အမေရိကန်ဗဟိုဘဏ် အစည်းအဝေးအပြီးကျင်းပခဲ့သည့် ဂျပန်ဗဟိုဘဏ်အစည်းအဝေးတွင် ဘဏ်တိုးနှုန်းကိုလက်ရှိအနေအထားအတိုင်း ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့

လက်ရှိအချိန်၌ ဥရောပသမဂ္ဂဗဟိုဘဏ်နှင့် အမေရိကန်ဗဟိုဘဏ်အပါအဝင် ကမ္ဘာ့နိုင်ငံအများစုရှိ ဗဟိုဘဏ်များသည် ကမ္ဘာ့စီးပွားရေးအခြေအနေအပေါ် စိုးရိမ်ပူပန်မှုနှင့် ၎င်းတို့နိုင်ငံအသီးသီး၏ စီးပွားရေးပြန်လည်နှိုးဆွနိုင်ရန်တို့အတွက် ဘဏ်တိုးနှုန်းများကိုအသီးသီးလျှော့ချလျက်ရှိသော်လည်း ဂျပန်ဗဟိုဘဏ်မှာမူ ဘဏ်တိုးနှုန်းကို ထပ်မံလျှော့ချခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက် (ကြာသပတေးနေ့) တွင် ပြီးဆုံးခဲ့သည့် ဂျပန်ဗဟိုဘဏ် အစည်းအဝေး၌ ကာလတိုအပ်နှံငွေများအတွက် အတိုးနှုန်းကို (-) ၀.၁% နှင့် ကာလရှည်အပ်နှံငွေများအတွက် အတိုးနှုန်းကို ၀% ၌သာအသီးသီးဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အစည်းအဝေးမတိုင်မီ အချိန်များ၌ ဂျပန်ဗဟိုဘဏ်အနေဖြင့် ကာလတိုအပ်နှံငွေအတွက် အတိုးနှုန်းကို(-)၀.၄% သို့ လျှော့ချလိမ့်မည်ဟူသော သတင်းများထွက်ပေါ်ခဲ့သော်လည်း ဂျပန်ဗဟိုဘဏ်အနေဖြင့် အမေရိကန် ဗဟိုဘဏ်အစည်းအဝေးအပြီးဖြစ်ပေါ်လာသော ကမ္ဘာ့ငွေကြေးဈေးကွက်အခြေအနေကို သုံးသပ်ကာဘဏ်တိုးနှုန်းကို လက်ရှိအနေအထားအတိုင်း ဆက်လက်ထားရှိရန်နှင့် ငွေကြေးဈေးကွက်အတွင်းသို့ ဂျပန်ယန်းငွေအများအပြားဖြည့်တင်း၍ ဂျပန်ငွေတိုက်စာချုပ်များ ပြန်လည်ဝယ်ယူမည့် အစီအစဉ်များကိုလည်း စွန့်လွှတ်ခဲ့ကြောင်းသိရှိရပါသည်။          

ဂျပန်ယန်းငွေတန်ဖိုးသည် ဂျပန်ဗဟိုဘဏ်အစည်းအဝေးမတိုင်မီကာလများတွင် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ရာ၌ အမေရိကန်တစ်ဒေါ်လာလျှင် ဂျပန်ယန်းငွေ (၁၀၈.၀၈) ယန်းလဲလှယ်မှုနှုန်းဖြစ်ပေါ်ခဲ့ရာမှ ဂျပန်ဗဟိုဘဏ်အစည်းအဝေးအပြီးတွင် ၀.၁၄% မြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက် (သောကြာနေ့) နံနက်ပိုင်းတွင် အမေရိကန်တစ်ဒေါ်လာလျှင် ဂျပန်ယန်းငွေ(၁၀၇.၈၇)ယန်းလဲလှယ်မှုနှုန်းသို့မြင့်တက်သွားခဲ့ကြောင်းwww.xinhuanet. comအင်တာနက် website တွင်ဖော်ပြပါရှိပါသည်။