တရုတ်နိုင်ငံနှင့် အီရန်နိုင်ငံတို့အပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ပြင်းထန်သည့် တုံ့ပြန်မှုများကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၀၀) အထက်သို့ ပြန်လည် မြင့်တက်ခဲ့

 တရုတ်နိုင်ငံနှင့် အီရန်နိုင်ငံတို့အပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ပြင်းထန်သည့် တုံ့ပြန်မှုများကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၀၀) အထက်သို့ ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။          

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ကုန်သွယ်ရေးစစ်ပွဲကိစ္စနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက် (သောကြာနေ့) တွင် ပြောကြားရာ၌ တရုတ်အစိုးရအနေဖြင့် အမေရိကန် လယ်ယာထွက်ကုန်ပစ္စည်းများကို ဝယ်ယူပေးမည့် ကိစ္စတစ်ခုတည်းကိုသာ ကတိမပေးဘဲကုန်သွယ်ရေးစစ်ပွဲတစ်ခုလုံး ပြီးဆုံးစေရန်အတွက် တရုတ်နိုင်ငံဘက်မှ လိုက်လျောပေးနိုင်သည့် အရာအားလုံးကို လိုက်လျောပေးရန် လိုအပ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အနေအထားအရတရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ပြီးပြည့်စုံသော ကုန်သွယ်ရေးသဘောတူညီမှုရရှိရေးကိစ္စမှာ ၂၀၂၀ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလသို့ ရောက်ရှိသည့်တိုင်အောင် အကောင်အထည် ပေါ်ပေါက်လာနိုင်မည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း၊ သမ္မတဒေါ်နယ်ထရန့်၏ ပြောကြားချက်ထွက်ပေါ်ပြီးနောက်တွင် အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေသော တရုတ်ကိုယ်စားလှယ်အဖွဲ့သည် မွန်တာနားပြည်နယ်နှင့် နီဘရက်စ်ကားပြည်နယ်များသို့ သွားရောက်၍ လယ်ယာထွက်ကုန်ပစ္စည်းများဝယ်ယူရေးကို ညှိနှိုင်းမည့် ၎င်းတို့၏ခရီးစဉ်ကိုဖျက်သိမ်းကာ တရုတ်နိုင်ငံသို့ပြန်လည်ထွက်ခွာရန် ပြင်ဆင်လျက်ရှိကြောင်း၊ ထို့ကြောင့် အမေရိကန် – တရုတ်ကုန်သွယ်ရေးဆွေးနွေးမှုများမှာ သေချာရေရာမှုမရှိသည့် အနေအထားသို့ ဆိုက်ရောက်သွားခဲ့ခြင်းနှင့်အတူ ကမ္ဘာ့ စီးပွားရေးအပေါ် ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေသည့်အတွက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၀၀) အထက်သို့ ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။         

ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံရှိရေနံတွင်းများ တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ အီရန် နိုင်ငံဗဟိုဘဏ်အပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အမေရိကန်ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီးဌာနအား အမိန့်ပေးညွှန်ကြားခဲ့သည့်အတွက် အမေရိကန် နှင့်အီရန်နိုင်ငံတို့အကြား တင်းမာမှုများမှတစ်ဆင့် အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေပိုမိုဆိုးရွားလာဖွယ်ရှိခြင်းသည်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကို မြင့်တက်စေသည့်အခြားအချက် တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်(စနေနေ့)နံနက်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေ လက်ငင်းရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၆% မြင့်တက်ခဲ့ပြီးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၀၈.၆၃) သို့ ရောက်ရှိခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းသည် ယခုရက်သတ္တပတ်အတွင်း ၁.၅% ခန့် မြင့်တက်ခဲ့ကြောင်းwww.marketwatch.comအင်တာနက် website တွင်ဖော်ပြပါရှိပါသည်။