အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (၆၈)နှစ်မြောက် နှစ်ပတ်လည်နေ့ ဂုဏ်ပြုဆောင်းပါး

တက်စုံ ရွက်ကုန် ခွင်းလို့ လွှင့်စို့

          ခေတ်သည်ပြောင်းနေ၏၊ ရွေ့နေ၏၊ စနစ်သည်လည်း ဟောင်းလာ၏၊ ညောင်းလာ၏၊ ခေတ်ဘယ်လိုပြောင်းပြောင်း စနစ်ဘယ်လိုဟောင်းဟောင်း လူတို့၏ကျင့်ဝတ်သိက္ခာနှင့်ကိုယ်ကျင့် တရားစောင့်ထိန်းမှုကတော့ ပြောင်းလဲ၍မရနိုင်ပေ၊ ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှု နည်းပါးပြီး ကိုယ်ကျင့်တရား ပျက်ယွင်းလာကြပါက ခေတ်စနစ်သည်လည်း လူတို့အတွက် အကျိုးပြုသည့် ခေတ်စနစ် ဖြစ်မလာနိုင်တော့ပေ။

          ခေတ်ပြောင်း၊ စနစ်ပြောင်းကြားတွင် လူတို့၏ ကိုယ်ကျင့်တရားပျက်စီးတတ်ပြီး သိက္ခာစောင့် ထိန်းမှုလည်း လျော့ပါးလာတတ်သည်၊ ရသမျှအခွင့်အရေးကို လွယ်လွယ်နှင့်ယူလာကြသည်၊ ခေတ် ပျက်၊ စနစ်ပျက်ပါက လူတို့၏ အကျင့်စာရိတ္တယိမ်းယိုင်လာပြီး ဖြတ်လမ်းနည်းသုံးကာ စားဝတ်နေ ရေးအတွက် ဖြေရှင်းကြလေ၏၊ မှန်သည်၊ မှားသည် မစဉ်းစားတော့ဘဲ ဆင်ခြင်တုံတရားမဲ့စွာ အလိုဆန္ဒတစ်ခုတည်းအတွက် ဦးတည်လုပ်ကိုင်လာကြသည်။

          မိမိတို့နိုင်ငံတွင်လည်း လူအချို့၏ အကျင့်စာရိတ္တပျက်ပြားပြီး ကိုယ်ကျင့်သိက္ခာစောင့်ထိန်းမှု မရှိခဲ့၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (ခ) စသုံးလုံးကို ဖွဲ့စည်း၊ အရေးယူပြုပြင်ခဲ့ရသည်၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး)ဝင် အရာရှိများကလည်း ဖွဲ့စည်းခဲ့သည့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း တည်ဆဲဥပဒေများအရ သမာသမတ်ကျစွာ စွမ်းဆောင်ခဲ့၍ လူရိုသေ ရှင်ရိုသေဌာနကြီးအဖြစ် ကာလရှည်ကြာစွာ ရပ်တည်နိုင်ခဲ့သည်၊ နိုင်ငံတော်နှင့်အများပြည်သူအကျိုး အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယအားကောင်းစွာဖြင့် စေတနာအပြည့်ဆောင်ရွက်တတ်မှုကြောင့် အဆက် ဆက်သော အစိုးရများ၏ယုံကြည်မှုကိုရရှိပြီး တာဝန်ပေးခံရမှုများရှိခဲ့ကာ ပေးအပ်သည့်တာဝန် များကို သစ္စာရှိရှိမှန်မှန်ကန်ကန်ထမ်းဆောင်ခဲ့သည့် သာဓကများစွာလည်းအထင်အရှားရှိခဲ့ပြီးဖြစ်သည်။

