အမေရိကန်ဗဟိုဘဏ် အစည်းအဝေးမှတ်တမ်း ထွက်ပေါ်ပြီးနောက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး ပြန်လည် မြင့်တက်လာခဲ့

အမေရိကန်ဗဟိုဘဏ် အစည်းအဝေးမှတ်တမ်း ထွက်ပေါ်ပြီး နောက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး ပြန်လည် မြင့်တက်လာခဲ့

အမေရိကန်ဗဟိုဘဏ်သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့ နှင့် (၃၁) ရက်နေ့တို့တွင် ကျင်းပခဲ့သည့် အစည်းအဝေးမှတ်တမ်းကို ဩဂုတ်လ (၂၁) ရက် (ဗုဒ္ဓဟူးနေ့) တွင် အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာခဲ့ရာအဆိုပါ အစည်းအဝေးမှတ်တမ်းတွင် ဗဟိုဘဏ်ကော်မတီဝင်များအနေဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ဘဏ်တိုးနှုန်းအများအပြား လျှော့ချရေးအစီအစဉ်ကို သဘောတူညီမှုမရှိကြောင်း ဆွေးနွေးချက်များပါရှိကြောင်း၊ ထို့ကြောင့် အမေရိကန်ဗဟိုဘဏ်အနေဖြင့် ကော်မတီဝင်အားလုံး၏ သဘောဆန္ဒအရ ဘဏ်တိုးနှုန်းကို လတ်တလောထပ်မံလျှော့ချရန် အစီအစဉ်မရှိနိုင်သေးဟု ရင်းနှီးမြှုပ်နှံသူများက ခန့်မှန်းခဲ့သည့်အတွက် ယင်းအစည်းအဝေးမှတ်တမ်း ထွက်ပေါ်ပြီးနောက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးမှာ မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၀.၃၆% မြင့်တက်ကာအညွှန်းကိန်းအမှတ် (၉၈.၃၀) သို့ ရောက်ရှိခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ဂျပန်ုနိုင်ငံသုံးယန်းငွေ (၁၀၇.၇၉) ယန်းလဲလှယ်မှုနှုန်း၊ တရုတ်နိုင်ငံသုံးယွမ်ငွေ (၇.၀၈) ယွမ်လဲလှယ်မှုနှုန်း၊ တစ်ယူရိုလျှင် အမေရိကန်ဒေါ်လာ (၁.၁၁) ဒေါ် လာလဲလှယ်မှုနှုန်းများသို့ အသီးသီးရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌဂျရွန်မီပေါင်ဝယ်လ်သည် ယခုရက်ပိုင်းအတွင်း အမေရိကန်ပြည်ထောင်စုဂျက်ဆန်ဟိုးမြို့၌ ကျင်းပမည့် စီးပွားရေးဆွေးနွေးပွဲတွင် နိုင်ငံတကာမှ လာရောက်သည့် စီးပွားရေးပညာရှင်များ၊ ငွေကြေးမူဝါဒ ရေးဆွဲသူများအား အမေရိကန်ဗဟိုဘဏ်၏ အနာဂတ်ငွေကြေးမူဝါဒများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားမည်ဖြစ်ရာ ၎င်း၏ပြောကြားချက်အ‌ပေါ် အကြောင်းပြု၍ အမေရိကန်ဒေါ်လာတန်ဖိုး အပြောင်းအလဲဖြစ်ပေါ်နိုင်ကြောင်းဖော်ပြပါရှိပါသည်။