ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်ပူပန်နေမှုများနှင့်အီရန်-ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား တွေ့ဆုံဆွေးနွေးနေမှုများ၏ ဂယက်ကြောင့် ကမ္ဘာ့ရေနံစေျးနှုန်းများကျဆင်းခဲ့

ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်ပူပန်နေမှုနှင့်အီရန်-ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား တွေ့ဆုံ ဆွေးနွေးနေမှုများ၏ဂယက်ကြောင့် ကမ္ဘာ့ရေနံစေျးနှုန်းများကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

အမေရိကန်ပြည်ထောင်စု၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်(သောကြာနေ့)တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲ၏ ဂယက်ကြောင့်အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးတိုးတက်မှု နှုန်းသည် ၂၀၁၉ခုနှစ်၊ ပထမ(၃)လတာကာလအတွင်း၌ ၃.၁% ရှိခဲ့သော်လည်းဒုတိယ(၃)လပတ် ကာလအတွင်း၌မူ ၂.၁% သာရှိခဲ့သည်ဟုဖော်ပြထားကြောင်း၊ အဆိုပါအနေအထားသည် အမေရိကန်အစိုးရက မျှော်မှန်းထားသည့် ပမာဏလောက်ဆိုးရွားခြင်း မရှိသော်လည်း အမေရိကန်ပြည်ထောင်စုအနေဖြင့် စီးပွားရေးနှေးကွေးမှုကိုကြုံတွေ့နေရပြီဖြစ်သည့်အတွက် အမေရိကန်ပြည်ထောင်စု၏ ရေနံဝယ်လိုအားမှာလည်း ကျဆင်းဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များ ထွက်ပေါ်နေသောကြောင့် ကမ္ဘာ့စေျးကွက်အတွင်း ရေနံစေျးနှုန်းများ ကျဆင်း သွားခဲ့ကြောင်းသိရှိရပါသည်။

ထို့ပြင် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သောဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ တရုတ်နှင့် ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်များအကြား ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်ခဲ့ခြင်းသည်လည်း ရေနံစေျးနှုန်းများကိုကျဆင်းစေသည့် အခြားအချက် တစ်ခုဖြစ်ကြောင်း၊ အဆိုပါဆွေးနွေးပွဲတွင် အီရန်နိုင်ငံ၏ နျူကလီယားအစီအစဉ်နှင့်ပတ်သက်၍ အီရန်နှင့် အင်အားကြီးနိုင်ငံများအကြား ၂၀၁၅ ခုနှစ်ကရယူထားသော သဘောတူညီမှုများကို ဆက်လက်ထိန်းသိမ်းထားရန် ဆွေးနွေးခဲ့ကြောင်း၊ အင်အားကြီးနိုင်ငံတစ်ခုဖြစ်သော အမေရိကန်ပြည်ထောင်စုမှာ ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမရှိခဲ့သော်လည်း ဆွေးနွေးပွဲ၏ ကနဦးအဆင့်၌ အခြေအနေကောင်းများ ဖြစ်ပေါ်နေခြင်းကိုအကြောင်းပြု၍ အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေအပေါ် စိုးရိမ်ပူပန်မှုများ လျော့နည်းသွားသည့် အတွက် ရေနံစေျးနှုန်းများကျဆင်းသွားခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်(တနင်္လာနေ့)နံနက်ပိုင်းတွင် နယူးယောက်စေျးကွက်၌ WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုစေျးနှုန်းမှာ ၀.၂%ကျဆင်းပြီး တစ်စည်လျှင် အမေရိကန် ဒေါ်လာ(၅၆.၁၁) သို့လည်းကောင်း၊ လန်ဒန်စေျးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှု စေျးနှုန်းမှာ  ၀.၄% ကျဆင်းပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၆၃.၂၃)သို့လည်းကောင်း အသီးသီး ရောက်ရှိခဲ့ကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိ ပါသည်။