ဥရောပသမဂ္ဂဗဟိုဘဏ်အစည်းအဝေးဂယက်နှင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးတို့၏ စီးပွားရေးသုံးသပ်ချက်တို့ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ဆက်လက်ကျဆင်းခဲ့

ဥရောပသမဂ္ဂ ဗဟိုဘဏ်အစည်းအဝေးဂယက်နှင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးတို့၏ စီးပွားရေးသုံးသပ်ချက်တို့ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာဆက်လက် ကျဆင်းခဲ့

ဥရောပသမဂ္ဂ ဗဟိုဘဏ်အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက် (ကြာသပတေးနေ့) တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါအစည်းအဝေးတွင် ယူရိုငွေကြေးနှင့်ပတ်သက်သည့် ငွေကြေးမူဝါဒများ အပြောင်းအလဲ ဖြစ်ပေါ်ဖွယ်ရှိပြီး အဆိုပါဂယက်သည် ကမ္ဘာ့ ငေွကြေးဈေးကွက်အတွင်းသို့ ရိုက်ခတ် လာဖွယ်ရှိသည့်အတွက် ယင်းအစည်းအဝေး၏ရလဒ်ကို ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်လျက်ရှိသောကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေဝယ်လိုအားရပ်တန့်ကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ ဆက်လက်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

ထို့ပြင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မြူချင်သည် စက်တင်ဘာလ (၉) ရက် (တနင်္လာနေ့) တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် တရုတ်နှင့် ကုန်သွယ်ရေးညှိနှိုင်းမှုများ ပြန်လည်ပြုလုပ်ရန် ကြိုးပမ်းနေပြီး အမေရိကန်ပြည်ထောင်စုသည် စီးပွားရေးကျဆင်းမှုပြဿနာကို ကြုံတွေ့နိုင်ဖွယ်မရှိဟု အာမခံချက်ပေးခဲ့ခြင်းနှင့် ကမ္ဘာပေါ်၌ ရွှေအရောင်းအဝယ် အများဆုံးပြုလုပ်နေသည့် SPDR Gold Trust သည် စက်တင်ဘာလ (၉) ရက် တစ်နေ့တာကာလအတွင်း၌ပင် အရန်ရွှေပမာဏအနက်မှ ၀.၈၂% ကို ဈေးကွက်အတွင်းသို့ ထုတ်ရောင်းခဲ့ပြီး အရန်ရွှေပမာဏကို စုစုပေါင်းတန်ချိန် (၈၈၂.၄၂) တန်အထိ လျှော့ချခဲ့ခြင်းတို့သည်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကို ကျဆင်းစေသည့် အခြားအချက်များဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်(အင်္ဂါနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေလက်ငင်းရောင်းဝယ်မှု ဈေးနှုန်းမှာ ၀.၆% ကျဆင်းခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၄၉၀.၄၈) သို့ ရောက်ရှိခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းသည် ယခုရက်သတ္တပတ်အတွင်း ၅% ကျဆင်းခဲ့ကြောင်း ဖော်ပြပါရှိပါသည်။