ကုန်သွယ်ရေးပြဿနာကြောင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးပမာဏမှာ ကျဆင်းသွားခဲ့

ကုန်သွယ်ရေးပြဿနာကြောင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးပမာဏမှာ ကျဆင်းသွားခဲ့

          အမေရိကန်ပြည်ထောင်စုနှင့် ဖြစ်ပွားနေသည့် ကုန်သွယ်ရေးပြဿနာကြောင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးပမာဏမှာ ကျဆင်းသွားခဲ့ကြောင်း၊ တရုတ်ဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ ဇူလိုင်လအတွင်း တရုတ်ဗဟိုဘဏ်၏ နိုင်ငံခြားအရန်ငွေကြေးစုဆောင်းမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၅.၅၄) ဘီလီယံခန့် လျော့နည်းသွားပြီး စုစုပေါင်းနိုင်ငံခြားအရန်ငွေကြေးပမာဏ အမေရိကန်ဒေါ်လာ (၃.၁၀၄) ထရီလီယံသာ ကျန်ရှိတော့သည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

          သို့သော် တရုတ်ဗဟိုဘဏ်၏ စုဆောင်းထားသော အရန်ရွှေပမာဏမှာမူ မြင့်တက်လာခဲ့ကြောင်း၊ ဗဟိုဘဏ်သည် ဇူလိုင်လအတွင်း၌ ရွှေတန်ချိန် (၉.၀၇) တန်ခန့် ဝယ်ယူစုဆောင်းခဲ့သည့်အတွက် ဗဟိုဘဏ်၏ အရန်ရွှေစုစုပေါင်းပမာဏမှာ တန်ချိန် (၁၇၆၅.၀၄) တန်ခန့်သို့ရောက်ရှိခဲ့ကြောင်း၊ တန်ဖိုးပမာဏာအရ အမေရိကန်ဒေါ်လာ (၈၈.၈၇၆) ဘီလီယံသို့မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

          တရုတ်ဗဟိုဘဏ်များအနေဖြင့် ၂၀၁၅ခုနှစ်မှ လက်ရှိအချိန်ထိကာလအတွင်း စီးပွားကျဆင်းခဲ့မှုနှင့်  ကုန်သွယ်ရေးပြဿနာများကို ဖြေရှင်းရန်အတွက် (၄) နှစ်တာကာလအတွင်း  နိုင်ငံခြားအရန်ငွေကြေး အမေရိကန်ဒေါ်လာ (၁) ထရီလီယံခန့်ကို အသားတင်ထုတ်နုတ်သုံးစွဲကာ ယွမ်ငွေတန်ဖိုးကို လိုအပ်သလို အတင်အချပြုလုပ်ခဲ့ပြီး ယခုအခါယွမ်ငွေတန်ဖိုးကို အမေရိကန်တစ်ဒေါ်လာလျှင်(၇) ယွမ်အထက် လဲလှယ်မှုနှုန်းသာရှိစေရန် တန်ဖိုးလျှော့ချထားသည်ဟု ငွေကြေးစေျးကွက်လေ့လာသူများ၏ သုံးသပ်ချက်အရ သိရှိရကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ကမ္ဘာ့ရွှေစေျးမှာအနည်းဆုံး (၆) လမှ အများဆုံးလာမည့် (၁၂) လတာကာလအထိ ဆက်လက်အားကောင်းနေဖွယ်ရှိသည်ဟု နိုင်ငံရပ်ခြားတရုတ်နွယ်ဖွားများဘဏ်လုပ်ငန်း (OCBC) ၏ စီးပွားရေးပညာရှင်က ခန့်မှန်းထား

ကမ္ဘာ့ရွှေစေျးမှာအနည်းဆုံး (၆) လမှ အများဆုံးလာမည့် (၁၂) လတာကာလအထိ ဆက်လက်အားကောင်းနေဖွယ်ရှိသည်ဟု နိုင်ငံရပ်ခြားတရုတ်နွယ်ဖွားများဘဏ်လုပ်ငန်း (OCBC) ၏ စီးပွားရေးပညာရှင်က ခန့်မှန်းထား

