ကက်ရှ်မီးယား ပြဿနာကြောင့် အိန္ဒိယရူပီးငွေတန်ဖိုးမှာ (၆) နှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ကျဆင်းသွားခဲ့

ကက်ရှ်မီးယား ပြဿနာကြောင့် အိန္ဒိယရူပီးငွေတန်ဖိုးမှာ (၆) နှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ကျဆင်းသွားခဲ့

          အိန္ဒိယအစိုးရသည် ပါကစ္စတန်နှင့်ဆက်စပ်နေသော အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသအား အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးသည့် အချိန်မှစ၍ နှစ်ပေါင်း (၇၀) ခန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရပ်တည်ခွင့်ပေးထားခြင်းကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၅) ရက် (တနင်္လာနေ့) တွင် ရုတ်သိမ်းကြောင်း ကြေညာခဲ့ပြီး နယူးဒေလီမြို့ကဲ့သို့ပင် ဗဟိုအစိုးရ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်ရှိ ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ပြီး ဗဟိုအစိုးရ၏  ညွှန်ကြားမှုအတိုင်းလိုက်နာဆောင်ရွက်ရမည်ဟု ကြေညာခဲ့ကြောင်း၊ ကက်ရှ်မီးယားဒေသသည်  စစ်ရေးအရထိပ်တိုက်ရင်ဆိုင်မှု မကြာခဏဖြစ်ပေါ်နေသော အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့အကြားတွင် တည်ရှိနေပြီး ဗြိတိသျှကိုလိုနီလက်အောက်မှ အိန္ဒိယနှင့် ပါကစ္စတန်တို့အား လွတ်လပ်ရေးပေးခဲ့သည့်အချိန်ကပင် ပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်သောကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရပ်တည်ခွင့်ပေးရန် ဗြိတိသျှအစိုးရက စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် အိန္ဒိယအစိုးရသည် ကက်ရှ်မီးယားပြည်နယ်နှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပြဌာန်းထားခြင်းကို ယခုရက်ပိုင်းအတွင်း ပယ်ဖျက်ခဲ့ပြီး ထိုသို့ပယ်ဖျက်ခြင်းကို ကက်ရှ်မီးယားဒေသခံများက ကျေနပ်မှုမရှိပါက တားဆီးအရေးယူနိုင်ရန်အတွက် အိန္ဒိယတပ်ဖွဲ့ဝင် (၁၀၀၀၀) ခန့်အား ကက်ရှ်မီးယားသို့ ထပ်မံစေလွှတ်ခဲ့ကြောင်း၊ ကက်ရှ်မီးယားဒေသသည် မွတ်စလင်အများစု နေထိုင်ရာဒေသဖြစ်ပြီး ဒေသခံမွတ်စလင်များက အိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ကျေနပ်မှုမရှိဘဲ ဆူပူမှုများ ပြုလုပ်မည့် အနေအထားရှိကြောင်း၊ထို့ပြင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက်ကိုပြင်းထန်စွာ ပြစ်တင်ဝေဖန်ခဲ့ပြီး နိုင်ငံတကာမှ လက်ခံအသိအမှတ်ပြုထားသော ပိုင်နက်နယ်နိမိတ်တစ်ခုကို အနှောင့်အယှက်ပေးခြင်းဖြစ်သည်ဟု စွပ်စွဲပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ကက်ရှ်မီးယားပြဿနာကို အကြောင်းပြု၍ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံအကြားစစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း အိန္ဒိယစတော့ရှယ်ယာများနှင့် အိန္ဒိယရူပီးငွေတန်ဖိုးများမှာ အဆမတန်ကျဆင်းသွားခဲ့ကြောင်း၊ ကက်ရှ်မီးယားဒေသနှင့်ပတ်သက်၍ အိန္ဒိယအစိုးရ၏ ကြေညာချက်ထွက်ပေါ်ပြီးနောက် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၅) ရက် (တနင်္လာနေ့) မှစ၍ လက်ရှိအချိန်အထိကာလအတွင်း အိန္ဒိယစတော့ရှယ်ယာများတန်ဖိုးမှာ ၁.၁၃% ကျဆင်းခဲ့ကြောင်း၊ အလားတူ အိန္ဒိယရူပီးငွေတန်ဖိုးမှာလည်း ၁.၅၈% အထိကျဆင်းသွားပြီး လက်ရှိအချိန်၌ အမေရိကန်တစ်ဒေါ်လာလျှင် ရူပီးငွေ (၇၀.၈၀၄) ရူပီးလဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ရာ (၆) နှစ်တာကာလအတွင်း အဆိုးရွားဆုံးကျဆင်းမှုဖြစ်ကြောင်း၊ အိန္ဒိယရူပီးငွေတန်ဖိုးသည် အမေရိကန်တစ်ဒေါ်လာလျှင် ရူပီးငွေ (၇၁.၅၀) ရူပီးအထိ ကျဆင်းနိုင်သည်ဟုငွေကြေးဈေးကွက်လေ့လာသူများက ခန့်မှန်းထားကြကြောင်း www.gulfnews.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများအကြား ကုန်သွယ်ရေးစစ်ပွဲမှ ငွေကြေးစစ်ပွဲအသွင်သို့ ပြောင်းလဲဖြစ်ပွားမည့်အနေအထားရှိသောကြောင့် Bitcoin ဈေးနှုန်းမှာတစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၁၁,၀၀၀) အထက်သို့ ပြန်လည်ရောက်ရှိလာခဲ့

