အီရန်နှင့် ဗင်နီဇွဲလားနိုင်ငံများအပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့်အတွက် ရုရှားနိုင်ငံသည် ရေနံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁) ဘီလီယံခန့် အကျိုးအမြတ် ပိုမိုရရှိခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်သည် အီရန်နိုင်ငံနှင့်ဗင်နီဇွဲလားနိုင်ငံတို့၏ ရေနံတင်ပို့မှုများအပေါ်၌ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရာ ယင်းအရေးယူမှုများ၏ ဂယက်ကြောင့် အီရန်နှင့် ဗင်နီဇွဲလားရေနံများကို ပုံမှန်ဝယ်ယူနေသူများသည် ရုရှားရေနံကို ပြောင်းလဲဝယ်ယူလာကြသည့် အတွက် ရုရှားနိုင်ငံအနေဖြင့် ရေနံတင်ပို့မှုမှ ပုံမှန်ရရှိနေသည့် အကျိုးအမြတ်ထက် အမေရိကန်ဒေါ်လာ(၁) ဘီလီယံနီးပါးခန့် ပိုမိုအမြတ်အစွန်းရရှိခဲ့သည်ဟု သိရှိရပါသည်။

Bloomberg သတင်းဌာနက ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်၏ အီရန်နှင့် ဗင်နီဇွဲလားရေနံများအပေါ် အရေးယူပိတ်ဆို့မှုများကြောင့် ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလ မှ ၂၀၁၉ ခုနှစ် ဇူလိုင် လအထိ (၉) လတာကာလအတွင်း ရုရှားရေနံကုမ္ပဏီများ၏ အကျိုးအမြတ်ရရှိမှုမှာယခင်ရရှိသည့် ပမာဏထက် အနည်းဆုံးအမေရိကန်ဒေါ်လာ (၉၀၅) သန်းခန့် ပိုမိုရရှိခဲ့ကြောင်း၊ ထို့ပြင် အိုပက်အဖွွဲ့၏ ရေနံထုတ်လုပ်မှုလျော့ကျခြင်းကြောင့် ကမ္ဘာ့စေျးကွက်အတွင်း‌‌ ရေနံစေျးနှုန်းများမြင့်တက် လာခြင်းသည်လည်း ရုရှားရေနံကုမ္ပဏီများအတွက် အမြတ်အစွန်းပိုမိုဖြစ်ထွန်းစေခဲ့ကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လကုန်အထိ ကာလအတွင်း ပြည်ပသို့ ရေနံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၅၈.၅) ဘီလီယံဝင်ငွေရရှိခဲ့ကြောင်း၊ ရုရှားနိုင်ငံသည် ၂၀၁၈ ခုနှစ် (၁) နှစ်တာကာလအတွင်း၌ ပြည်ပသို့‌ရေနံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၂၉) ဘီလီယံရရှိခဲ့ကြောင်း၊ ရုရှားရေနံများသည် အီရန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့မှ ထုတ်လုပ်သောရေနံများနှင့် အရည်အသွေးအနီးစပ်ဆုံး တူညီပြီးဈေးနှုန်းမှာ အရှေ့အလယ်ပိုင်းဒေသမှ ထုတ်လုပ်သောရေနံများထက် တစ်စည်လျှင် အမေရိကန် တစ်ဒေါ်လာခန့် သက်သာကာဥရောပတိုက်အနောက်မြောက်ပိုင်းမှ ထုတ်လုပ်သောရေနံများထက် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၁.၆၃) ဒေါ်လာခန့်လျော့နည်းသည်ဟု သိရှိရကြောင်း ဖော်ပြပါရှိပါသည်။