          ကမ္ဘာတစ်ဝန်းလက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ အနည်းဆုံးလာမည့် (၆) လမှ အများဆုံးလာမည့် (၁၂) လတာကာလအထိဆက်လက်အားကောင်းနေလိမ့်မည်ဟု စင်ကာပူနိုင်ငံအခြေစိုက် ထိပ်တန်းဘဏ်လုပ်ငန်းဖြစ်သည့် နိုင်ငံရပ်ခြား တရုတ်နွယ်ဖွားများဘဏ်လုပ်ငန်း (OCBC) ၏ စီးပွားရေးပညာရှင်ဟိုဝေလီက၂၀၁၉ခုနှစ်၊ ဩဂုတ်လ (၇) ရက် (ဗုဒ္ဓဟူးနေ့) တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ဟိုဝေလီကပြောကြားရာ၌ ကုန်သွယ်ရေးစစ်ပွဲပြဿနာ၊ နိုင်ငံတကာရှိဗဟိုဘဏ်အသီးသီး၏ ဘဏ်တိုးနှုန်းလျှော့ချမှုများ၊ အမေရိကန်ဒေါ်လာအားပျော့နေမှုနှင့် ပါရှန်ပင်လယ်ကွေ့အရေးကို အကြောင်းပြု၍ ပထဝီနိုင်ငံရေးတင်းမာနေမှု ပြဿနာများ အစရှိသည့်အချက်များသည် ကာလတိုအတွင်း ပြေလည်နိုင်မည့်အနေအထားမရှိသောကြောင့် ရွှေစေျးကွက်ကို အချိန်ကာလတစ်ခုအထိ အားကောင်းအောင် ပံ့ပိုးပေးသလိုဖြစ်နေလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ဟိုဝေလီသည် ယခုရက်သတ္တပတ်အစပိုင်း၌ ကမ္ဘာ့ရွှေစေျးမှာ ယခုရက်သတ္တပတ်အတွင်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၀၀) အထက်သို့ရောက်ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့ရာ ဩဂုတ်လ (၈) ရက် (ကြာသပတေးနေ့) နံနက်ပိုင်း၌ နယူးယောက်ဈေးကွက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၀၅) ဝန်းကျင်၌ ဖြစ်ပေါ်ခဲ့သောကြောင့် ၎င်း၏ခန့်မှန်းချက်မှာ မှန်ကန်ခဲ့သည်ကို တွေ့ရှိရကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ကက်ရှ်မီးယား ပြဿနာကြောင့် အိန္ဒိယရူပီးငွေတန်ဖိုးမှာ (၆) နှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ကျဆင်းသွားခဲ့

ကက်ရှ်မီးယား ပြဿနာကြောင့် အိန္ဒိယရူပီးငွေတန်ဖိုးမှာ (၆) နှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ကျဆင်းသွားခဲ့

          အိန္ဒိယအစိုးရသည် ပါကစ္စတန်နှင့်ဆက်စပ်နေသော အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသအား အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးသည့် အချိန်မှစ၍ နှစ်ပေါင်း (၇၀) ခန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရပ်တည်ခွင့်ပေးထားခြင်းကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၅) ရက် (တနင်္လာနေ့) တွင် ရုတ်သိမ်းကြောင်း ကြေညာခဲ့ပြီး နယူးဒေလီမြို့ကဲ့သို့ပင် ဗဟိုအစိုးရ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်ရှိ ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ပြီး ဗဟိုအစိုးရ၏  ညွှန်ကြားမှုအတိုင်းလိုက်နာဆောင်ရွက်ရမည်ဟု ကြေညာခဲ့ကြောင်း၊ ကက်ရှ်မီးယားဒေသသည်  စစ်ရေးအရထိပ်တိုက်ရင်ဆိုင်မှု မကြာခဏဖြစ်ပေါ်နေသော အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့အကြားတွင် တည်ရှိနေပြီး ဗြိတိသျှကိုလိုနီလက်အောက်မှ အိန္ဒိယနှင့် ပါကစ္စတန်တို့အား လွတ်လပ်ရေးပေးခဲ့သည့်အချိန်ကပင် ပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်သောကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရပ်တည်ခွင့်ပေးရန် ဗြိတိသျှအစိုးရက စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် အိန္ဒိယအစိုးရသည် ကက်ရှ်မီးယားပြည်နယ်နှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပြဌာန်းထားခြင်းကို ယခုရက်ပိုင်းအတွင်း ပယ်ဖျက်ခဲ့ပြီး ထိုသို့ပယ်ဖျက်ခြင်းကို ကက်ရှ်မီးယားဒေသခံများက ကျေနပ်မှုမရှိပါက တားဆီးအရေးယူနိုင်ရန်အတွက် အိန္ဒိယတပ်ဖွဲ့ဝင် (၁၀၀၀၀) ခန့်အား ကက်ရှ်မီးယားသို့ ထပ်မံစေလွှတ်ခဲ့ကြောင်း၊ ကက်ရှ်မီးယားဒေသသည် မွတ်စလင်အများစု နေထိုင်ရာဒေသဖြစ်ပြီး ဒေသခံမွတ်စလင်များက အိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ကျေနပ်မှုမရှိဘဲ ဆူပူမှုများ ပြုလုပ်မည့် အနေအထားရှိကြောင်း၊ထို့ပြင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက်ကိုပြင်းထန်စွာ ပြစ်တင်ဝေဖန်ခဲ့ပြီး နိုင်ငံတကာမှ လက်ခံအသိအမှတ်ပြုထားသော ပိုင်နက်နယ်နိမိတ်တစ်ခုကို အနှောင့်အယှက်ပေးခြင်းဖြစ်သည်ဟု စွပ်စွဲပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ကက်ရှ်မီးယားပြဿနာကို အကြောင်းပြု၍ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံအကြားစစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း အိန္ဒိယစတော့ရှယ်ယာများနှင့် အိန္ဒိယရူပီးငွေတန်ဖိုးများမှာ အဆမတန်ကျဆင်းသွားခဲ့ကြောင်း၊ ကက်ရှ်မီးယားဒေသနှင့်ပတ်သက်၍ အိန္ဒိယအစိုးရ၏ ကြေညာချက်ထွက်ပေါ်ပြီးနောက် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၅) ရက် (တနင်္လာနေ့) မှစ၍ လက်ရှိအချိန်အထိကာလအတွင်း အိန္ဒိယစတော့ရှယ်ယာများတန်ဖိုးမှာ ၁.၁၃% ကျဆင်းခဲ့ကြောင်း၊ အလားတူ အိန္ဒိယရူပီးငွေတန်ဖိုးမှာလည်း ၁.၅၈% အထိကျဆင်းသွားပြီး လက်ရှိအချိန်၌ အမေရိကန်တစ်ဒေါ်လာလျှင် ရူပီးငွေ (၇၀.၈၀၄) ရူပီးလဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ရာ (၆) နှစ်တာကာလအတွင်း အဆိုးရွားဆုံးကျဆင်းမှုဖြစ်ကြောင်း၊ အိန္ဒိယရူပီးငွေတန်ဖိုးသည် အမေရိကန်တစ်ဒေါ်လာလျှင် ရူပီးငွေ (၇၁.၅၀) ရူပီးအထိ ကျဆင်းနိုင်သည်ဟုငွေကြေးဈေးကွက်လေ့လာသူများက ခန့်မှန်းထားကြကြောင်း www.gulfnews.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများအကြား ကုန်သွယ်ရေးစစ်ပွဲမှ ငွေကြေးစစ်ပွဲအသွင်သို့ ပြောင်းလဲဖြစ်ပွားမည့်အနေအထားရှိသောကြောင့် Bitcoin ဈေးနှုန်းမှာတစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၁၁,၀၀၀) အထက်သို့ ပြန်လည်ရောက်ရှိလာခဲ့

