ဆော်ဒီအာရေဗျနိုင်ငံ၌ စွမ်းအင်ဝန်ကြီးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့

          ဆော်ဒီအာရေဗျ ဘုရင်ဆယ်လ်မန်သည် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၈) ရက် (တနင်္ဂနွေနေ့) ၌၎င်း၏သားဖြစ်သူ မင်းသားအဗ္ဗဒူလာဇစ်ဘင်ဆယ်လ်မန်အား ဆော်ဒီအာရေဗျနိုင်ငံ စွမ်းအင်ဝန်ကြီးခါလစ်အယ်ဖာလစ်၏နေရာတွင် အစားထိုးခန့်အပ်ခဲ့ရာ ဆော်ဒီအာရေဗျနိုင်ငံ၏ သမိုင်းတွင် ဘုရင်မိသားစုဝင်တစ်ဦးက စွမ်းအင်ဝန်ကြီးနေရာကို ပထမဦးဆုံးအကြိမ်ရယူခြင်းပင်ဖြစ်ကြောင်း၊ မင်းသားအဗ္ဗဒူလာဇစ်သည် အိုပက်အဖွဲ့၏ အစည်းအဝေးများသို့ ဆော်ဒီအာရေဗျနိုင်ငံ ကိုယ်စားလှယ်အဖွဲ့အဖြစ် နှစ်ရှည်လများတက်ရောက်ခဲ့ဖူးသူဖြစ်ပြီး ရေနံဈေးနှုန်းအားကောင်းစေရေးအတွက် ရေနံထုတ်လုပ်မှုကို အများအပြားလျေှာ့ချရန် ဆန္ဒရှိသူတစ်ဦးဖြစ်ကြောင်း၊ ထို့ကြောင့်မင်းသားအဗ္ဗဒူလာဇစ်ကို စွမ်းအင်ဝန်ကြီးအဖြစ် ခန့်အပ်ကြောင်းသတင်းများ ထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ဈေးကွက်အတွင်းရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

          ထို့ပြင် တရုတ်အစိုးရက ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည့် ရေနံတင်သွင်းမှုဆိုင်ရာသတင်းအချက်အလက်များ၌ ၂၀၁၉ခုနှစ်၊ ဩဂုတ်လအတွင်း တရုတ်နိုင်ငံ၏ ပြည်ပမှရေနံတင်သွင်းမှုမှာ ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၃% မြင့်တက်ခဲ့သည်ဟု ဖော်ပြထားခြင်းနှင့် ကမ္ဘာတစ်ဝန်းရှိ ရေနံကုမ္ပဏီများအတွက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အမေရိကန်ကုမ္ပဏီ Baker Hughes ၏အစီရင်ခံစာ၌ အမေရိကန်နိုင်ငံတစ်ဝန်း‌ ရေနံတူးစင်အရေအတွက်မှာ ယခုရက်သတ္တပတ်အတွင်း၌ (၄) စင်လျော့နည်းသွားခဲ့ပြီး စုစုပေါင်းရေနံတူးစင်အရေအတွက် (၇၃၈) စင်ခန့်သို့ရောက်ရှိသွားသည်ဟု ဖော်ပြထားခြင်း အစရှိသော အချက်များသည်လည်း ရေနံဈေးနှုန်းများကို မြင့်တက်စေသည့် အခြားအချက်များဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်(တနင်္လာနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းတစ်စည်၏ ကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းမှာ ၁% မြင့်တက်ခဲ့ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၇.၀၉) သို့ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းမှာ ၀.၉% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၂.၀၇) သို့ရောက်ရှိခဲ့ကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။