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများအကြား ကုန်သွယ်ရေးစစ်ပွဲမှ ငွေကြေးစစ်ပွဲအသွင်သို့ ပြောင်းလဲဖြစ်ပွားမည့် အနေအထားရှိသောကြောင့် Bitcoin ဈေးနှုန်းမှာ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၁၁,၀၀၀) အထက်သို့ ပြန်လည်ရောက်ရှိလာခဲ့

          အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲ၏ဂယက်ကြောင့် စတော့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများသည် ဈေးနှုန်းဆက်တိုက်ကျဆင်းနေသော စတော့ရှယ်ယာဈေးကွက်အစား Bitcoin အပါအဝင် ဒီဂျစ်တယ်ငေွကြေးဈေးကွက်အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ပြောင်းလဲပြုလုပ်လျက်ရှိကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံသည် ကုန်သွယ်ရေးစစ်ပွဲ၌ အသာစီးရရှိစေရန်အတွက် ယွမ်ငွေကြေးတန်ဖိုးကို (၁၁) နှစ်တာကာလအတွင်း အနိမ့်ဆုံးဖြစ်သည့် အမေရိကန်တစ်ဒေါ်လာလျှင် (၇) ယွမ်အထက်လဲလှယ်မှုနှုန်း၌ ထားရှိရန်စီစဉ်နေသောကြောင့် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများအကြား၌ ကုန်သွယ်ရေးစစ်ပွဲမှ ငွေကြေးစစ်ပွဲသို့ အသွင်ပြောင်းလာမည်ကို ငွေကြေးဈေးကွက်အတွင်းရှိရင်းနှီးမြှုပ်နှံသူများကလည်း စိုးရိမ်ပူပန်လျက်ရှိပြီး ငွေကြေးဈေးကွက်အစား Bitcoin အပါအဝင် ဒီဂျစ်တယ် ငွေကြေးဈေးကွက်အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ရွှေ့ပြောင်းလာကြကြောင်း သိရှိရပါသည်။

          ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာဈေးနှုန်းများ ၁.၆% မှ ၂.၅% အထိကျဆင်းခဲ့ပြီးတရုတ်ယွမ်ငွေတန်ဖိုး (၁၁) နှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိသွားခဲ့သော ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၅) ရက် (တနင်္လာနေ့) မှစ၍ Bitcoin ဈေးနှုန်းမှာ ၉% မြင့်တက်သွားခဲ့ပြီး လက်ရှိအချိန်၌ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၁၁၈၆၀) လဲလှယ်မှုနှုန်း၌ ဖြစ်ပေါ်လျက်ရှိရာရက်သတ္တပတ် (၃) ပတ်အတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း သိရှိရပါသည်။

          Bitcoinဈေးနှုန်းသည် ၂၀၁၈ခုနှစ်အတွင်း၌ အလွန်အမင်း တန်ဖိုးကျဆင်းခဲ့သော်လည်း၂၀၁၉ ခုနှစ်အတွင်း၌မူ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲပြဿနာနှင့် Facebook မှ ထုတ်ဝေမည့် Libra ဒီဂျစ်တယ်ငွေကြေးတို့၏ ဂယက်များကြောင့် ပြန်လည်အားကောင်းလာခဲ့ကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။