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများအကြား ကုန်သွယ်ရေးစစ်ပွဲမှ ငွေကြေးစစ်ပွဲအသွင်သို့ ပြောင်းလဲဖြစ်ပွားမည့် အနေအထားရှိသောကြောင့် Bitcoin ဈေးနှုန်းမှာ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၁၁,၀၀၀) အထက်သို့ ပြန်လည်ရောက်ရှိလာခဲ့

          အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲ၏ဂယက်ကြောင့် စတော့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများသည် ဈေးနှုန်းဆက်တိုက်ကျဆင်းနေသော စတော့ရှယ်ယာဈေးကွက်အစား Bitcoin အပါအဝင် ဒီဂျစ်တယ်ငေွကြေးဈေးကွက်အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ပြောင်းလဲပြုလုပ်လျက်ရှိကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံသည် ကုန်သွယ်ရေးစစ်ပွဲ၌ အသာစီးရရှိစေရန်အတွက် ယွမ်ငွေကြေးတန်ဖိုးကို (၁၁) နှစ်တာကာလအတွင်း အနိမ့်ဆုံးဖြစ်သည့် အမေရိကန်တစ်ဒေါ်လာလျှင် (၇) ယွမ်အထက်လဲလှယ်မှုနှုန်း၌ ထားရှိရန်စီစဉ်နေသောကြောင့် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများအကြား၌ ကုန်သွယ်ရေးစစ်ပွဲမှ ငွေကြေးစစ်ပွဲသို့ အသွင်ပြောင်းလာမည်ကို ငွေကြေးဈေးကွက်အတွင်းရှိရင်းနှီးမြှုပ်နှံသူများကလည်း စိုးရိမ်ပူပန်လျက်ရှိပြီး ငွေကြေးဈေးကွက်အစား Bitcoin အပါအဝင် ဒီဂျစ်တယ် ငွေကြေးဈေးကွက်အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ရွှေ့ပြောင်းလာကြကြောင်း သိရှိရပါသည်။

          ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာဈေးနှုန်းများ ၁.၆% မှ ၂.၅% အထိကျဆင်းခဲ့ပြီးတရုတ်ယွမ်ငွေတန်ဖိုး (၁၁) နှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိသွားခဲ့သော ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၅) ရက် (တနင်္လာနေ့) မှစ၍ Bitcoin ဈေးနှုန်းမှာ ၉% မြင့်တက်သွားခဲ့ပြီး လက်ရှိအချိန်၌ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၁၁၈၆၀) လဲလှယ်မှုနှုန်း၌ ဖြစ်ပေါ်လျက်ရှိရာရက်သတ္တပတ် (၃) ပတ်အတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း သိရှိရပါသည်။

          Bitcoinဈေးနှုန်းသည် ၂၀၁၈ခုနှစ်အတွင်း၌ အလွန်အမင်း တန်ဖိုးကျဆင်းခဲ့သော်လည်း၂၀၁၉ ခုနှစ်အတွင်း၌မူ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲပြဿနာနှင့် Facebook မှ ထုတ်ဝေမည့် Libra ဒီဂျစ်တယ်ငွေကြေးတို့၏ ဂယက်များကြောင့် ပြန်လည်အားကောင်းလာခဲ့ကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ကမ္ဘာတစ်ဝန်း ရွှေဝယ်လိုအားမှာ ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်တာ ကာလအတွင်း ၈% ခန့် မြင့်တက်လာခဲ့

ကမ္ဘာတစ်ဝန်း ရွှေဝယ်လိုအားမှာ ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်တာ ကာလအတွင်း ၈% ခန့် မြင့်တက်လာခဲ့