          မျက်မှောက်တွင်  ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့၏ လမ်းညွှန်မှုကိုခံယူပြီး ဦးစီးဌာနအကြီးအကဲများ ကိုယ်တိုင်ပါဝင်၍ ပင်မလုပ်ငန်းတာဝန်များကို ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ စိုက်ထုတ်ကာ အားအပြည့်ဖြင့် ထမ်းဆောင်လျက်ရှိပေသည်၊ ထို့အပြင် ဦးစီးဌာနဝန်ထမ်းများ လုံခြုံစိတ်ချစွာ တာဝန်ထမ်းဆောင်နိုင်ရေးနှင့် ရသင့်ရထိုက်သည့် ခံစားခွင့်များ၊ ရိက္ခာစရိတ်များရရှိရေး ဆောင်ရွက်ပေးခဲ့ပါသည်၊ ဝန်ထမ်းမိသားစုဝင်များ လိုက်ပါ နေထိုင်ရန် အိမ်ရာများ ဆောက်လုပ်ပေးနေသကဲ့သို့၊ ဝန်ထမ်းများ သတ်မှတ်ချိန်ရောက်ပါက ရာထူး ရရှိရေးနှင့် အဆောင်အယောင်များရရှိရေး စီစဉ်ပေးလျက်ရှိပေသည်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ  ပြည်နယ်ရုံးအဆောက်အဦ (၂)လုံး၊ ခရိုင်ရုံး (၇)လုံး၊ ရှေ့တန်းရုံး (၃)လုံး၊ လှုပ်ရှားရုံး (၅)လုံး၊ ဝန်ထမ်းအိမ်ရာ (၁၆)လုံး ဆောက်လုပ်ပေးနိုင်ခဲ့ပါသည်၊

 ထို့အပြင် ခေတ်နှင့်လျော်ညီပြီး သိအပ်တတ်အပ်သည့်စာတွေ့၊ လက်တွေ့ပညာရပ်များ သင်ကြားတတ်မြောက် နိုင်ရေးအတွက်လည်း ဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်တန်းကျောင်းကြီးကိုလည်း ရရှိ သည့် ဘဏ္ဍာငွေပေါ်မူတည်၍ တည်ဆောက်ခဲ့ရာ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်းကြီး အဖြစ် ခမ်းနားထည်ဝါစွာ ပေါ်ပေါက်လာသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ရပြီဖြစ်သည်။

          အဓိကလုပ်ငန်းဖြစ်သည့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းအပိုင်းတွင် ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ ဧပြီလအထိ စုံစမ်းမှုပေါင်း (၂၀၀) စစ်ဆေးခဲ့ပြီး (၄၀)ကို တရားစွဲတင်ပို့နိုင်ခဲ့ရာ ငွေကျပ် (၄.၇၁၁)ဘီလီယံ၊ အမေရိကန်ဒေါ်လာ (၆၅၁၂၈၆)၊ ယူရို (၃၃၀၀၀) နှင့် နိုင်ငံခြားငွေများကို ပြည်သူ့ ဘဏ္ဍာသိမ်းဆည်းနိုင်ခဲ့ပါသည်၊ ထို့အပြင် ငွေကျပ် (၅၃၆.၂၈) ဘီလီယံနှင့် အမေရိကန်ဒေါ်လာ (၁၈) သန်းကျော်ကို အခွန်စည်းကြပ်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ပါသည်။

ငွေကြေးခဝါချမှုနှင့်ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးအရေးယူခဲ့ရာ တွင် ၂၀၁၄ ခုနှစ်၊ မတ်လမှ ၂၀၁၉ ခုနှစ်၊ သြဂုတ်လအထိ စုစုပေါင်း (၃၁၄)မှုကို စိစစ်ခဲ့ပြီး စိစစ်ရေး အဖွဲ့ (၆၉)ဖွဲ့က ငွေကျပ်သန်း (၄၆၈၂၉.၇၇)ဖိုးရှိ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများနှင့်အမေရိကန်ဒေါ်လာ (၄၈၇၁၇၄.၇၂)၊ စင်ကာပူဒေါ်လာ (၂၆၂၀)၊ မလေးရှားရင်းဂစ် (၂၉)၊ ထိုင်းဘတ် (၈၅၁၆၃၀၅)ကို ယာယီသိမ်းဆည်းခဲ့ပါသည်၊ စိစစ်ရေးအဖွဲ့ (၂၃)ဖွဲ့က အမှုပေါင်း (၆၇)မှု တရားစွဲတင်ခဲ့ရာ ငွေကျပ်သန်း (၂၂၁၂၆.၆၆)သန်းဖိုးရှိ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းနှင့်မရွှေ့ ပြောင်းနိုင်သည့်ပစ္စည်းများ၊ အမေရိကန်ဒေါ်လာ (၄၈၇၁၇၄.၂၁)၊ စင်ကာပူဒေါ်လာ (၂၆၂၀)၊ မလေးရှားရင်းဂစ် (၂၉)၊ ထိုင်းဘတ် (၈၅၁၆၃၀၅)ကို သက်သေခံအဖြစ် တင်ပြခဲ့ပါသည်၊ တရားစွဲ တင်ခဲ့သည့်အမှုများအနက် (၁၈)မှုကို သက်ဆိုင်ရာတရားရုံးများက စီရင်ခဲ့ပြီး ငွေကျပ်သန်း (၁၄၆၉.၁၁၃)နှင့် ထိုင်းဘတ်(၃)သန်းတန်ဖိုးရှိ နေအိမ်၊ တိုက်ခန်း၊ မြေကွက်၊ လယ်ယာ၊ ဥယျာဉ်ခြံ၊ မော်တော်ယာဉ်၊ ရေယာဉ်၊ ဘဏ်ငွေ စာရင်းများ၊ အလုပ်ရုံ၊ စက်ရုံများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ပါသည်။

ဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် ဥပဒေအကြံပေးခြင်းလုပ်ငန်းသည် ယခုအခါ အရေးပါသည့်လုပ်ငန်းတစ်ရပ်ဖြစ်လာပြီး၊ ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် သဘောထား မှတ်ချက်နှင့် အကြံပြုချက်အများအပြား ပေးပို့နေရပေသည်၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအတွင်း Universal Periodic Review-UPR အကြံပြုတိုက်တွန်းချက်များ အကောင် အထည်ဖော်ရေးအတွက် ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးပြုပြင်ပြောင်းလဲ ရေးကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးတွင် ဦးစီဌာန၏ဆောင်ရွက်ချက်များ၊ နိုင်ငံ တကာအဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီ (International Anti-Corruption Acadamy-IACA) တွင် မြန်မာနိုင်ငံကအဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေးနှင့်စပ်လျဉ်းသည့် သဘောထားမှတ်ချက်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (၄) နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Framework for CLMV-Development Drafting Session) အပေါ် ကမ္ဘာ့နိုင်ငံရေးနှင့် ပထဝီအနေအထားအရ လိုက်လျောညီထွေဖြစ်မည့် ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရေးအတွက် Framework for CLMV Development  (မူကြမ်း)နှင့် ပတ်သက်သည့် သဘောထားမှတ်ချက်တို့ကို ပေးပို့ခဲ့ပါသည်၊  မြန်မာ နိုင်ငံသည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ စာချုပ်ကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့ပြီး  ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တွင် စာချုပ်စတင် အာဏာ အသက်ဝင်ပြီးဖြစ်သည်၊ စာချုပ်၏ အပိုဒ်ခွဲ ၁၇ အရ တစ်နှစ်အတွင်း ကနဦးအစီရင်ခံစာ တင်သွင်းရ မည်ဖြစ်ရာ အစီရင်ခံစာရေးသားရာတွင် ပါဝင်သင့်သည့် အချက်အလက်များကို အကြံပြုပေးပို့ခဲ့ သည့်အပြင် ကုန်သွယ်မှုဥပဒေ(မူကြမ်း)၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ် ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေပြင်ဆင်သည့် (ဥပဒေမူကြမ်း)၊ မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများနှင့်အမိန့်ကြော်ငြာစာပါ အရည်အချင်းသတ်မှတ်ချက်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေပုဒ်မ ၄၄(က)ကို ပြင်ဆင်ရန် အဆိုပြုသည့်ပြင်ဆင်ချက် (မူကြမ်း)၊ အများပြည်သူအကျိုးထုတ်ဖော်သတင်းပေးသူများ အကာအကွယ်ပေးရေးဥပဒေ (မူကြမ်း)၊ အမျိုး သမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)၊ သတင်းအချက်အလက်ရပိုင် ခွင့်ဥပဒေ(မူကြမ်း)တို့နှင့်ပတ်သက်၍လည်း သဘောထားမှတ်ချက်နှင့် အကြံပြုချက်များ ပေးပို့ခဲ့ပါသည်။

          မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC)ကို ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းပြန်လည် သုံးသပ်ခြင်းကို (၅)နှစ်တစ်ကြိမ် ဆောင်ရွက်ရန်အတွက် ပြန်လည်သုံးသပ်ရေးစက်ဝန်း (Review Cycle) အဖြစ် ပထမစက်ဝန်း(၂၀၁၀-၂၀၁၅)နှင့် ဒုတိယစက်ဝန်း(၂၀၁၆-၂၀၂၀)တို့ကို ချမှတ်ခဲ့ပါ သည်၊ ကွန်ဗင်းရှင်းအကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် များတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် အခြားဝန်ကြီးဌာနများနှင့် အတူပါဝင်ရလျက်ရှိပါသည်၊

          မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်တွင် ဒေသတွင်း အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် အာရှ- ပစိဖိတ် ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia- Pacific Group on Money Laundering – APG)သို့ ဝင်ရောက်ခဲ့သည်၊ APG အဖွဲ့ဝင်နိုင်ငံဖြစ်လာသည်နှင့်အညီ ငွေကြေးဆိုင်ရာအရေးယူ ဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force – FATF)မှ ထုတ်ပြန်ထားသော ငွေကြေးခဝါ ချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Anti Money Laundering and Counter Financing of Terrorism- AML/CFT) ဆိုင်ရာ အကြံပြုချက်များ(Recommendations) အပေါ်  နည်းပညာပိုင်းအရ လိုက်နာဆောင်ရွက်မှုနှင့်လိုက်နာဆောင်ရွက်မှု၏ ထိရောက်မှုတို့အပေါ် အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ခြင်း (Mutual  Evaluation – ME)ကို  အလှည့်ကျ ခံယူရပါသည်၊ APG၏ မြန်မာနိုင်ငံအပေါ်ပြုလုပ်သည့် နိုင်ငံအချင်းချင်းအပြန်အလှန်အကဲဖြတ်ခြင်း (Mutual Evaluation – ME) လုပ်ငန်းစဉ်အတွက် နည်းပညာပိုင်းဆိုင်ရာ အကောင်အထည်ဖော် ဆောင်မှု (Technical Compliance – TC)ဆိုင်ရာမေးခွန်းများအနက် ဥပဒေစိုးမိုးရေးအဖွဲ့အစည်း များက ဖြေကြားရမည့် မေးခွန်းများကိုဖြေဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ တွင် ဦးစီးဌာနအရာရှိများက ပါဝင်ခဲ့ရပါသည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဥက္ကဌ အဖြစ်ပါဝင်သော ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုဆိုင်ရာအမျိုးသားအဆင့် အန္တရာယ်အကဲဖြတ်ရေးကော်မတီ (National Risk Assessment – NRA)  ကို ဖွဲ့စည်းခဲ့ရာတွင် ဦးစီး ဌာနမှ အရာရှိများမှာ ကော်မတီဝင်အဖြစ် ပါဝင်ခဲ့ပါသည်။ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာအမျိုးသားအဆင့် အန္တရာယ် အကဲဖြတ်ချက်အစီရင်ခံစာ (NRA  Report) (မူကြမ်း)ထွက်ရှိလာသည့်အခါတွင်လည်း ဦးစီးဌာနက ပြင်ဆင်မှုနှင့်ဖြည့်စွက်မှုများတွင် ပါဝင်ခဲ့ပါသည်။

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာအမျိုးသားအဆင့် မဟာ ဗျူဟာ(မူကြမ်း)ရေးဆွဲရေးကော်မတီတွင် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်မှာ ကော်မတီဝင်အဖြစ် ပါဝင်ခဲ့ပြီး၊ အမျိုးသားအဆင့်မဟာဗျူဟာ၏ နယ်ပယ်(၁)နှင့် (၅)ဆိုင်ရာကြီးကြပ်ရေးကော်မတီတွင် ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူခင်း၊ စုံ/ငွေ ၊ စစ်ဆေးရေး)နှင့် နယ်ပယ်(၂)နှင့် (၄)ဆိုင်ရာ ကြီးကြပ်ရေးကော်မတီတွင် ညွှန်ကြားရေးမှူး(မှုခင်း)တို့က အဖွဲ့ဝင်အဖြစ်ပါဝင်လျက်ရှိသည်၊ မိမိ ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရမည့် တာဝန်များကို သတ်မှတ်အချိန်အတွင်း ထိရောက် စွာဆောင်ရွက်ရဦးမည် ဖြစ်သည်။

          အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် ချမှတ်ထားသည့် အဓိကလုပ်ငန်းတာဝန်များအပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ကို မိတ်ဖက်ဌာနများနှင့် ပူးပေါင်းကာဆောင်ရွက်ရလျက်ရှိပါသည်၊ ဦးစီးဌာနဝန်ထမ်းများကလည်း အချင်းချင်းစည်းလုံးညီညွှတ်စွာဖြင့် ဦးစီးဌာနကြီး လူရိုသေရှင်ရိုသေဌာနကြီးအဖြစ် ဆက်လက်ရပ် တည်နိုင်ရေးအတွက် ဦးစီးဌာန၏လုပ်ငန်းများကို စေတနာအပြည့်၊ အားအပြည့် အတွေးအမြင်သစ် များဖြင့် သစ္စာရှိရှိ ပါဝင်ထမ်းဆောင်ရန် လိုမည်ဖြစ်သည်။

သန်းထွဋ်ဝင်း