ကမ္ဘာတစ်ဝန်း ရွှေဝယ်လိုအားမှာ ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်တာ ကာလအတွင်း ၈% ခန့် မြင့်တက်လာခဲ့

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လကုန်အထိပထမ (၆) လတာကာလအတွင်း ကမ္ဘာတစ်ဝန်း ရွှေဝယ်လိုအားမှာ တန်ချိန် (၂၁၈၁.၇) တန်ခန့်ရှိသောကြောင့် ယမန်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၈% မြင့်တက်လာခဲ့ပြီး (၃) နှစ်တာကာလအတွင်း အကောင်းဆုံးအနေအထားဖြစ်သည်ဟု လန်ဒန်အခြေစိုက် ကမ္ဘာ့ရွှေကောင်စီ (WGC) က ယခုရက်ပိုင်းအတွင်း ကြေညာခဲ့ကြောင်း သိရှိရပါသည်။

WGC အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်တာကာလအတွင်း ကမ္ဘာတစ်ဝန်း ရွှေဝယ်လိုအားမြင့်တက်လာရသည့် အဓိကအကြောင်းရင်းများမှာ ဗဟိုဘဏ်များ၏ ရွှေဝယ်ယူမှုများပြားလာခြင်း၊ ရွှေရောင်းဝယ်ရေးကုမ္ပဏီများ၏ အရန်သိုလှောင်မှု များပြားလာခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘာတစ်ဝန်းနိုင်ငံရေးမငြိမ်သက်မှုများ၊ နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များကဘဏ်တိုးနှုန်းကို လျှော့ချ၍ ငွေကြေးတန်ဖိုးများကို ကျဆင်းအောင် လုပ်ဆောင်နေမှုများကြောင့် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံတကာငွေကြေးဈေးကွက်အစား ရွှေဈေးကွက်အတွင်းသို့ ပြောင်းလဲ၍ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာသည့်အတွက် ရွှေဈေးနှုန်းအဆမတန်မြင့်တက်လာခြင်းနှင့်အတူ ဝယ်လိုအားလည်း လိုက်ပါမြင့်တက်လာခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်းသိရှိရပါသည်။

WGC အစီရင်ခံစာ၌ ဗဟိုဘဏ်များ၏ ရွှေဝယ်ယူမှုစုဆောင်းမှုသည် ပထမ (၆) လတာကာလအတွင်း၌ တန်ချိန် (၃၇၄) တန်ခန့်ရှိသည့်အတွက် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက တန်ချိန် (၁၃၀) ကျော် ပိုမိုလာခဲ့ကြောင်း‌၊ အလားတူ ရွှေရောင်းဝယ်ရေးကုမ္ပဏီများ၏ ၂၀၁၉ ခုနှစ်၊ ပထမ (၆) လတာကာလအတွင်း ရွှေဝယ်ယူမှုမှာ တန်ချိန် (၁၀၇.၅) တန်ခန့် ရှိခဲ့သောကြောင့် ဝယ်လိုအားအကောင်းဆုံး (၆) လပတ်အဖြစ် ရပ်တည်ခဲ့ကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။