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လကုန်အထိပထမ (၆) လတာကာလအတွင်း ကမ္ဘာတစ်ဝန်း ရွှေဝယ်လိုအားမှာ တန်ချိန် (၂၁၈၁.၇) တန်ခန့်ရှိသောကြောင့် ယမန်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၈% မြင့်တက်လာခဲ့ပြီး (၃) နှစ်တာကာလအတွင်း အကောင်းဆုံးအနေအထားဖြစ်သည်ဟု လန်ဒန်အခြေစိုက် ကမ္ဘာ့ရွှေကောင်စီ (WGC) က ယခုရက်ပိုင်းအတွင်း ကြေညာခဲ့ကြောင်း သိရှိရပါသည်။

WGC အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်တာကာလအတွင်း ကမ္ဘာတစ်ဝန်း ရွှေဝယ်လိုအားမြင့်တက်လာရသည့် အဓိကအကြောင်းရင်းများမှာ ဗဟိုဘဏ်များ၏ ရွှေဝယ်ယူမှုများပြားလာခြင်း၊ ရွှေရောင်းဝယ်ရေးကုမ္ပဏီများ၏ အရန်သိုလှောင်မှု များပြားလာခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘာတစ်ဝန်းနိုင်ငံရေးမငြိမ်သက်မှုများ၊ နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များကဘဏ်တိုးနှုန်းကို လျှော့ချ၍ ငွေကြေးတန်ဖိုးများကို ကျဆင်းအောင် လုပ်ဆောင်နေမှုများကြောင့် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံတကာငွေကြေးဈေးကွက်အစား ရွှေဈေးကွက်အတွင်းသို့ ပြောင်းလဲ၍ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာသည့်အတွက် ရွှေဈေးနှုန်းအဆမတန်မြင့်တက်လာခြင်းနှင့်အတူ ဝယ်လိုအားလည်း လိုက်ပါမြင့်တက်လာခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်းသိရှိရပါသည်။

WGC အစီရင်ခံစာ၌ ဗဟိုဘဏ်များ၏ ရွှေဝယ်ယူမှုစုဆောင်းမှုသည် ပထမ (၆) လတာကာလအတွင်း၌ တန်ချိန် (၃၇၄) တန်ခန့်ရှိသည့်အတွက် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက တန်ချိန် (၁၃၀) ကျော် ပိုမိုလာခဲ့ကြောင်း‌၊ အလားတူ ရွှေရောင်းဝယ်ရေးကုမ္ပဏီများ၏ ၂၀၁၉ ခုနှစ်၊ ပထမ (၆) လတာကာလအတွင်း ရွှေဝယ်ယူမှုမှာ တန်ချိန် (၁၀၇.၅) တန်ခန့် ရှိခဲ့သောကြောင့် ဝယ်လိုအားအကောင်းဆုံး (၆) လပတ်အဖြစ် ရပ်တည်ခဲ့ကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးစစ်ပွဲတွင် အသာစီးရရှိစေရန်အတွက် ငွေကြေးမူဝါဒများကို ဖြေလျော့ဖွယ်ရှိသောကြောင့် ယွမ်ငွေတန်ဖိုးမှာ (၁၀) စုနှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့

တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးစစ်ပွဲတွင် အသာစီးရရှိစေရန်အတွက် ငွေကြေးမူဝါဒများကို ဖြေလျော့ဖွယ်ရှိသောကြောင့် ယွမ်ငွေတန်ဖိုးမှာ (၁၀) စုနှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့

            အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲပြန်လည်ဖြစ်ပွားနေချိန်တွင် တရုတ်အစိုးရသည် အ‌မေရိကန်ပြည်ထောင်စုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနေသည့် အမေရိကန်ဒေါ်လာ (၁၁၀) ဘီလီယံခန့်တန်ကြေးရှိ အမေရိကန်ကုန်ပစ္စည်းမျိုးစုံအပေါ်၌ သွင်းကုန်ခွန်ကောက်ခံရန် စီစဉ်နေပြီး တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းကြီးများသည်လည်း အမေရိကန်ပြည်ထောင်စုထံမှ နှစ်စဉ်ပုံမှန်ဝယ်ယူနေသည့် အမေရိကန်ဒေါ်လာ (၅၀၀) ဘီလီယံတန်ဖိုးရှိ လယ်ယာထွက်ကုန်ပစ္စည်းများဝယ်ယူနေမှုကို ရပ်တန့်ရန် တရုတ်အစိုးရက တောင်းဆိုခဲ့ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံသည် ယွမ်ငွေနှင့်ပတ်သက်သည့် ငွေကြေးမူဝါဒကိုလည်း အလွန်အမင်းဖြေလျော့ဖွယ်ရှိသည့် အလားအလာများကြောင့် ယွမ်ငွေတန်ဖိုးမှာ (၁၀) စုနှစ်တကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

