အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲပိုမိုပြင်းထန်လာခြင်းနှင့် အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ၏ ငွေကြေးမူဝါဒမိန့်ခွန်းတို့ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၂% နီးပါးခန့် မြင့်တက်သွားခဲ့

တရုတ်အစိုးရသည် အမေရိကန်ဒေါ်လာ (၇၅) ဘီလီယံခန့်တန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်း အမျိုးအမည် (၅၀၇၈) မျိုးအပေါ်၌ အခွန် ၅% သို့မဟုတ် ၁၀% ခန့်ကောက်ခံတော့မည်ဟု ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက် (သောကြာနေ့) တွင်ကြေညာခဲ့ရာ အဆိုပါပစ္စည်းများတွင် အမေရိကန်ပြည်ထောင်စု၏ ပို့ကုန်ကဏ္ဍအတွက် အရေးပါသော ပဲပိစပ်အပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းများ၊ မော်တော်ယာဉ် နှင့် ယာဉ်အပိုပစ္စည်းများ၊  ရေနံစိမ်းနှင့် အသေးစားလေယာဉ်များအထိပါဝင်ကြောင်း၊ တရုတ် အစိုးရ၏ သွင်းကုန်ခွန်ကြေညာချက် ထွက်ပေါ်ပြီးနောက်တွင် အမေရိကန်သမ္မတဒေါ်နယ်လ်ထရန့်ကလည်း အမေရိကန်ဒေါ်လာ (၅၅၀) ဘီလီယံခန့်တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအပေါ်၌ လက်ရှိကောက်ခံနေသည့် သွင်းကုန်ခွန်ရာခိုင်နှုန်းအပြင်  ၅% ထပ်ဆောင်းတိုးမြှင့်ကောက်ခံရန် ကြေညာခဲ့ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံ၌ ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နေသည့် အမေရိကန်ကုမ္ပဏီများအနေဖြင့် အခြားနိုင်ငံများသို့ လုပ်ငန်းများပြောင်းရွှေ့လုပ်ကိုင်ရန် အမေရိကန်သမ္မတက ညွှန်ကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ သွင်းကုန်ခွန်ဆိုင်ရာ အပြန်အလှန်ကြေညာချက်များ ထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ အဆမတန် မြင့်တက်သွားခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် ဩဂုတ်လ (၂၃) ရက်(သောကြာနေ့) ၌ပင် အမေရိကန်ပြည်ထောင်စု ဂျက်ဆန်ဟိုးမြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဆွေးနွေးပွဲတွင် အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌဂျရွန်မီပေါင်ဝယ်လ်ကဗဟိုဘဏ်အနေဖြင့် လက်ရှိကမ္ဘာ့စီးပွားရေးနှင့် ပထဝီနိုင်ငံရေးအခြေအနေအပေါ်အခြေခံ၍ ငွေကြေးဆိုင်ရာမူဝါဒများအား လိုအပ်သလို လျှော့ချပေးသွားမည့်အကြောင်းအရိပ်အမြွက်ပြောကြားခဲ့ခြင်းသည်လည်း အမေရိကန်ဒေါ်လာတန်ဖိုးကို ကျဆင်းကာ ကမ္ဘာ့ရွှေဈေးနှုန်းကို မြင့်တက်စေခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ(၂၄)ရက်(စနေနေ့)နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၁.၉၃% မြင့် တက်ခဲ့ပြီးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၅၃၇.၆၀)သို့ ရောက်ရှိခဲ့ကြောင်း၊ အမေရိကန် ဒေါ်လာတန်ဖိုးမှာမူ ၀.၄၈% ကျဆင်းခဲ့ပြီးအညွှန်းကိန်းအမှတ်(၉၇.၇၀)သို့ ရောက်ရှိခဲ့ကြောင်း၊ အလားတူကုန်သွယ်ရေးစစ်ပွဲအပေါ် စိုးရိမ်ပူပန်မှုများကြောင့် အမေရိကန်စတော့ ရှယ်ယာများတန် ဖိုးမှာ ၂% အထိကျဆင်းခဲ့ကြောင်းဖော်ပြပါရှိပါသည်။