ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများအကြား ကုန်သွယ်ရေးစစ်ပွဲမှ ငွေကြေးစစ်ပွဲအသွင်သို့ ပြောင်းလဲဖြစ်ပွားမည့် အနေအထားရှိသောကြောင့် Bitcoin ဈေးနှုန်းမှာ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၁၁,၀၀၀) အထက်သို့ ပြန်လည်ရောက်ရှိလာခဲ့

          အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲ၏ဂယက်ကြောင့် စတော့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများသည် ဈေးနှုန်းဆက်တိုက်ကျဆင်းနေသော စတော့ရှယ်ယာဈေးကွက်အစား Bitcoin အပါအဝင် ဒီဂျစ်တယ်ငေွကြေးဈေးကွက်အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ပြောင်းလဲပြုလုပ်လျက်ရှိကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံသည် ကုန်သွယ်ရေးစစ်ပွဲ၌ အသာစီးရရှိစေရန်အတွက် ယွမ်ငွေကြေးတန်ဖိုးကို (၁၁) နှစ်တာကာလအတွင်း အနိမ့်ဆုံးဖြစ်သည့် အမေရိကန်တစ်ဒေါ်လာလျှင် (၇) ယွမ်အထက်လဲလှယ်မှုနှုန်း၌ ထားရှိရန်စီစဉ်နေသောကြောင့် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများအကြား၌ ကုန်သွယ်ရေးစစ်ပွဲမှ ငွေကြေးစစ်ပွဲသို့ အသွင်ပြောင်းလာမည်ကို ငွေကြေးဈေးကွက်အတွင်းရှိရင်းနှီးမြှုပ်နှံသူများကလည်း စိုးရိမ်ပူပန်လျက်ရှိပြီး ငွေကြေးဈေးကွက်အစား Bitcoin အပါအဝင် ဒီဂျစ်တယ် ငွေကြေးဈေးကွက်အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ရွှေ့ပြောင်းလာကြကြောင်း သိရှိရပါသည်။

          ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာဈေးနှုန်းများ ၁.၆% မှ ၂.၅% အထိကျဆင်းခဲ့ပြီးတရုတ်ယွမ်ငွေတန်ဖိုး (၁၁) နှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိသွားခဲ့သော ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၅) ရက် (တနင်္လာနေ့) မှစ၍ Bitcoin ဈေးနှုန်းမှာ ၉% မြင့်တက်သွားခဲ့ပြီး လက်ရှိအချိန်၌ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၁၁၈၆၀) လဲလှယ်မှုနှုန်း၌ ဖြစ်ပေါ်လျက်ရှိရာရက်သတ္တပတ် (၃) ပတ်အတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း သိရှိရပါသည်။

          Bitcoinဈေးနှုန်းသည် ၂၀၁၈ခုနှစ်အတွင်း၌ အလွန်အမင်း တန်ဖိုးကျဆင်းခဲ့သော်လည်း၂၀၁၉ ခုနှစ်အတွင်း၌မူ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲပြဿနာနှင့် Facebook မှ ထုတ်ဝေမည့် Libra ဒီဂျစ်တယ်ငွေကြေးတို့၏ ဂယက်များကြောင့် ပြန်လည်အားကောင်းလာခဲ့ကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။