အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှုများကို ကြုံတွေ့နေရသော်လည်း Huawei သည် ကမ္ဘာပေါ်၌ စမတ်ဖုန်းရောင်းချရမှု ဒုတိယအများဆုံးကုမ္ပဏီအဖြစ် ဆက်လက်ရပ်တည်နေ

          အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှုများကို ကြုံတွေ့နေရသော်လည်း Huawei သည် ကမ္ဘာပေါ်၌ စမတ်ဖုန်းရောင်းချရမှု ဒုတိယအများဆုံးကုမ္ပဏီအဖြစ် ဆက်လက်ရပ်တည်နေကြောင်းသိရှိရပါသည်။

          ကမ္ဘာတစ်ဝန်းရှိ စမတ်ဖုန်းစေျးကွက်များအတွင်း စစ်တမ်းကောက်ယူမှုများအရ ၂၀၁၉ ခုနှစ်၊ ဧပြီလမှ ဇွန်လကုန်အထိ ဒုတိယ (၃) လပတ်ကာလအတွင်း ကမ္ဘာ့စမတ်ဖုန်းစေျးကွက်တွင် Samsung သည် စေျးကွက်ဝေစု၏ ၂၂% ၊ Huawei သည် စေျးကွက်ဝေစု ၏ ၁၇ % ၊ Apple သည် စေျးကွက်ဝေစု၏ ၁၁% ကိုအသီးသီးရယူထားပြီး စမတ်ဖုန်းစေျးကွက်တွင် ထိပ်ဆုံးနေရာများမှ ဦးဆောင်လျက်ရှိကြောင်း၊ Huawei အပေါ် အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများကြောင့်  မြောက်အမေရိကနှင့် အနောက်ဥရောပတို့က Huawei စမတ်ဖုန်းများဝယ်ယူသုံးစွဲမှုအား လျှော့ချသွားမည့်အခြေအနေကို ကာကွယ်နိုင်ရန်အတွက် တရုတ်ပြည်တွင်း၌ တိုးမြှင့်ရောင်းချနိုင်ရန် လုပ်ဆောင်ခဲ့ခြင်းနှင့်အတူ ၂၀၁၉ခုနှစ်၊ ဒုတိယ (၃) လပတ်ကာလအတွင်းတရုတ်ပြည်တွင်း၌ Huawei စမတ်ဖုန်းရောင်းချရမှုမှာ သိသိသာသာမြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာပေါ်၌ အလယ်လတ်တန်းစားအဆင့်ရှိသော Huawei စမတ်ဖုန်းများ တရုတ်ပြည်တွင်း၌ ရောင်းအားမြင့်တက်လာရခြင်းမှာ စမတ်ဖုန်းများ၏ ဒီဇိုင်းနှင့်သွင်ပြင်လက္ခဏာများ၏ အရည်အသွေးကို အကောင်းဆုံးတိုးမြှင့်ခဲ့ခြင်းနှင့် ဈေးနှုန်းလျှော့ချမှုများ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် Huawei သည် ကမ္ဘာပေါ်၌ စမတ်ဖုန်းရောင်းချရမှု ဒုတိယအများဆုံးကုမ္ပဏီအဖြစ် ရပ်တည်နေခြင်းဖြစ်သည်ဟုသိရှိရကြောင်း၊ ကမ္ဘာ့စမတ်ဖုန်းစေျးကွက်အတွင်း Samsung စမတ်ဖုန်းများ၏ ဈေးကွက်ဝေစု ပိုင်ဆိုင်ထားမှုပမာဏမှာ ပထမ (၃) လပတ်ကာလနှင့် နှိုင်းယှဉ်ပါက ၇% ပိုမိုရရှိလာပြီး Apple ၏ Iphoneရောင်းချမှုမှာမူယခုဒုတိယ (၃) လပတ်ကာလအတွင်း၌ ၈% ခန့် ကျဆင်းသွားခဲ့ကြောင်း၊ Apple ၏ Iphone သည် တရုတ်နိုင်ငံတွင် ပုံမှန်ရောင်းအားရှိနေသော်လည်းအိန္ဒိယနိုင်ငံနှင့် ဥရောပတိုက်အပါအဝင် အချို့သောစေျးကွက်များသည် စေျးနှုန်းကြီးမားသည့် Iphoneကို ဝယ်ယူမှုနည်းပါးလာသည်ဟု သိရှိရပါသည်။

          စမတ်ဖုန်းစေျးကွက်အတွင်း စစ်တမ်းကောက်ယူမှုများအရ တရုတ်ကုမ္ပဏီနှစ်ခုဖြစ်သော Xiaomi နှင့် Oppo တို့သည် ကမ္ဘာ့စမတ်ဖုန်းစေျးကွက်တွင် ထိပ်တန်းနံပါတ် (၄) နေရာနှင့် (၅) နေရာတို့သည့် အသီးသီးရပ်တည်လျက်ရှိပြီး ၎င်းတို့၏ရောင်းအားမှာ တရုတ်နိုင်ငံပြည်တွင်းစေျးကွက်ကို အဓိကအခြေပြုထားကြောင်း၊ ကမ္ဘာ့စမတ်ဖုန်းစေျးကွက်တွင် ထိပ်တန်းကုမ္ပဏီကြီး(၅) ခုရှိပြီး ၎င်းတို့မှာSansung ၊ Huawei ၊ Apple၊ Xiaomiနှင့် Oppo တို့ဖြစ်ရာထိပ်တန်းကုမ္ပဏီ (၅) ခုတွင် တရုတ်ကုမ္ပဏီ (၃) ခုပါဝင်နေကြောင်း၊ ထို့ပြင် ကမ္ဘာ့စမတ်ဖုန်းစေျးကွက် စုစုပေါင်းပမာဏ၏ ၄၂% ကိုပိုင်ဆိုင်ထားသည်မှာ တရုတ်ကုမ္ပဏီများဖြစ်သော Huawei ၊ Oppo ၊ Vivo ၊ Xiaomiနှင့် Realme အမည်ရှိတရုတ်ကုမ္ပဏီများဖြစ်ရာ ကမ္ဘာ့စမတ်ဖုန်းစေျးကွက်အား တရုတ်နည်းပညာကုမ္ပဏီများက လွှမ်းမိုးထားခြင်းဖြစ်ကြောင်း www.channelnewsasia.com.အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။