ထိုင်းအစိုးရသည် မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ပြည်နယ်များအပါအဝင် ထိုင်းနိုင်ငံရှိ ပြည်နယ် (၂၄) ခုတို့၌ အာဖရိကဝက်အပြင်းဖျားရောဂါ သတိပေးချက်များ ထုတ်ပြန်ခဲ့

          ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံရှိ ပြည်နယ် (၇၇) ခုအနက် ပြည်နယ် (၂၄) ခုတို့၌ အာဖရိကဝက်အပြင်းဖျားရောဂါ ( African Swine Fever- ASF ) နှင့်ပတ်သက်သည့် အထူးသတိပေးချက်များကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက် (သောကြာ) နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်ပြည်နယ် (၇) ခုပါဝင်ကြောင်း၊ အဆိုပါပြည်နယ်များမှာ ချင်းရိုင်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ ရာချာဘူရီ၊ ရနောင်း၊ ပတ်ချာဘူရီနှင့်တာခ့်ပြည်နယ်များ ဖြစ်ကြောင်း၊ တာခ့်ပြည်နယ်တွင် ခရိုင် (၅) ခုဖြစ်သည့် မဲဆောက်၊ တာဆောင်ရန်း၊ အုန်းဖန်၊မဲရက်စ်မက်နှင့် ဖော့ဖရာခရိုင်တို့၌လည်းကောင်း၊ ပတ်ချာဘူရီပြည်နယ်တွင် နောင်ရာပလောင်နှင့်ကန်ခရာချန် ခရိုင်များ၌လည်းကောင်း၊အာဖရိကဝက်အပြင်းဖျားရောဂါနှင့်ပတ်သက်၍ အထူးစောင့်ကြည့်မှုများပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရှိရပါသည်။

          ထိုင်းနိုင်ငံမွေးမြူရေးဌာန၏ ကြေညာချက်၌ အဆိုပါ ပြည်နယ်များအတွင်းသို့ ဝက်နှင့် ဝက်သားထွက် စားသောက်ကုန်ပစ္စည်းများကို သယ်ဆောင်သူများအနေဖြင့် သက်ဆိုင်ရာဒေသခံ တိရစ္ဆာန်ဆေးကုသရေးဌာန တာဝန်ရှိသူများထံမှ ခွင့်ပြုမိန့်ကို မဖြစ်မနေရယူရမည်ဖြစ်ကြောင်း၊ အဆိုပါညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ဝက်နှင့်ဝက်သားထွက်ကုန်ပစ္စည်းများကို ခွင့်ပြုချက်မဲ့ သယ်ယူပို့ဆောင်ပါက ကျူးလွန်သူအား ၂၀၁၅ ခုနှစ် တိရစ္ဆာန်ရောဂါဆိုင်ရာ ဥပဒေပြဌာန်းချက်နှင့်အညီ အမြင့်ဆုံးထောင်ဒဏ် (၂) နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ဘတ် (၄) သောင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်မည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

          ထိုင်းနိုင်ငံမြောက်ပိုင်းပြည်နယ်  ထိုင်း – မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ရှိ ဝက် (၂) ကောင်မှာ အကြောင်းရင်းမသိရှိရဘဲ သေဆုံးသွားခဲ့ပြီးနောက် ထိုင်းအစိုးရသည် အာဖရိကဝက်အပြင်းဖျား ရောဂါကာကွယ်ရေးလုပ်ဆောင်သည့်အနေဖြင့် ဝက်အကောင်ရေ (၂၀၀) ခန့်ကို ရှင်းလင်းသုတ်သင်ခဲ့သည်ဟု www. thethaiger.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။