အမေရိကန် – တရုတ် ကုန်သွယ်ရေးစစ်ပွဲပြန်လည်ဖြစ်ပွားသည့် ဂယက်ကြောင့် ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာများ တန်ဖိုးကျဆင်းပြီး ကမ္ဘာ့ရွှေစေျးနှုန်းမှာ အဆမတန်မြင့်တက်သွားခဲ့

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန်ဒေါ်လာ (၃၀၀) ဘီလီယံခန့် တန်ဖိုးရှိတရုတ်သွင်းကုန်များအပေါ်၌ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှစတင်၍ အခွန် ၁၀% ကောက်ခံသွားမည်ဟု ဩဂုတ်လ (၁) ရက် (ကြာသပတေးနေ့) တွင် ထုတ်ပြန်ကြေညာခဲ့ရာသွင်းကုန်ခွန်အသစ်ကောက်ခံမည့် တရုတ်ကုန်စည်များတွင် လက်ကိုင်ဖုန်းမှစ၍ အဝတ်အထည်များ၊ ဖိနပ်များအထိ ပါဝင်ကြောင်း၊ အမေရိကန်ပြည်ထောင်စု၏ သွင်းကုန်ခွန်ကောက်ခံမှု အပေါ် တရုတ်နိုင်ငံကလည်း ပြန်လည်လက်တုန့်ပြန်သွားမည်ဟု ဩဂုတ်လ (၂) ရက် (သောကြာနေ့) တွင် ကြေညာခဲ့သည့်အတွက် အမေရိကန်နှင့်တရုတ်တို့အကြား ကုန်သွယ်ရေးစစ်ပွဲ ပိုမိုပြင်းထန်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာစေျးနှုန်းများ ဆက်တိုက်ကျဆင်းခဲ့ပြီး ကမ္ဘာ့ရွှေစေျးနှုန်းမှာမူ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၄၄၀) အထက်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

            အမေရိကန်သမ္မတ၏ ကြေညာချက်ထွက်ပေါ်ခဲ့သည့် ဩဂုတ်လ (၁) ရက် (ကြာသပတေးနေ့) ညနေပိုင်းမှစ၍ လက်ရှိအချိန်ထိကာလအတွင်း အမေရိကန်စတော့ရှယ်ယာများ၏တန်ဖိုးမှာ ၀.၃% မှ ၀.၉၀% အထိလည်းကောင်း၊ ဥရောပစတော့ရှယ်ယာများ၏ တန်ဖိုးမှာ ၂% အထိလည်းကောင်း၊ ဂျပန်စတော့ရှယ်ယာများ၏ တန်ဖိုးမှာ၂.၁% အထိလည်းကောင်း၊ တရုတ် (ရှန်ဟိုင်း) စတော့ရှယ်ယာများ၏ တန်ဖိုးမှာ ၁.၅% အထိလည်းကောင်း၊ ဟောင်ကောင်စတော့ရှယ်ယာများတန်ဖိုးမှာ ၂.၅% အထိလည်းကောင်းအသီးသီးကျဆင်းခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာစေျးကွက်များတွင် စေျးနှုန်းအဆမတန်ကျဆင်းမှုများ ဖြစ်ပေါ်နေသောကြောင့် ရင်းနှီးမြှပ်နှံသူများအနေဖြင့် စတော့ရှယ်ယာအစား ရွှေစေျးကွက်အတွင်းသို့ ရင်းနှီးမြှပ်နှံမှုများ ပြောင်းလဲပြုလုပ်လာသည့်အတွက် ကမ္ဘာ့ရွှေစေျးနှုန်းမှာ ၂.၄% မြင့်တက်လာခဲ့ပြီး၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၃) ရက်(စနေနေ့) နံနက်ပိုင်းတွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၄၂.၉ သို့ရောက်ရှိခဲ့ကြောင်း www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။