          တရုတ်ဗဟိုဘဏ်သည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၅) ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် အမေရိကန်ဒေါ်လာနှင့် ယွမ်ငွေရည်ညွှန်းလဲလှယ်မှု သတ်မှတ်နှုန်းထားအား ၀.၃၃% လျှော့ချကာအမေရိကန်တစ်ဒေါ်လာလျှင် (၆.၉၂၂၅) ယွမ်လဲလှယ်မှုနှုန်း သတ်မှတ်ခဲ့ကြောင်း၊ ဗဟိုဘဏ်၏ ရည်ညွှန်းသတ်မှတ်နှုန်းထား ထွက်ပေါ်ပြီးနောက်တွင် တရုတ်နိုင်ငံပြည်တွင်းဈေးကွက်၌ ယွမ်ငွေတန်ဖိုးမှာ ၁.၂% ကျဆင်းပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၇.၀၃၀၇) ယွမ်လဲလှယ်မှုနှုန်းသို့ရောက်ရှိခဲ့ကြောင်း၊ အဆိုပါလဲလှယ်မှုနှုန်းသည် ၂၀၀၈ ခုနှစ်နောက်ပိုင်း (၁၁) နှစ်တာကာလအတွင်း အနိမ့်ဆုံးလဲလှယ်မှုနှုန်းထားဖြစ်ကြောင်း၊ နိုင်ငံရပ်ခြားရှိ ငွေကြေးဈေးကွက်များ၌ ယွမ်ငွေတန်ဖိုးမှာ ၁.၄% အထိကျဆင်းခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၇.၁၀၈၅) ယွမ်လဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါလဲလှယ်မှုနှုန်းထားသည်  ၂၀၁၀ ခုနှစ်၊ ဩဂုတ်လနောက်ပိုင်း (၁၀) နှစ်တာကာလအတွင်း အနိမ့်ဆုံးလဲလှယ်မှုနှုန်းထားပင်ဖြစ်ကြောင်း သိရှိရပါသည်။

          နိုင်ငံတကာ ငွေကြေးဈေးကွက် သုတေသီများကလည်း တရုတ်ဗဟိုဘဏ်သည် ကုန်သွယ်ရေးစစ်ပွဲ၌ အသာစီးရရှိစေရန်အတွက် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားကို လက်နက်သဖွယ် အသုံးချလိမ့်မည်ဟု ခန့်မှန်းထားကြကြောင်း၊  တရုတ်ဗဟိုဘဏ်သည် အမေရိကန်ဒေါ်လာနှင့် ယွမ်ငွေရည်ညွှန်းလဲလှယ်မှုနှုန်းထားကို တစ်နေ့လျှင် ၂% ခန့်အထိအတင် / အချပြုလုပ်နိုင်ရာ ဗဟိုဘဏ်အနေဖြင့် ဈေးကွက်အနေအထားကို စောင့်ကြည့်၍ ယွမ်ငွေကြေးတန်ဖိုးကို တဖြည်းဖြည်းချင်း လျှော့ချသွားဖွယ်ရှိကြောင်း၊  ယွမ်ငွေတန်ဖိုးသည် လာမည့် (၃) လတာကာလအတွင်း၌ ၅% မှ ၁၀% အထိကျဆင်းနိုင်သည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်နေကြောင်း www.channelnewsasia.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

အမေရိကန် – တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပြန်လည်ဖြစ်ပွားသည့်ဂယက်ကြောင့် ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာများ တန်ဖိုးကျဆင်းပြီး ကမ္ဘာ့ရွှေစေျးနှုန်းမှာ အဆမတန်မြင့်တက်သွားခဲ့

အမေရိကန် – တရုတ် ကုန်သွယ်ရေးစစ်ပွဲပြန်လည်ဖြစ်ပွားသည့် ဂယက်ကြောင့် ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာများ တန်ဖိုးကျဆင်းပြီး ကမ္ဘာ့ရွှေစေျးနှုန်းမှာ အဆမတန်မြင့်တက်သွားခဲ့

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန်ဒေါ်လာ (၃၀၀) ဘီလီယံခန့် တန်ဖိုးရှိတရုတ်သွင်းကုန်များအပေါ်၌ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှစတင်၍ အခွန် ၁၀% ကောက်ခံသွားမည်ဟု ဩဂုတ်လ (၁) ရက် (ကြာသပတေးနေ့) တွင် ထုတ်ပြန်ကြေညာခဲ့ရာသွင်းကုန်ခွန်အသစ်ကောက်ခံမည့် တရုတ်ကုန်စည်များတွင် လက်ကိုင်ဖုန်းမှစ၍ အဝတ်အထည်များ၊ ဖိနပ်များအထိ ပါဝင်ကြောင်း၊ အမေရိကန်ပြည်ထောင်စု၏ သွင်းကုန်ခွန်ကောက်ခံမှု အပေါ် တရုတ်နိုင်ငံကလည်း ပြန်လည်လက်တုန့်ပြန်သွားမည်ဟု ဩဂုတ်လ (၂) ရက် (သောကြာနေ့) တွင် ကြေညာခဲ့သည့်အတွက် အမေရိကန်နှင့်တရုတ်တို့အကြား ကုန်သွယ်ရေးစစ်ပွဲ ပိုမိုပြင်းထန်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာစေျးနှုန်းများ ဆက်တိုက်ကျဆင်းခဲ့ပြီး ကမ္ဘာ့ရွှေစေျးနှုန်းမှာမူ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၄၄၀) အထက်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

