Facebook သည် Libra ဒီဂျစ်တယ်ငွေကြေးကိုထုတ်ဝေရာ၌ အမေရိကန်ဒေါ်လာကို အဓိကအခြေပြုချိတ်ဆက်၍ ထုတ်ဝေသွားမည်ဟု သိရှိရ

          Facebook သည် Libra ဒီဂျစ်တယ်ငွေကြေးကို ထုတ်ဝေရာ၌ Libra ငွေကြေး၏တန်ဖိုးခိုင်မာမှုရှိစေရန်အတွက် အရန်အာမခံအဖြစ်ထားရှိမည့် အရာများတွင် နိုင်ငံတကာသုံးငွေကြေးများနှင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိအစိုးရများမှ ထုတ်ဝေထားသော ကာလတိုငွေတိုက်စာချုပ်စာတမ်းများ ပါဝင်မည်ဖြစ်ပြီး အာမခံထားရှိမည့်ငွေကြေးများ၏ ၅၀% မှာအမေရိကန်ဒေါ်လာများဖြစ်သည်ဟု သိရှိရကြောင်းFacebook သည် Libra ဒီဂျစ်တယ်ငွေကြေးကို ထုတ်ဝေရာ၌ အမေရိကန်ဒေါ်လာကို အဓိကအခြေပြုချိတ်ဆက်၍ ထုတ်ဝေသွားမည်ဟု သိရှိရပါသည်။

          Facebook မှ ထုတ်ဝေမည့် Libra ဒီဂျစ်တယ်ငွေကြေးနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်းရှိဗဟိုဘဏ်များ၊ ဥပဒေပြုလွှတ်တော်အမတ်များနှင့် ငွေကြေးမူဝါဒရေးဆွဲသူများက စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေချိန်တွင် ဂျာမနီလွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဖာဘီယိုဒီမက်ဆီသည်  ဆွစ်ဇာလန်နိုင်ငံတွင် အခြေပြုဖွင့်လှစ်ထားသည့် Libra Association ထံသို့ ငွေကြေးထုတ်ဝေမည့် ကိစ္စနှင့်ပတ်သက်၍ စာရေးသားမေးမြန်းခဲ့ရာတွင် Libra Association တာဝန်ရှိသူများက Libraငွေကြေးကို အာမခံပေးနိုင်မည့် အရန်ငွေထူထောင်ထားရှိရန်ကိစ္စကို စာဖြင့်ယခုကဲ့သို့ အကြောင်းပြန်ကြားခဲ့သည်ဟု သိရှိရကြောင်း၊ Libra Association ကိုFacebookနှင့် မိတ်ဖက်စီးပွားရေးလုပ်ငန်းများ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများက တည်ထောင်ထားခြင်းဖြစ်ကြောင်းသိရှိရပါသည်။

          Libra Association ၏ အကြောင်းပြန်ကြားစာတွင် Libra ဒီဂျစ်တယ်ငွေကြေးနှင့် အဓိကထားအခြေပြုချိတ်ဆက်ရန် ရည်ရွယ်ထားသည့် ငွေကြေးများတွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန်ယန်း၊ စတာလင်ပေါင် နှင့် စင်ကာပူဒေါ်လာတို့ ပါဝင်ပြီး Libraငွေကြေးအသုံးပြုသူများယုံကြည် စိတ်ချစွာသုံးစွဲနိုင်ရန်အတွက် Facebook က အာမခံငွေကြေးအဖြစ်ထားရှိမည့် နိုင်ငံတကာအရန် ငွေကြေးများတွင် အမေရိကန်ဒေါ်လာ ၅၀%၊ ယူရိုငွေ ၁၈%၊ ဂျပန်ယန်းငွေ ၁၄%၊ ဗြိိတိသျှစတာလင်ပေါင် ၁၁% နှင့် စင်ကာပူဒေါ်လာ ၇% တို့ ပါဝင်သည်ဟုဖော်ပြထားကြောင်းသိရှိရပါသည်။

          Libraသည် အာမခံငွေကြေးအဖြစ်ထားရှိမည့် နိုင်ငံတကာအရန်ငွေကြေးများတွင် တရုတ် ယွမ်ငွေကို ထည့်သွင်းထားခြင်းမရှိသကဲ့သို့ Libra က ရည်ညွှန်းငွေကြေးလဲလှယ်မှုနှုန်းသတ်မှတ် ကာအခြေပြုချိတ်ဆက်မည့် ငွေကြေးများတွင်လည်း တရုတ်ယွမ်ငွေမပါဝင်ကြောင်း၊ လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စုနှင့်တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေသည့်အပြင် အမေရိကန်အစိုးရတာဝန်ရှိသူအများစုသည် တရုတ်အစိုးရ၏ ယွမ်ငွေကြေးတန်ဖိုးဆိုင်ရာမူဝါဒအပေါ် အဆိုးမြင်သည့် သဘောထားများရှိနေသည့်အတွက် Facebookတာဝန်ရှိသူများအနေဖြင့် Libraဒီဂျစ်တယ်ငွေကြေးထုတ်ဝေသည့်ကိစ္စတွင် အမေရိကန်တာဝန်ရှိသူများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ထပ်မံမဖြစ်ပေါ်စေရန်အတွက် Libraနှင့် အဓိကချိတ်ဆက်မည့် အာမခံငွေကြေးများစာရင်းတွင်  ယွမ်ငွေကိုတမင်ချန်လှပ်ထားခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းရကြောင်း www.reuters.comအင်တာနက် website တွင် ဖော်ပြပါရှိပါသည်။