တရုတ်အစိုးရသည် ဘေကျင်းမြို့၌ ဒုတိယမြောက် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ထပ်မံဖွင့်လှစ်ခဲ့ပြီးနောက် ကမ္ဘာ့လေကြောင်းခရီးသွားဈေးကွက်တွင် တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ ယှဉ်ပြိုင်မှု ပိုမိုပြင်းထန်လာဖွယ်ရှိ

တရုတ်အစိုးရသည် ဘေကျင်းမြို့၌ ဒုတိယမြောက်အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် တာ့ရှန်း (Daxing) လေဆိပ်သစ်ကြီးကို၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက် (ဗုဒ္ဓဟူးနေ့) တွင်စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ တာ့ရှန်းလေဆိပ်သည်ဧရိယာ (၁၈) စတုရန်းမိုင်ခန့်ကျယ်ဝန်းပြီး အမေရိကန်ဒေါ်လာ (၆၃) ဘီလီယံခန့် အကုန်အကျခံ တည်ဆောက်ထားခြင်းဖြစ်ကာ လက်ရှိအချိန်၌ ကမ္ဘာပေါ်၌ အကြီးဆုံးလေဆိပ်အဖြစ် ရပ်တည်လျက်ရှိကြောင်း၊ တာ့ရှန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သည် ယခုဖွင့်လှစ်သည့် ကနဉီးအဆင့်၌ တစ်နှစ်လျှင် ခရီးသွားဦးရေ (၄၅) သန်းခန့်ကိုဝန်ဆောင်မှုပေးနိုင်ပြီး၂၀၂၅ခုနှစ်နောက်ပိုင်း၌ တစ်နှစ်လှျင် ခရီးသွားဦးရေသန်း (၁၀၀) ခန့်အထိဝန်ဆောင်မှုပေးနိုင်ရန်တရုတ်အစိုးရက မျှော်မှန်းထားကြောင်း၊ လက်ရှိအချိန်၌ အမေရိကန်ပြည်ထောင်စုရှိ အတ္တလန်တာအပြည်ပြည်ဆိုင်ရာလေဆိပ်သည် ကမ္ဘာပေါ်၌ ခရီးသွားများအဝင်အထွက်အများဆုံးလေဆိပ်အဖြစ် ရပ်တည်လျက်ရှိပြီး တစ်နှစ်လျှင် လေကြောင်းခရီးသွားဦးရေ (၁၀၇) သန်းခန့် ဝင်ထွက်သွားလာလျက်ရှိကြောင်း သိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့၏ အစီရင်ခံစာအရ တာ့ရှန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်ဖွင့်လှစ်ပြီးနောက်တွင် ကမ္ဘာ့လေကြောင်းခရီးသွားဈေးကွက်၌ တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ပြိုင်ဆိုင်မှုမှာ ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း၊ တရုတ်နိုင်ငံသည်လာမည့် (၅) နှစ်တာကာလအတွင်း အမေရိကန်ပြည်ထောင်စုကို ကျော်လွန်၍ ကမ္ဘာပေါ်၌ လေကြောင်းခရီးသွားလာမှု အများဆုံးဈေးကွက်အဖြစ်သို့ ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း၊ ၂၀၁၈ခုနှစ်အတွင်း ဘေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ထွက်သွားလာခဲ့သူခရီးသည်အရေအတွက်မှာ ၂၀၁၇ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၅.၄%  မြင့်တက်ခဲ့ပြီး (၁၀၁) သန်းခန့်ရှိခဲ့ကြောင်း၊ ၂၀၁၈ခုနှစ်အတွင်း ကမ္ဘာပေါ်၌ ခရီးသည်အဝင်အထွက်အများဆုံးအတ္တလန်တာလေဆိပ်သို့ ဝင်ထွက်ခဲ့သူ ခရီးသည်အရေအတွက်မှာ ၂၀၁၇ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၃.၃% သာမြင့်တက်ခဲ့ပြီး (၁၀၇) သန်းခန့်ရှိခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်တွင် အဆိုပါလေဆိပ်နှစ်ခုသို့ ဝင်ထွက်သည့်ခရီးသွားအရေအတွက်မှာ အနည်းငယ်ကွာဟမှု ရှိနေသေးသော်လည်း တစ်နှစ်ထက်တစ်နှစ် ခရီးသွားဝင်ရောက်မှုနှုန်း တိုးတက်လာသည့်ပမာဏတွင်မူ ဘေကျင်းလေဆိပ်ကပိုမိုများပြားလာသည်ကို တွေ့ရှိရသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

