ထိုင်းနိုင်ငံသည် လာအိုနိုင်ငံထံမှ လျှပ်စစ်ဓာတ်အားများကို ဝယ်ယူ၍ မြန်မာ၊ မလေးရှား နှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ဓာတ်အားတိုးမြှင့် ရောင်းချရန်စီစဉ်နေ

ထိုင်းနိုင်ငံသည် လာအိုနိုင်ငံထံမှ လျှပ်စစ်ဓာတ်အားများကို ဝယ်ယူ၍ မြန်မာ၊ မလေးရှား နှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ဓာတ်အားတိုးမြှင့် ရောင်းချရန်စီစဉ်နေ

          ထိုင်းနိုင်ငံသည် လာအိုနိုင်ငံထံမှလျှပ်စစ်ဓာတ်အားများကို ဝယ်ယူ၍ မြန်မာ၊ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ဓာတ်အားတိုးမြှင့် ရောင်းချရန်စီစဉ်နေသည်ဟု ထိုင်းနိုင်ငံ၊ စွမ်းအင်မူဝါဒနှင့်စီမံကိန်းရုံး ညွှန်ကြားရေးမှူးချုပ် ဝါတာနာပေါင်ကူရိုဘတ်က ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက် (တနင်္လာနေ့) တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ဝါတာနာပေါင်က ပြောကြားရာ၌ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၌ လျှပ်စစ်ဓာတ်အား ကုန်သွယ်ရေးတွင် ကြားခံနိုင်ငံတစ်ခုအဖြစ် ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း၊ လာအိုနိုင်ငံသည် မဲခေါင်မြစ်ကြောင်းတစ်လျှောက်ရှိ ရေအားလျှပ်စစ်စီမံကိန်းများမှ ထုတ်လုပ်နေသည့် လျှပ်စစ်ဓာတ်အားများစွာရှိပြီး အဆိုပါဓါတ်အားများကို ထိုင်းနိုင်ငံက ပုံမှန်ဝယ်ယူလျက်ရှိကြောင်း၊ ယခုအခါ လာအိုနိုင်ငံထံမှ ဝယ်ယူထားသော ဓါတ်အားပမာဏမှာ ထိုင်းနိုင်ငံအတွင်း လိုအပ်သည့်ပမာဏထက် များစွာပိုလျှံနေသောကြောင့် ထိုင်းနိုင်ငံအနေဖြင့် အရှေ့တောင်အာရှဒေသအတွင်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်းကာ ပိုလျှံနေသည့်လျှပ်စစ်ဓာတ်အားများကို ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော မြန်မာ၊ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံများသို့ ပြန်လည်ရောင်းချရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မလေးရှားနိုင်ငံသည် ၂၀၁၈ ခုနှစ်အတွင်း လာအိုနိုင်ငံမှဝယ်ယူထားသော လျှပ်စစ်ဓာတ်အားများအနက်မှ (၁၀၀) မဂ္ဂါဝပ်ကို မလေးရှားနိုင်ငံသို့ ပြန်လည်ရောင်းချခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် (၃၀၀) မဂ္ဂါဝပ်အထိ တိုးမြှင့်ရောင်းချရန် စီစဉ်နေကြောင်း၊အလားတူ ထိုင်းနိုင်ငံနှင့်ဆက်စပ်နေသော မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ နယ်စပ်မြို့များသည် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံထံမှ လျှပ်စစ်ဓာတ်အား အနည်းငယ်စီ ဝယ်ယူသုံးစွဲလျက်ရှိကြောင်း၊ အဆိုပါနိုင်ငံများထံသို့ လျှပ်စစ်ဓာတ်အားပိုမို ရောင်းချနိုင်ရန်အတွက် ဓာတ်အားလိုင်းသွယ်တန်းခြင်းနှင့် ဆက်စပ်နေသည့် အခြေခံအဆောက်အဦများကို အဆင့်မြှင့်တင်ပေးရန် လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ထိုင်းအစိုးရအဖွဲ့သစ်တွင် စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ယူထားသူ ဆွန်တီရတ်ဆွန်တီဂျီရောင်ဝန်သည် လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ပြန်လည်သုံးသပ် ရေးဆွဲလျက်ရှိပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များမှ လျှပ်စစ်ဓါတ်အားများ ပိုမိုထုတ်လုပ်နိုင်ရန် စီစဉ်နေကြောင်း၊ အဆိုပါစီမံကိန်းအရ ၂၀၃၇ ခုနှစ်ကုန်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်း သုံးစွဲနေသောလျှပ်စစ်ဓာတ်အားပမာဏ၏ လေးပုံတစ်ပုံခန့်ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များမှ ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်မည်ဆိုပါက ထိုင်းနိုင်ငံအနေဖြင့် လက်ရှိမှီခိုအားထားနေရသော ကျောက်မီးသွေးသုံးနှင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်နေသည့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုများကို သိသိသာသာလျှော့ချသွားနိုင်လိမ့်မည်ဟု သိရှိရကြောင်း www.bloomberg.com အင်တာနက် websiteတွင် ဖော်ပြပါရှိပါသည်။