အမေရိကန်သမ္မတဒေါ်နယ်ထရန့်အ‌ပေါ် အောက်လွှတ်တော်ရှိဒီမိုကရက်ပါတီလွှတ်တော်အမတ်များက အရေးယူနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်မည့်သတင်းကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းသွားခဲ့

အမေရိကန် သမ္မတဒေါ်နယ်ထရန့်သည် ၂၀၂၀ ခုနှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိစေရန်အတွက် ဒီမိုကရက်ပါတီသမ္မတလောင်းအဖြစ် ရေပန်းစားနေသူဂျိုဘီဒင်အားမသမာသောနည်းလမ်းဖြင့် အနိုင်ယူရန်ကြိုးပမ်းခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန်အောက်လွှတ်တော်ရှိ ဒီမိုကရက်ပါတီလွှတ်တော်အမတ်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်စီစဉ်နေကြောင်း သိရှိရပါသည်။ 

ဖြစ်စဉ်မှာ သမ္မတဒေါ်နယ်ထရန့်သည် ဂျိုဘီဒင်၏သားဖြစ်သူ ဟန်တာဘီဒင်အားယူကရိန်းရေနံကုမ္ပဏီတစ်ခုက အလွန်မြင့်မားသောလစာဖြင့် အလုပ်ခန့်အပ်ခဲ့သည့်ကိစ္စတွင် ဂျိုဘီဒင်နှင့် ယူကရိန်းရေနံကုမ္ပဏီတို့အကြား အကျိုးစီးပွားဆက်နွယ်နေသော အဂတိလိုက်စားမှုများရှိနိုင်သည် ဟူသောစွပ်စွဲချက်ဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန်အတွက် ယူကရိန်းသမ္မတဇာလင်စကီးထံ ဖိအားပေးတောင်းဆိုခဲ့ကြောင်း၊ တောင်းဆိုမှုကိုလိုက်လျောခြင်းမရှိပါက ယူကရိန်းသို့ အကူအညီပေးအပ်မည့်  အမေရိကန်ဒေါ်လာသန်း (၄၀၀) ကိုဆိုင်းငံ့ထားမည့်အကြောင်းကိုသမ္မတဒေါ်နယ်ထရန့်ကယူကရိန်းသမ္မတအား တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောကြားခဲ့သည်ဟု သိရှိရကြောင်း၊ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ဒီမိုကရက်ပါတီလွှတ်တော်အမတ် နန်စီပီလိုဆီသည် သမ္မတဒေါ်နယ်ထရန့်၏ လုပ်ရပ်အား အခြေခံဥပဒေကို ချိုးဖောက်သောဆိုးဝါးသည့်လုပ်ရပ်အဖြစ် သတ်မှတ်ခဲ့ပြီးသမ္မတအနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ တာဝန်ယူတာဝန်ခံမှုရှိရမည်ဟု ပြောကြားကာ သမ္မတအပေါ် တရားဝင်စုံစမ်းစစ်ဆေးရန်အတွက် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက် (အင်္ဂါနေ့) တွင် ဆုံးဖြတ်ခဲ့ကြောင်း၊ အမေရိကန်သမ္မတအပေါ်အောက်လွှတ်တော်က စုံစမ်းစစ်ဆေးမှုများပြုလုပ်မည့် သတင်းထွက်ပေါ်ပြီးနောက်တွင် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေအပေါ် စိုးရိမ်ပူပန်မှုများကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။          

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ငွေကြေးဈေးကွက် အတွင်း၌ အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၀.၂၈% ကျဆင်းခဲ့ပြီး အညွှန်းကိန်းအမှတ် (၉၈.၃၄) သို့ ရောက်ရှိခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းမှာမူ ၀.၅၇% မြင့်တက်ပြီးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၃၂.၂၀) သို့ ရောက်ရှိခဲ့ကြောင်းwww.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။