အမေရိကန်ပြည်ထောင်စု၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ကျဆင်းခဲ့ခြင်းနှင့်အတူ ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၂၀) ဒေါ်လာကျော် မြင့်တက်ခဲ့

အမေရိကန်ပြည်ထောင်စု၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ကျဆင်းခဲ့ခြင်းနှင့်အတူ ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၂၀) ဒေါ်လာကျော် မြင့်တက်ခဲ့

          အမေရိကန်ပြည်ထောင်စု၊ အရီဇိုနားပြည်နယ်အခြေစိုက်ထားသော လေ့ကျင့်သင်ကြားခြင်းအပါအဝင် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ထုတ်ပြန်ပေးခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိသည့် Institute for Supply Management (ISM) မှ ထုတ်ပြန်သည့်အစီရင်ခံစာထွက်ပေါ်ပြီးနောက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၂၀) ဒေါ်လာကျော် မြင့်တက်ကာ (၆) နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃) ရက် (အင်္ဂါနေ့) တွင် ISM က ထုတ်ပြန်သည့် စာရင်းအချက်အလက်များ၌ လွန်ခဲ့သည့် ဩဂုတ်လအတွင်း အမေရိကန်ပြည်ထောင်စု၏ ကုန်ထုတ်လုပ်ရေးကဏ္ဍတိုးတက်မှုပမာဏမှာ ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ပမာဏအောက်၂.၁% လျော့နည်းကာ ၄၉.၁% ခန့်သာရှိခဲ့ကြောင်း၊ အဆိုပါပမာဏသည်  ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ပိုင်း (၃) နှစ်ကျော်ကာလအတွင်း အမေရိကန်ပြည်ထောင်စု၏ ကုန်ထုတ်လုပ်ရေးကဏ္ဍတိုးတက်မှုပမာဏ အနိမ့်ဆုံးအနေအထားဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ ယင်းအစီရင်ခံစာထွက်ပေါ်ပြီးနောက် ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးတိုးတက်မှုအပေါ်ယုံကြည်မှု လျော့နည်းသွားခြင်းနှင့်အတူ ငွေကြေးအစားရွှေဈေးကွက်တွင် သာရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်လာကြသောကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

          ထို့ပြင် တရုတ်ကုန်ပစ္စည်းများအပေါ် ယခုစက်တင်ဘာလ (၁) ရက်မှစ၍ အမေရိကန်အစိုးရက ထပ်ဆောင်းသွင်းကုန်ခွန် တိုးမြှင့်ကောက်ခံခဲ့ခြင်းနှင့်ပတ်သက်၍ အမေရိကန်အစိုးရအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) ထံ အမှုဖွင့်တိုင်ကြားသွားမည်ဟု တရုတ်အစိုးရကကြေညာခဲ့ခြင်းနှင့် အမေရိကန် – တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲများမှ ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်းမရှိဘဲ ကြန့်ကြာနေမည်ဆိုပါက မိမိ၏သမ္မတ ဒုတိယသက်တမ်းကာလတွင်လည်း တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးတင်းကြပ်မှုများ ထပ်မံပြုလုပ်သွားမည်ဟူ၍ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃) ရက် (အင်္ဂါနေ့) တွင်ခြိမ်းခြောက်ပြောကြားခဲ့ခြင်းတို့ကြောင့် အမေရိကန်- တရုတ်ကုန်သွယ်ရေးတင်းမာမှုများ ကာလရှည်ဖြစ်ပေါ်နေမည့်အပေါ် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာခြင်းသည်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကို မြင့်တက်စေခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။          

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၄) ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းဈေးကွက်ဖွင့်ချိန်တွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေတစ်အောင်စ၏ ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၂၆.၅) ဒေါ်လာ/ ရာခိုင်နှုန်းအားဖြင့် ၁.၇၃% မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၅၅.၉) ဒေါ်လာ ၌ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် (၆) နှစ်တာကာလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်း အမြင့်ဆုံးအနေအထားပင်ဖြစ်ကြောင်း www.xinhuanet.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။