အီရန်နှင့် စစ်ရေးတင်းမာမှုဖြစ်ပေါ်နေချိန်တွင် အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန်တပ်ဖွဲ့များထပ်မံရောက်ရှိလာခြင်းနှင့် တက္ကဆက်ပြည်နယ်အတွင်းသို့ အီမယ်လ်ဒါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းတို့ကြောင့် ရေနံဈေးနှုန်းများ ၁% ခန့် မြင့်တက်ခဲ့

          အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာနေသည့် အချိန်တွင် အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန်တပ်ဖွဲ့များအား ထပ်မံစေလွှတ်၍ ဆော်ဒီအာရေဗျနိုင်ငံ၏လုံခြုံရေးကို အကာအကွယ်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်(တနင်္ဂနွေနေ့) တွင် ပြောကြားရာ၌ အမေရိကန်တပ်ဖွဲ့များသည် ဆော်ဒီအာရေဗျနိုင်ငံအား အခြားနိုင်ငံများမှ တိုက်ခိုက်လာမည့်အရေးကို တားဆီးကာကွယ်ပေးရန်အတွက်သာဖြစ်ပြီး အီရန်နိုင်ငံနှင့်စစ်မက်ဖြစ်ပွားရန် ရည်ရွယ်ချက်မရှိဟု ပြောကြားခဲ့ကြောင်း၊ သို့သော် အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန်တပ်ဖွဲ့များ ထပ်မံဝင်ရောက်လာသည့်အတွက် ဒေသတွင်းမတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်ကာ ရေနံထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ထိခိုက်လိမ့်မည်ဟူသော ခန့်မှန်းချက်များ ပေါ်ထွက်နေသောကြောင့် ရေနံဈေးနှုန်းများမှာ ၁% ခန့် မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

          ထို့ပြင် ယခုရက်ပိုင်းအတွင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်အတွင်းသို့ ဝင်ရောက်တိုက်ခတ်သွားသည့် အီမယ်လ်ဒါဟာရီကိန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများ၊ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် တက္ကဆက်ပြည်နယ်အတွင်းရှိ ရေနံထုတ်လုပ်သည့်လုပ်ငန်းများ ခေတ္တရပ်ဆိုင်းနေခြင်းသည်လည်း ရေနံဈေးနှုန်းများကို မြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း၊ တက္ကဆက်ပြည်နယ်သည် အမေရိကန်ပြည်ထောင်စုတွင် ရေနံအများဆုံးထုတ်လုပ်နေသော ပြည်နယ်ဖြစ်ပြီး တစ်နေ့လျှင်စည်ပေါင်း (၃) သန်းကျော်ခန့် ထုတ်လုပ်လျက်ရှိကြောင်း၊  ယခုအခါ အီမယ်လ်ဒါမုန်တိုင်း၏ အရှိန်ကြောင့် တက္ကဆက်ပြည်နယ်အတွင်းရှိရေနံချက်စက်ရုံအချို့မှာ လုပ်ငန်းများရပ်ဆိုင်းထားရသည့်အတွက် တစ်နေ့လျှင် စည်ပေါင်း (၃၆၉,၀၀၀) နီးပါးခန့် ထုတ်လုပ်မှု ကျဆင်းသွားသည်ဟု သိရှိရပါသည်။

          ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၉% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၈.၇၈) သို့ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၉% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၄.၉၇) သို့ ရောက်ရှိခဲ့ကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။