အမေရိကန်ဒေါ်လာ (၃၀၀) ဘီလီယံခန့်တန်ဖိုးရှိ တရုတ်ကုန်စည်များအပေါ်၌ စက်တင်ဘာလ (၁) ရက်နေ့မှစတင်၍ ထပ်ဆောင်းအခွန် ၁၀% ကောက်ခံမည်ဟု အမေရိကန်သမ္မတက ရုတ်တရက်ကြေညာခဲ့သည့် အတွက်  ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၇% ကျဆင်းခဲ့

        တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ယခုရက်ပိုင်းအတွင်းကျင်းပခဲ့သည့် အမေရိကန် – တရုတ်ကုန်သွယ်ရေးဆွေးနွေးပွဲတွင် သဘောတူညီမှု တစ်စုံတစ်ရာ မရရှိခဲ့သည့်အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ကုန်သွယ်ရေးစစ်ပွဲအား အရှိန်မြှင့်တင်သည့်အနေဖြင့် အမေရိကန်ဒေါ်လာ (၃၀၀) ဘီလီယံတန်ဖိုးရှိ တရုတ်သွင်းကုန်များအပေါ်၌ ထပ်တိုးခွန် ၁၀% အား ၂၀၁၉ ခုနှစ်၊စက်တင်ဘာလ (၁) ရက်နေ့မှစတင်၍ ကောက်ခံသွားမည်ဟု ကြေညာခဲ့ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁) ရက် (ကြာသပတေးနေ့) တွင် အမေရိကန်သမ္မတက ထုတ်ပြန်သည့် ကြေညာချက်၌ ယခုရက်သတ္တပတ်အတွင်းပြုလုပ်ခဲ့သည့် ကုန်သွယ်ရေးဆွေးနွေးပွဲတွင် တရုတ်နိုင်ငံသည် အမေရိကန်စိုက်ပျိုးရေး ထုတ်ကုန်များအား ပိုမိုဝယ်ယူရန် ကတိကဝတ်ပြုခဲ့ခြင်းမရှိခဲ့သည့်အတွက် ယခုကဲ့သို့ အခွန်သစ်ချမှတ်ခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ ယခုကောက်ခံမည့်အခွန်သည် တရုတ်နိုင်ငံမှ ထုတ်လုပ်သော လက်ကိုင်ဖုန်းမှစ၍ အဝတ်အစားများအထိ ကုန်စည်မျိုးစုံအပေါ်၌ အကျုံးဝင်ကြောင်း၊ အမေရိကန်သမ္မတ၏ ကြေညာချက်ထွက်ပေါ်ပြီးနောက်တွင် ကုန်သွယ်ရေးစစ်ပွဲကြောင့် ရေနံဝယ်လိုအား ကျဆင်းမည့်အပေါ် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာသည့်အတွက် ရေနံဈေးနှုန်းများ အဆမတန်ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂) ရက် (သောကြာနေ့) နံနက်ပိုင်းဈေးကွက်ဖွင့်ချိန်တွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းမှာ ၇.၉% ကျဆင်းခဲ့ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၃.၉၅) သို့ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းမှာလည်း ၆.၉၉% ကျဆင်းခဲ့ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၀.၅၀) သို့ရောက်ရှိခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းများသည် ရက်သတ္တပတ် (၇) ပတ်အတွင်း အနိမ့်ဆုံးဈေးနှုန်းများဖြစ်ကြောင်းwww.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။