မြန်မာနိုင်ငံ၏ ကမ္ဘာ့လှည့်ခရီးသွားကဏ္ဍတွင် တရုတ်ကမ္ဘာလှည့်ခရီးသွားများနှင့် စပ်ဆက်နေသော အကျိုးဖြစ်ထွန်းမှုနည်းပါးသည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း (Zero-Dollar Tourism) အများအပြားပေါ်ပေါက်လျက်ရှိ

၂၀၁၉ခုနှစ် ပထမ (၆) လတာကာလအတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်သည့်ဦးရေမှာ (၂.၁၄) သန်းခန့်ရှိသည့်အတွက် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၄% ခန့် မြင့်တက်လာခဲ့ကြောင်း၊ မြန်မာအစိုးရသည် ၂၀၁၉ခုနှစ် တစ်နှစ်တာကာလအတွင်း ကမ္ဘာလှည့်ခရီးသွား (၆) သန်းခန့်ဝင်ရောက်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။     

မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှိုင်ဦးကပြောကြားရာ၌  ရခိုင်ပြည်နယ်ပြဿနာကြောင့် ၂၀၁၈ခုနှစ်တွင် အနောက်နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုမှာ ၁၅% မှ ၂၀% အထိကျဆင်းသွားခဲ့ကြောင်း၊ ၂၀၁၉ နှစ်ဆန်းမှစတင်၍  အနောက်နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွားများဝင်ရောက်မှု ပြန်လည်မြင့်တက်လာသော်လည်း လက်ရှိအချိန်ထိ မြန်မာနိုင်ငံသို့ ဝင်ရောက်မှုအများဆုံးမှာ တရုတ်ကမ္ဘာလှည့်ခရီးသွားများဖြစ်ကြောင်း၊ အထူးသဖြင့် ၂၀၁၈ခုနှစ် စက်တင်ဘာလမှစ၍  ပြည်ဝင်ခွင့်ဗီဇာ စည်းမျဉ်းများဖြေလျော့ပေးခဲ့ခြင်းနှင့် တရုတ်-မြန်မာအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်အများအပြား ပေါ်ပေါက်လာခြင်းတို့ကြောင့် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဝင်ရောက်မှုမှာ (၂) ဆခန့်မြင့်တက်လာခဲ့ကြောင်း၊ မန္တလေးမြို့သည် တရုတ်ခရီးသွားများ အများဆုံးသွားရောက်လည်ပတ်သည့်မြို့ဖြစ်ပြီး ၂၀၁၉ခုနှစ် ပထမ (၆)လတာကာလအတွင်းမန္တလေးမြို့သို့ လာရောက်ခဲ့သည့် ကမ္ဘာလှည့်ခရီးသွား (၂၁၈,၉၀၁) ဦး ရှိသည့်အနက် (၉၀,၀၀၀) ဦးခန့်မှာတရုတ်ခရီးသွားများဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ပုံမှန်အားဖြင့် ကမ္ဘာလှည့်ခရီးသွားလာရောက်မှုနည်းပါးလေ့ရှိိသည့် မိုးတွင်းကာလများ၌ပင် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများလာရောက်မှုမှာ လျော့နည်းသွားခြင်းမရှိကြောင်း၊ သို့သော် တရုတ်ခရီးသွားများသည် တရုတ်နိုင်ငံအတွင်းရှိ စေျးနှုန်းချိုသာသော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများနှင့် ချိတ်ဆက်ကာလာရောက်ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းအမေရိကန်ဒေါ်လာကို လုံးဝသုံးစွဲမှုမရှိသည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများအသွင်ဖြင့်  ဝင်ရောက်ခြင်းဖြစ်သောကြောင့် ဒေသခံမြန်မာပြည်သူများအတွက် အကျိုးဖြစ်ထွန်းခြင်းမရှိကြောင်း၊ တရုတ်ခရီးသွားများအတွက် လေယာဉ်လက်မှတ်၊ ဟိုတယ်၊ မြန်မာပြည်တွင်း သယ်ယူပို့ဆောင်ရေး၊ စားသောက်ရေးနှင့် ဧည့်လမ်းညွှန်များကို တရုတ်ကုမ္ပဏီများက စီစဉ်ကြရုံသာမက ခရီးစဉ်အတွင်း ကျောက်မျက်ရတနာများနှင့် အမှတ်တရပစ္စည်းများကို ဝယ်ယူလိုပါကလည်း တရုတ်ကုမ္ပဏီများနှင့်ချိတ်ဆက်ထားသည့်ဆိုင်များတွင်သာ စေျးနှုန်းအမြင့်ပေး၍‌ ဝယ်ယူရကြောင်း၊ ထို့သို့ဝယ်ယူသည့်အခါ ငွေပေးချေရာ၌လည်း မြန်မာကျပ်ငွေအစားတရုတ်ယွမ်ငွေနှင့် WeChat Pay ကဲ့သို့သော online ငွေပေးချေမှုများကိုသာ အသုံးပြုရကြောင်း၊ တရုတ်ကုမ္ပဏီများသည် ဧည့်လမ်းညွှန်အသုံးပြုရာ၌ မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ အသိအမှတ်ပြုလက်မှတ်များထုတ်ပေးထားသည့်  ပြည်တွင်းဧည့်လမ်းညွှန်များကို ငှားရမ်းအသုံးပြုခြင်းမရှိဘဲ မြန်မာစကားအနည်းငယ်ပြောတတ်ပြီး မြန်မာ့သမိုင်းကြောင်းနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအကြောင်းတို့ကို အနည်းငယ်မျှသာသိသော တရုတ်နိုင်ငံသားဧည့်လမ်းညွှန်များကိုသာ အသုံးပြုကြကြောင်း၊ ထို့ကြောင့် တရုတ်ခရီးသွားများနှင့်စပ်ဆက်နေသော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအများစုသည် မြန်မာနိုင်ငံအတွက် ရသင့်ရထိုက်သောငွေကြေးများကို ဆုံးရှုံးစေလျက်ရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံဟိုတယ်နှင့် ကမာ္ဘလှည့်ခရီးသွားလာရေးဝန်ကြီးဌာန၏ အဆင့်မြင့်အရာရှိကြီးတစ်ဦးကပြောကြားရာ၌ Zero-Dollar Tourism သည် ကိုင်တွယ်ဖြေရှင်းရန် မလွယ်သည့် ပြဿနာတစ်ရပ်တစ်ခု ဖြစ်နေကြောင်း၊ ဒေသခံများက ယင်းကိစ္စကိုနှိမ်နှင်းရန် တောင်းဆိုနေသော်လည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူများက မူမွတ်စလင်ပြဿနာကြောင့် အနောက်နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွားများဝင်ရောက်မှု နည်းပါးနေချိန်တွင်  Zero – Dollar Tourism ကိစ္စကို အရေးယူဆောင်ရွက်လိုက်မည်ဆိုပါက တရုတ်ခရီးသွားဝင်ရောက်မှုပါ ကျဆင်းသွားမည့်အရေးကို စိုးရိမ်ပူပန်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများ၌လည်း အလားတူပြဿနာမျိုးများ ရင်ဆိုင်ကြုံတွေခဲ့ရပြီးဖြစ်သည်ကိုလည်း သိရှိထားပါကြောင်း၊ ကမ္ဘာလှည့်ခရီးသွားကဏ္ဍစဉ်ဆက်မပြတ် တိုးတက်ရန်အတွက် Zero-Dollar Tourism ကဲ့သို့သော ခရီးသွားလုပ်ငန်းများကို သင့်တင့်လျောက်ပတ်သည့် စည်းမျဉ်းဥပဒေများဖြင့် မဖြစ်မနေထိန်းချုပ်ကိုင်တွယ်ရမည်ကို နားလည်ပါကြောင်း၊ သို့သော် လက်ရှိအနေအထားအရ ထိရောက်သောအရေးယူမှုများ ပြုလုပ်နိုင်ခြင်းမရှိသေးဟု ပြောကြားခဲ့ကြောင်း www.aa.com. အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။