            အမေရိကန်သမ္မတ၏ ကြေညာချက်ထွက်ပေါ်ခဲ့သည့် ဩဂုတ်လ (၁) ရက် (ကြာသပတေးနေ့) ညနေပိုင်းမှစ၍ လက်ရှိအချိန်ထိကာလအတွင်း အမေရိကန်စတော့ရှယ်ယာများ၏တန်ဖိုးမှာ ၀.၃% မှ ၀.၉၀% အထိလည်းကောင်း၊ ဥရောပစတော့ရှယ်ယာများ၏ တန်ဖိုးမှာ ၂% အထိလည်းကောင်း၊ ဂျပန်စတော့ရှယ်ယာများ၏ တန်ဖိုးမှာ၂.၁% အထိလည်းကောင်း၊ တရုတ် (ရှန်ဟိုင်း) စတော့ရှယ်ယာများ၏ တန်ဖိုးမှာ ၁.၅% အထိလည်းကောင်း၊ ဟောင်ကောင်စတော့ရှယ်ယာများတန်ဖိုးမှာ ၂.၅% အထိလည်းကောင်းအသီးသီးကျဆင်းခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာစေျးကွက်များတွင် စေျးနှုန်းအဆမတန်ကျဆင်းမှုများ ဖြစ်ပေါ်နေသောကြောင့် ရင်းနှီးမြှပ်နှံသူများအနေဖြင့် စတော့ရှယ်ယာအစား ရွှေစေျးကွက်အတွင်းသို့ ရင်းနှီးမြှပ်နှံမှုများ ပြောင်းလဲပြုလုပ်လာသည့်အတွက် ကမ္ဘာ့ရွှေစေျးနှုန်းမှာ ၂.၄% မြင့်တက်လာခဲ့ပြီး၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၃) ရက်(စနေနေ့) နံနက်ပိုင်းတွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၄၂.၉ သို့ရောက်ရှိခဲ့ကြောင်း www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှုများကို ကြုံတွေ့နေရသော်လည်း Huawei သည် ကမ္ဘာပေါ်၌ စမတ်ဖုန်းရောင်းချရမှု ဒုတိယအများဆုံး ကုမ္ပဏီအဖြစ် ဆက်လက်ရပ်တည်နေ

အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှုများကို ကြုံတွေ့နေရသော်လည်း Huawei သည် ကမ္ဘာပေါ်၌ စမတ်ဖုန်းရောင်းချရမှု ဒုတိယအများဆုံးကုမ္ပဏီအဖြစ် ဆက်လက်ရပ်တည်နေ

          အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှုများကို ကြုံတွေ့နေရသော်လည်း Huawei သည် ကမ္ဘာပေါ်၌ စမတ်ဖုန်းရောင်းချရမှု ဒုတိယအများဆုံးကုမ္ပဏီအဖြစ် ဆက်လက်ရပ်တည်နေကြောင်းသိရှိရပါသည်။

          ကမ္ဘာတစ်ဝန်းရှိ စမတ်ဖုန်းစေျးကွက်များအတွင်း စစ်တမ်းကောက်ယူမှုများအရ ၂၀၁၉ ခုနှစ်၊ ဧပြီလမှ ဇွန်လကုန်အထိ ဒုတိယ (၃) လပတ်ကာလအတွင်း ကမ္ဘာ့စမတ်ဖုန်းစေျးကွက်တွင် Samsung သည် စေျးကွက်ဝေစု၏ ၂၂% ၊ Huawei သည် စေျးကွက်ဝေစု ၏ ၁၇ % ၊ Apple သည် စေျးကွက်ဝေစု၏ ၁၁% ကိုအသီးသီးရယူထားပြီး စမတ်ဖုန်းစေျးကွက်တွင် ထိပ်ဆုံးနေရာများမှ ဦးဆောင်လျက်ရှိကြောင်း၊ Huawei အပေါ် အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများကြောင့်  မြောက်အမေရိကနှင့် အနောက်ဥရောပတို့က Huawei စမတ်ဖုန်းများဝယ်ယူသုံးစွဲမှုအား လျှော့ချသွားမည့်အခြေအနေကို ကာကွယ်နိုင်ရန်အတွက် တရုတ်ပြည်တွင်း၌ တိုးမြှင့်ရောင်းချနိုင်ရန် လုပ်ဆောင်ခဲ့ခြင်းနှင့်အတူ ၂၀၁၉ခုနှစ်၊ ဒုတိယ (၃) လပတ်ကာလအတွင်းတရုတ်ပြည်တွင်း၌ Huawei စမတ်ဖုန်းရောင်းချရမှုမှာ သိသိသာသာမြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာပေါ်၌ အလယ်လတ်တန်းစားအဆင့်ရှိသော Huawei စမတ်ဖုန်းများ တရုတ်ပြည်တွင်း၌ ရောင်းအားမြင့်တက်လာရခြင်းမှာ စမတ်ဖုန်းများ၏ ဒီဇိုင်းနှင့်သွင်ပြင်လက္ခဏာများ၏ အရည်အသွေးကို အကောင်းဆုံးတိုးမြှင့်ခဲ့ခြင်းနှင့် ဈေးနှုန်းလျှော့ချမှုများ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် Huawei သည် ကမ္ဘာပေါ်၌ စမတ်ဖုန်းရောင်းချရမှု ဒုတိယအများဆုံးကုမ္ပဏီအဖြစ် ရပ်တည်နေခြင်းဖြစ်သည်ဟုသိရှိရကြောင်း၊ ကမ္ဘာ့စမတ်ဖုန်းစေျးကွက်အတွင်း Samsung စမတ်ဖုန်းများ၏ ဈေးကွက်ဝေစု ပိုင်ဆိုင်ထားမှုပမာဏမှာ ပထမ (၃) လပတ်ကာလနှင့် နှိုင်းယှဉ်ပါက ၇% ပိုမိုရရှိလာပြီး Apple ၏ Iphoneရောင်းချမှုမှာမူယခုဒုတိယ (၃) လပတ်ကာလအတွင်း၌ ၈% ခန့် ကျဆင်းသွားခဲ့ကြောင်း၊ Apple ၏ Iphone သည် တရုတ်နိုင်ငံတွင် ပုံမှန်ရောင်းအားရှိနေသော်လည်းအိန္ဒိယနိုင်ငံနှင့် ဥရောပတိုက်အပါအဝင် အချို့သောစေျးကွက်များသည် စေျးနှုန်းကြီးမားသည့် Iphoneကို ဝယ်ယူမှုနည်းပါးလာသည်ဟု သိရှိရပါသည်။

