်ထုတ်ဝေရန် စီစဉ်လျက်ရှိရာ ယင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က သတိပေးခဲ့ပြီး Facebook အနေဖြင့် ငွေကြေးထုတ်ဝေလိုပါက ဘဏ်လုပ်ငန်း စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ဆောင်ရန် လိုအပ်သည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက် (ကြာသပတေးနေ့) တွင် ၎င်း၏ တွစ်တာစာမျက်နှာပေါ်မှတစ်ဆင့် အသိပေးကြေညာရာ၌ ၎င်းသည် ဒီဂျစ်တယ်ငွေကြေးများကို နှစ်သက်သူမဟုတ်ကြောင်း၊ ဒီဂျစ်တယ်ငွေကြေးများမှာ ငွေကြေးဟုသတ်မှတ်နိုင်သည့် အရာများ မဟုတ်ကြောင်း၊ ဒီဂျစ်တယ်ငေွကြေးများနှင့်ပတ်သက်သည့် သီးခြားဥပဒေစည်းမျဉ်းစည်းကမ်းများ မရှိသောကြောင့် ဒီဂျစ်တယ်ငွေကြေးများကို မူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့် အခြားသော ဥပဒေနှင့် မညီညွတ်သည့်လုပ်ငန်းများတွင် သုံးစွဲနေသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် Facebook သာမက ဒီဂျစ်တယ်ငွေကြေးကို ထုတ်ဝေလိုသောလုပ်ငန်းများအနေဖြင့် ဘဏ်လုပ်ငန်းနှင့်ပတ်သက်၍ ပြဌာန်းထားသောစည်းမျဉ်းစည်းကမ်းများကိုလိုက်နာရန်လိုအပ်ပြီး လိုအပ်ပါကဒီဂျစ်တယ်ငေွကြေး ကဏ္ဍနှင့်ပတ်သက်သည့် ဘဏ်လုပ်ငန်းဆိုင်ရာ ပဋိဉာဉ်တစ်ခုရေးဆွဲရန် မဖြစ်မနေကြိုးပမ်းရမည်ဟု ဖော်ပြထားကြောင်းသိရှိရပါသည်။

Facebook ၏ ဒီဂျစ်တယ်ငွေကြေးကိစ္စနှင့်ပတ်သက်၍ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးဘရူနိုလီမာ၊ အင်္ဂလန်ဗဟိုဘဏ်ဥက္ကဋ္ဌမာ့ခ်ကာနေးအပါအဝင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံ့ခေါင်းဆောင်များနှင့် ဗဟိုဘဏ် အကြီးအကဲများ၏ ဝေဖန်မှုများထွက်ပေါ်ပြီးနောက်တွင် ယခုအမေရိကန်သမ္မတ၏ ဝေဖန်မှု ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ သမ္မတဒေါ်နယ်ထရန့်သည် တွစ်တာစာမျက်နှာ၏ နောက်ဆုံး ရေးသားချက်၌ Facebook ၏ ဒီဂျစ်တယ်ငေွကြေးကိုသာမက အခြားသောဒီဂျစ်တယ်ငေွကြေးများမှာ တန်ဖိုးခိုင်မာမှုမရှိဘဲ စိတ်ကူးမှန်းဆချက်များဖြင့် ဈေးနှုန်းသတ်မှတ်နေကြခြင်းဖြစ်သောကြောင့် ငွေကြေးဟု မသတ်မှတ်နိုင်ကြောင်း အတိအလင်းရေးသားထားသကဲ့သို့ အ‌မေရိကန်ပြည်ထောင်စုတွင် ငွေကြေးတစ်မျိုးသာရှိပြီး အဆိုပါငွေကြေးမှာ တစ်ကမ္ဘာလုံးကလက်ခံထားသည့် အမေရိကန်ဒေါ်လာပင် ဖြစ်ကြောင်း၊  အမေရိကန်ဒေါ်လာသည် ဈေးကွက်အတွင်း၌ လွတ်လပ်မှုရှိသကဲ့သို့ လူအများလက်ခံ ယုံကြည်ထားသည့် ငွေကြေးဖြစ်ရာ အမေရိကန်ဒေါ်လာအား မည်သည့်ဒီဂျစ်တယ်ငွေကြေးကမျှ လွှမ်းမိုးနိုင်လိမ့်မည်မဟုတ်ကြောင်း www.cnbc.com အင်တာနက် website တွင်ဖော်ပြထား ရှိပါသည်။