အမေရိကန်အစိုးရသည် အမေရိကန်စတော့အိတ်ချိန်းများရှိ တရုတ်ကုမ္ပဏီများအားဖယ်ရှားရန် စီစဉ်နေသည့်သတင်းကြောင့် နာမည်ကျော်အလီဘာဘာကုမ္ပဏီအပါအဝင် တရုတ်စတော့ ရှယ်ယာတန်ဖိုးများနှင့် တရုတ်ယွမ်ငွေတန်ဖိုးကျဆင်းခဲ့

          အမေရိကန်အစိုးရသည် အမေရိကန်ပြည်ထောင်စုရှိ စတော့အိတ်ချိန်းများစာရင်းတွင်ပါဝင်နေသည့် တရုတ်ကုမ္ပဏီများအား ဖယ်ရှားရန်စီစဉ်နေပြီး တရုတ်နိုင်ငံအတွင်း၌ အမေရိကန်ကုမ္ပဏီများရင်းနှီးမြှုပ်နှံမှု သွားရောက်ပြုလုပ်မည့်ကိစ္စများ အပေါ်၌လည်း ကန့်သတ်ထိန်းချုပ်မှုများပြုလုပ်ရန် စီစဉ်လျက်ရှိသည်ဟူသော သတင်းများထွက်ပေါ်လျက်ရှိသည့်အတွက် နာမည်ကျော်တရုတ်ကုမ္ပဏီ အလီဘာဘာအပါအဝင် တရုတ်စတော့ရှယ်ယာများတန်ဖိုးနှင့် တရုတ်ယွမ်ငွေတန်ဖိုးများမှာ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

          အမေရိကန်အစိုးရ၏ စာရင်းအချက်အလက်များအရ အမေရိကန်စတော့ဈေးကွက်တွင် စာရင်းသွင်းထားသည့် တရုတ်ကုမ္ပဏီ (၁၅၆) ခုရှိကြောင်း၊ တရုတ်နိုင်ငံနှင့် စပ်ဆက်နေသည့် ရင်းနှီးမြှုပ်နှံမှုအပေါ် အမေရိကန်ပြည်ထောင်စုက ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်သည့်သတင်းကြောင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက် (သောကြာနေ့) မှစတင်၍လက်ရှိအချိန်ထိ ကာလအတွင်း အလီဘာဘာကုမ္ပဏီ၏ စတော့ရှယ်ယာများတန်ဖိုးမှာ ၅% ကျော်နှင့် အခြားတရုတ်ကုမ္ပဏီများ၏ စတော့ရှယ်ယာတန်ဖိုးများမှာ အနည်းဆုံး ၁.၂ % မှ အများဆုံး ၆% အထိ ကျဆင်းခဲ့ကြောင်း၊ တရုတ်စတော့ရှယ်ယာများ တန်ဖိုးကျဆင်းသည့်နည်းတူ တရုတ်ယွမ်ငွေတန်ဖိုးမှာလည်း ၀.၁၄% ကျဆင်းပြီး ရက်သတ္တပတ် (၃) ပတ်အတွင်း အနိမ့်ဆုံးဖြစ်သည့် အမေရိကန်တစ်ဒေါ်လာလျှင် တရုတ်ယွမ်ငွေ ၇.၁၅ ယွမ်လှဲလယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။