          စမတ်ဖုန်းစေျးကွက်အတွင်း စစ်တမ်းကောက်ယူမှုများအရ တရုတ်ကုမ္ပဏီနှစ်ခုဖြစ်သော Xiaomi နှင့် Oppo တို့သည် ကမ္ဘာ့စမတ်ဖုန်းစေျးကွက်တွင် ထိပ်တန်းနံပါတ် (၄) နေရာနှင့် (၅) နေရာတို့သည့် အသီးသီးရပ်တည်လျက်ရှိပြီး ၎င်းတို့၏ရောင်းအားမှာ တရုတ်နိုင်ငံပြည်တွင်းစေျးကွက်ကို အဓိကအခြေပြုထားကြောင်း၊ ကမ္ဘာ့စမတ်ဖုန်းစေျးကွက်တွင် ထိပ်တန်းကုမ္ပဏီကြီး(၅) ခုရှိပြီး ၎င်းတို့မှာSansung ၊ Huawei ၊ Apple၊ Xiaomiနှင့် Oppo တို့ဖြစ်ရာထိပ်တန်းကုမ္ပဏီ (၅) ခုတွင် တရုတ်ကုမ္ပဏီ (၃) ခုပါဝင်နေကြောင်း၊ ထို့ပြင် ကမ္ဘာ့စမတ်ဖုန်းစေျးကွက် စုစုပေါင်းပမာဏ၏ ၄၂% ကိုပိုင်ဆိုင်ထားသည်မှာ တရုတ်ကုမ္ပဏီများဖြစ်သော Huawei ၊ Oppo ၊ Vivo ၊ Xiaomiနှင့် Realme အမည်ရှိတရုတ်ကုမ္ပဏီများဖြစ်ရာ ကမ္ဘာ့စမတ်ဖုန်းစေျးကွက်အား တရုတ်နည်းပညာကုမ္ပဏီများက လွှမ်းမိုးထားခြင်းဖြစ်ကြောင်း www.channelnewsasia.com.အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

UAE နိုင်ငံမှ Flydubaiလေကြောင်းလိုင်းသည် ထိုင်းနှင့်မြန်မာနိုင်ငံတို့သို့ လေကြောင်းခရီးစဉ်အသစ် တိုးချဲ့ပြေးဆွဲရန် စီစဉ်လျက်ရှိှ

UAE နိုင်ငံမှ Flydubai လေကြောင်းလိုင်းသည် ထိုင်းနှင့်မြန်မာနိုင်ငံတို့သို့ လေကြောင်းခရီးစဉ်အသစ်တိုးချဲ့ပြေးဆွဲရန် စီစဉ်လျက်ရှိ

          အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှ Flydubai လေကြောင်းလိုင်းသည် ထိုင်းနှင့်မြန်မာနိုင်ငံတို့သို့ လေကြောင်းခရီးစဉ်အသစ်များ တိုးချဲ့ရန် စီစဉ်လျက်ရှိသည်ဟု သိရှိရပါသည်။

          Flydubai လေကြောင်းလိုင်းက ၂၀၁၉ ခုနှစ်၊ဩဂုတ်လ (၁) ရက် (ကြာသပတေးနေ့) တွင် ထုတ်ပြန်သည့်ကြေညာချက်အရ Flydubaiလေကြောင်းလိုင်းသည် Emirates လေကြောင်းလိုင်းနှင့် တွဲဖက်စီစဉ်၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့မှစ၍  ထိုင်းနိုင်ငံ၊ ကရာဘီလေဆိပ်နှင့် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ လေယာဉ်ခရီးစဉ်အသစ်များကို နေ့စဉ်ပျံသန်းပြေးဆွဲသွားမည် ဖြစ်ကြောင်း၊ UAE နိုင်ငံမှ ထွက်ခွာပျံသန်းမည့် လေယာဉ်ခရီးစဉ်များအတွက် ခရီးသည်ဝင်ထွက်သွားလာမှုဆိုင်ရာ ဝန်ဆောင်မှုကိစ္စများကို ဒူဘိုင်းနိုင်ငံတကာလေဆိပ်ရှိ စင်္ကြံ – ၃ (Terminal 3) မှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရှိရပါသည်။