တရုတ်အစိုးရသည် တာ့ရှန်းအပြည်ပြည်ဆိုင်ရာလေဆိပ်အား ဖွင့်လှစ်ခဲ့ခြင်းမှာ လေကြောင်းခရီးသွားအများအပြားကို ပိုမိုလက်ခံနိုင်ရန်နှင့် ဘေကျင်းလေဆိပ်တွင် ခရီးသည်ဝင်ရောက်မှုများပြားလွန်းသည့်အတွက် တစ်ခါတစ်ရံဖြစ်ပေါ်လေ့ရှိသော ဝန်ဆောင်မှုကြန့်ကြာမှုကိစ္စများကိုလျှော့ချနိုင်ရန်တို့ဖြစ်ကြောင်း၊၂၀၁၈ခုနှစ်အတွင်းကမ္ဘာပေါ်၌ လေကြောင်းခရီးသွားအများဆုံးလေဆိပ် (၅) ခုမှာအတ္တလန်တာလေဆိပ် (ခရီးသည်၁၀၇သန်း) ၊ ဘေကျင်းလေဆိပ် (ခရီးသည်၁၀၁သန်း)၊ ဒူဘိုင်းလေဆိပ် (ခရီးသည်၉၀သန်း) ၊လော့စ်အိန်ဂျလိစ်လေဆိပ် (ခရီးသည်၈၈သန်း)၊ တိုကျိုလေဆိပ် (ခရီးသည်၈၇သန်း) တို့ဖြစ်ကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှာ ကမ္ဘာ့ထိပ်တန်းလေဆိပ်များအဖြစ်သို့ရောက်ရှိလာသည့်နည်းတူ တရုတ်လေကြောင်းလိုင်းများဖြစ်သည့် China Southern နှင့်Air China လေကြောင်းလိုင်းများသည် ကမ္ဘာ့ထိပ်တန်းလေကြောင်းလိုင်း (၁၀) ခုစာရင်းတွင်ပါဝင်လာခဲ့ကြောင်း၊ အမေရိကန်လေကြောင်းလိုင်းများဖြစ်သော United၊ Delta နှင့်American လေကြောင်းလိုင်းများမှာ ကမ္ဘာ့ထိပ်တန်းလေကြောင်းလိုင်း (၃) ခုအဖြစ်လက်ရှိအချိန်အထိ ဆက်လက်ရပ်တည်လျက်ရှိသော်လည်း တရုတ်လေကြောင်းလိုင်းများ၏ တိုးတက်မှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြန်ဆန်တိုးတက်လာသောကြောင့် လာမည့်နှစ်အနည်းငယ်အတွင်း တရုတ်လေကြောင်းလိုင်းများမှာ အမေရိကန်လေကြောင်းလိုင်းများနှင့်အပြိုင်ဖြစ်လာဖွယ်ရှိကြောင်း သိရှိရပါသည်။

လက်ရှိအချိန်၌ အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့က သတ်မှတ်ထားသောကမ္ဘာ့ထိပ်တန်းလေကြောင်းလိုင်း (၁၀) ခုမှာUnited ၊Delta ၊American (အမေရိကန်ပြည်ထောင်စု) ၊Lufthansa (ဂျာမနီ)၊ IAG (ဗြိတိန်)၊ AF-KLM (ပြင်သစ်) ၊Emirate(အာရပ်စော်ဘွားများပြည်ထောင်စု) ၊China Southern (တရုတ်) ၊Southwest (အမေရိကန်ပြည်ထောင်စု) နှင့်Air China (တရုတ်) တို့ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။