အမေရိကန်ပြည်ထောင်စု၏ ရေနံအရန်သိုလှောင်မှု အလွန်အမင်းကျဆင်းခဲ့သည့် အစီရင်ခံစာ ထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိမှု

အမေရိကန်ပြည်ထောင်စု၏ ရေနံအရန်သိုလှောင်မှု အလွန်အမင်းကျဆင်းခဲ့သည့် အစီရင်ခံစာ ထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိမှု

www.reuters.com အင်တာနက် website တွင်ဖော်ပြထားသည့်သတင်းမှာ အမေရိကန် ပြည်ထောင်စုအမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်၏ အကြုံပြုချက်များကို ကောင်းစွာ သဘောတူ နှစ်ခြိုက်မှုမရှိသည့်အတွက် ရာထူးမှနုတ်ထွက်ပေးရန် သမ္မတဒေါ်နယ်လ်ထရန့်က တောင်းဆိုခဲ့သည် ဟူသော သတင်းထွက်ပေါ်ခဲ့ပြီးနောက် ရေနံဈေးနှုန်းများ အနည်းငယ်ကျဆင်းခဲ့သော်လည်း အမေရိကန်ပြည်ထောင်စု၊ ရေနံလုပ်ငန်ရှင်းများအသင်း(API)က ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၁၀) ရက်(အင်္ဂါနေ့)ညနေပိုင်းတွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ အမေရိကန်ပြည်ထောင်စု၏ ရေနံ အရန်သိုလှောင်မှုပမာဏသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း စည်ပေါင်း (၇.၂) သန်းခန့် ကျဆင်းခဲ့ပြီး ရေနံစည်စုစုပေါင်း(၄၂၁.၉)သန်းခန့်သာ ကျန်ရှိတော့သည်ဟု ဖော်ပြထားကြောင်း၊ ယင်း အစီရင်ခံစာထွက်ပေါ်ပြီးနောက် အမေရိကန်ပြည်ထောင်စု၏ ရေနံသုံးစွဲမှုများပြားလျက်ရှိကာ ရေနံဝယ်လိုအားလည်းမြင့်တက်လာဖွယ်ရှိသည်ဟူသောခန့်မှန်းချက်များနှင့်အတူကမ္ဘာ့ဈေးကွက်အတွင်းရေနံဈေးနှုန်းများဆက်လက်မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

            ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ရေနံထုတ်လုပ်ရေးနှင့်ပတ်သက်၍ မူဝါဒပြောင်းလဲခြင်း မရှိဘဲ ဆော်ဒီပါဝင်သော အိုပက်အဖွဲ့နှင့် အဖွဲ့ဝင်မဟုတ်သော နိုင်ငံများအကြား ရယူထားသည့် တစ်နေ့လျှင် ရေနံစည်ပေါင်း (၁.၂) သန်းလျှော့ချ ထုတ်လုပ်မည့် သဘောတူညီချက်ကို ဆက်လက် အကောင်အထည်ဖော်လုပ်ဆောင်သွားမည်ဟု ဆော်ဒီအာရေဗျနိုင်ငံ စွမ်းအင်ဝန်ကြီးအသစ်ဖြစ်သော ဆော်ဒီအိမ်ရှေ့မင်းသား အဗ္ဗဒူလာဇစ်ဘင်ဆယ်လ်မန်က ယခုရက်ပိုင်းအတွင်း ပြောကြားခဲ့ခြင်း သည်လည်း ရေနံဈေးနှုန်းများကို ဆက်လက်မြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

            ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်(ဗုဒ္ဓဟူးနေ့)နံနက်ပိုင်းတွင်နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းတစ်စည်၏ ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၉% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၅၇.၉၄) သို့ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်း ကြိုတင် ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၆% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၂.၈၉) သို့ ရောက်ရှိခဲ့ကြောင်းဖော်ပြပါရှိပါသည်။