ထိုင်းနိုင်ငံ၌ အတုအစစ်ခွဲခြားရန် ခက်ခဲသော ရွှေချောင်းအတု (ClonedGold) များဈေးကွက်အတွင်းပျံ့နှံ့နေသဖြင့် ထိုင်းနိုင်ငံကျောက်မျက်ရတနာများအသင်းက သတိပေးချက်ထုတ်ပြန်ခဲ့

ထိုင်းနိုင်ငံ၌ အတုအစစ်ခွဲခြားရန်ခက်ခဲသော ရွှေချောင်းအတု (ClonedGold) များဈေးကွက်အတွင်း ပျံ့နှံ့နေသဖြင့် ထိုင်းနိုင်ငံကျောက်မျက်နှင့်ရတနာလုပ်ငန်းရှင်များ အသင်းကသတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ရွှေချောင်းများ၌ အပေါ်ယံကိုသာ ရွှေဖြစ်ပြုလုပ်ထားပြီးအတွင်းပိုင်း၌ ရွှေအစားအခြားသတ္တုများကိုထည့်သွင်းကာ ရာခိုင်နှုန်းပြည့် ရွှေသားစင်စစ်ဖြင့်ပြုလုပ်ထားသော ရွှေချောင်း၊ ရွှေတုံးများအသွင်ဖြင့် လိမ်လည်ရောင်းချနေခြင်းဖြစ်သည်ဟု သိရှိရကြောင်း၊ ထိုင်းနိုင်ငံအတွင်းရှိဈေးကွက်၌ ယင်းရွှေထည်ပစ္စည်းများကို Fake Gold ဟူသည့် အသုံးအနှုန်းအစားCloned Gold ဟူ၍ ခေါ်ဝေါ်သုံးစွဲလျက်ရှိကြောင်း၊ Cloned Goldမှာ လက်ရှိစစ်ဆေးနေသည့် ရွှေအတုအစစ်ခွဲခြားသည့် စက်များဖြင့် စစ်ဆေးရာ၌ပင် အတုအစစ်ခွဲခြားနိုင်ရန်အလွန်ခက်ခဲသည်ဟုသိရှိရပါသည်။          

ထိုင်းနိုင်ငံ ကျောက်မျက်နှင့် ရတနာလုပ်ငန်းရှင်များအသင်း (GIT) ၏ဒါရိုက်တာဒူအန်ကာမိုဂျီရန်ဘတ်က ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက် (တနင်္လာနေ့) တွင် ပြောကြားရာ၌ ယခုအခါ GIT ထံသို့ ရွှေအတုအစစ်ခွဲခြားပေးရန်အတွက် မေတ္တာရပ်ခံပေးပို့လာသည့် ရွှေချောင်း၊ ရွှေတုံးများ အများအပြားရောက်ရှိနေကြောင်း၊ ကနဦးစစ်ဆေးချက်များအရ အဆိုပါပစ္စည်းများ၏ မျက်နှာပြင်ကို ရွှေအစစ်ဖြင့်သွန်းလောင်းထားသော်လည်း အတွင်းပိုင်းတွင်မူ အခြားသတ္တုများထည့်သွင်းထားသောကြောင့် ရွှေ အတု/အစစ် ခွဲခြားစစ်ဆေးသည့် စက်ပစ္စည်းများအနေဖြင့် အတွင်းပိုင်းအထိ တိကျစွာမခွဲခြားနိုင်ကြောင်း၊ ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်ရာ၌ မူရာခိုင်နှုန်းပြည့် ရွှေသားစင်စစ်ဖြစ်ပြုလုပ်ထားသေ ာရွှေတုံး၊ ရွှေချောင်းများသဖွယ် လိမ်လည်၍ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း၊ သာမန်အားဖြင့် အလွယ်တကူမသိရှိနိုင်ဘဲ ချိုးဖဲ့စစ်ဆေးမှုများပြုလုပ်မှသာ ရွှေချောင်းအတုအများစုတွင် အတွင်းပိုင်း၌ ရွှေအစားအဖြိုက်နက်သတ္တုအများအပြားကို ထည့်သွင်းထားပြီး အချို့သောရွှေချောင်းအတုများတွင်မူ အတွင်းပိုင်း၌ ကြေးသို့မဟုတ် ခဲသတ္တုတစ်မျိုးမျိုးကို ထည့်သွင်းထားကာ ယင်းသတ္တုများ၏အပေါ်မှ ရွှေအစစ်ကိုဟန်ပြပုံလောင်းထားသည်ကိုတွေ့ရှိရကြောင်း၊ အလေးချိန်ဖြင့် တိုင်းတာစစ်ဆေးရာတွင်လည်းအဆိုပါ ရွှေချောင်းအတုများ၏အလေးချိန်မှာ ရွှေချောင်းအစစ်၏ အလေးချိန်နှင့် တထပ်တည်းတူညီလျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

GIT ၏ ဒါရိုက်တာဒူအန်ကာမိုဂျီရန်ဘတ်က ဆက်လက်ပြောကြားရာ၌ ထိုင်းနိုင်ငံတွင် ချမ်းသာကြွယ်ဝသူများသည် ရွှေစင်ရွှေသားရာခိုင်နှုန်းပြည့်ဖြင့်ပြုလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော်များကိုဝယ်ယူ၍ နေအိမ်များတွင် ထားရှိပူဇော်လေ့ရှိရာ ယခုအခါ ရွှေအတုများရောနှောထားသည့် ဗုဒ္ဓရုပ်ပွားတော်များကို လိမ်လည်ရောင်းချမှုများ ဖြစ်ပေါ်နေသည်ကိုလည်း တွေ့ရှိရကြောင်း၊ ယခုအခါ GIT ၏ ဓါတ်ခွဲခန်း၌ Ultrasonic wave များကိုအသုံးပြု၍ စမ်းသပ်သောနည်းများဖြင့် သံသယရှိသောရွှေတုံး၊ ရွှေချောင်းများအားစစ်ဆေးလျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း www.bangkokpost.comအင်တာနက် website တွင် ဖော်ပြပါရှိပါသည်။