          မြန်မာနိုင်ငံသည် ကိုလိုနီခေတ်ဗိသုကာလက်ရာ အဆောက်အဦများနှင့် ရှေးဟောင်းအနုပညာဗိသုကာလက်ရာမြောက် စေတီပုထိုးများရှိနေခြင်းကြောင့် ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းစားနေခြင်းကြောင့် Flydubaiအနေဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊  အလားတူထိုင်းနိုင်ငံတောင်ပိုင်းရှိ ကရာဘီပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် အပန်းဖြေခရီးသွားသူ ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားရာနေရာဖြစ်သည့်အတွက် Flydubai သည်ကရာဘီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးစဉ် တိုးချဲ့ပြေးဆွဲရန် စီစဉ်ရခြင်းဖြစ်သည်ဟု သိရှိရပါသည်။

          Flydubai သည် ဒူဘိုင်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ အသွားအပြန်လေကြောင်းခရီးစဉ်အတွက် Business class နှုန်းထားကို ယူအေအီးနိုင်ငံသုံးငွေဒိုင်ရမ် (၇၀၀၀) သတ်မှတ်သွားမည်ဖြစ်ပြီးEconomy class နှုန်းထားကို ယူအေအီးနိုင်ငံသုံးငွေ ဒိုင်ရမ် (၂၀၀၀) သတ်မှတ်သွားမည်ဖြစ်ကြောင်း www.arabianbusiness.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

မှတ်ချက်။      အမေရိကန်တစ်ဒေါ်လာလျှင် ယူအေအီးနိုင်ငံသုံးငွေ (၃.၆၇) ဒိုင်ရမ်လဲလှယ်မှုနှုန်းရှိပါသည်။

အမေရိကန်ဒေါ်လာ (၃၀၀) ဘီလီယံခန့်တန်ဖိုးရှိ တရုတ်ကုန်စည်များအပေါ်၌ စက်တင်ဘာလ (၁) ရက်နေ့ မှစတင်၍ ထပ်ဆောင်းအခွန် ၁၀% ကောက်ခံမည်ဟု အမေရိကန်သမ္မတကရုတ်တရက်ကြေညာခဲ့သည့်အတွက် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၇% ကျဆင်းခဲ့

အမေရိကန်ဒေါ်လာ (၃၀၀) ဘီလီယံခန့်တန်ဖိုးရှိ တရုတ်ကုန်စည်များအပေါ်၌ စက်တင်ဘာလ (၁) ရက်နေ့မှစတင်၍ ထပ်ဆောင်းအခွန် ၁၀% ကောက်ခံမည်ဟု အမေရိကန်သမ္မတက ရုတ်တရက်ကြေညာခဲ့သည့် အတွက်  ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၇% ကျဆင်းခဲ့

        တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ယခုရက်ပိုင်းအတွင်းကျင်းပခဲ့သည့် အမေရိကန် – တရုတ်ကုန်သွယ်ရေးဆွေးနွေးပွဲတွင် သဘောတူညီမှု တစ်စုံတစ်ရာ မရရှိခဲ့သည့်အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ကုန်သွယ်ရေးစစ်ပွဲအား အရှိန်မြှင့်တင်သည့်အနေဖြင့် အမေရိကန်ဒေါ်လာ (၃၀၀) ဘီလီယံတန်ဖိုးရှိ တရုတ်သွင်းကုန်များအပေါ်၌ ထပ်တိုးခွန် ၁၀% အား ၂၀၁၉ ခုနှစ်၊စက်တင်ဘာလ (၁) ရက်နေ့မှစတင်၍ ကောက်ခံသွားမည်ဟု ကြေညာခဲ့ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁) ရက် (ကြာသပတေးနေ့) တွင် အမေရိကန်သမ္မတက ထုတ်ပြန်သည့် ကြေညာချက်၌ ယခုရက်သတ္တပတ်အတွင်းပြုလုပ်ခဲ့သည့် ကုန်သွယ်ရေးဆွေးနွေးပွဲတွင် တရုတ်နိုင်ငံသည် အမေရိကန်စိုက်ပျိုးရေး ထုတ်ကုန်များအား ပိုမိုဝယ်ယူရန် ကတိကဝတ်ပြုခဲ့ခြင်းမရှိခဲ့သည့်အတွက် ယခုကဲ့သို့ အခွန်သစ်ချမှတ်ခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ ယခုကောက်ခံမည့်အခွန်သည် တရုတ်နိုင်ငံမှ ထုတ်လုပ်သော လက်ကိုင်ဖုန်းမှစ၍ အဝတ်အစားများအထိ ကုန်စည်မျိုးစုံအပေါ်၌ အကျုံးဝင်ကြောင်း၊ အမေရိကန်သမ္မတ၏ ကြေညာချက်ထွက်ပေါ်ပြီးနောက်တွင် ကုန်သွယ်ရေးစစ်ပွဲကြောင့် ရေနံဝယ်လိုအား ကျဆင်းမည့်အပေါ် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာသည့်အတွက် ရေနံဈေးနှုန်းများ အဆမတန်ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂) ရက် (သောကြာနေ့) နံနက်ပိုင်းဈေးကွက်ဖွင့်ချိန်တွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းမှာ ၇.၉% ကျဆင်းခဲ့ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၃.၉၅) သို့ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းမှာလည်း ၆.၉၉% ကျဆင်းခဲ့ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၀.၅၀) သို့ရောက်ရှိခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းများသည် ရက်သတ္တပတ် (၇) ပတ်အတွင်း အနိမ့်ဆုံးဈေးနှုန်းများဖြစ်ကြောင်းwww.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။