အမေရိကန်ဗဟိုဘဏ်အစည်းအဝေးတွင်ဘဏ်တိုးနှုန်းကိုအများမျှော်လင့်ထားသည့်အတိုင်းလျှော့ချ ခဲ့သော်လည်း ၂၀၁၉ ခုနှစ်လက်ကျန်ကာလများ၌ ထပ်မံလျှော့ချဖွယ် မရှိတော့သည့်အတွက် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ကာ ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းသွားခဲ့ခြင်း

အမေရိကန်ဗဟိုဘဏ်အစည်းအဝေးတွင်ဘဏ်တိုးနှုန်းကိုအများမျှော်လင့်ထားသည့်အတိုင်းလျှော့ချ ခဲ့သော်လည်း ၂၀၁၉ ခုနှစ်လက်ကျန်ကာလများ၌ ထပ်မံလျှော့ချဖွယ် မရှိတော့သည့်အတွက် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ကာ ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းသွားခဲ့ခြင်း

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်(ဗုဒ္ဓဟူးနေ့)တွင် ပြီးဆုံးခဲ့သည့် အမေရိကန်ဗဟိုဘဏ် အစည်းအဝေးတွင် ဘဏ်တိုးနှုန်းကိုလက်ရှိသတ်မှတ်ထားသည့် ၂.၂၅% မှ ၂.၀% သို့ လျှော့ချ ခဲ့ကြောင်း၊ သို့သော် အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျရွန်မီပေါင်ဝယ်လ်သည် အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၂၀၁၉ ခုနှစ် လက်ကျန်ကာလများအတွင်း၌ ဘဏ်တိုးနှုန်း ထပ်မံလျှော့ချရေးမှာ မသေချာတော့ဟု ပြောကြားခဲ့ပြီး ဗဟိုဘဏ်ကော်မတီဝင် အများစုကလည်း လိုအပ်ပါက ဘဏ်တိုးနှုန်း ထပ်မံလျှော့ချခြင်းကို ၂၀၂၀ ခုနှစ်အတွင်းမှသာ လုပ်ဆောင်ရန် သဘောတူခဲ့ကြသည်ဟုသိရှိရကြောင်း၊ ထို့ကြောင့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေးအပြီးတွင် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ ကျဆင်းသွားခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်(ကြာသပတေးနေ့)နံနက်ပိုင်းတွင် ကမ္ဘာ့ဈေးကွက် အတွင်း အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၀.၁% မြင့်တက်ခဲ့ပြီးအညွှန်းကိန်းအမှတ်(၉၈.၄၅)သို့ရောက်ရှိ ခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်လာသည့်အတွက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၁% ကျဆင်းပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၄၉၄.၀၅)သို့ ရောက်ရှိခဲ့ပါသည်။           အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဗဟိုဘဏ်အစည်းအဝေး၏ ဆုံးဖြတ်ချက်အပေါ် တွစ်တာစာမျက်နှာများပေါ်မှတစ်ဆင့် ပြင်းထန်စွာဝေဖန်ခဲ့ပြီး အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ နှင့် ကော်မတီဝင်များမှာအမြှော်အမြင်မရှိသူများဖြစ်သည်ဟု ပြစ်တင်ရှုံ့ချခဲ့ကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ဆော်ဒီအာရေဗျနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ရေနံဈေးကွက်တည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၆% နီးပါးခန့်ကျဆင်းသွားခဲ့

ဆော်ဒီအာရေဗျနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ရေနံဈေးကွက်တည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၆% နီးပါးခန့်ကျဆင်းသွားခဲ့

ဆော်ဒီအာရေဗျနိုင်ငံသည် အကြမ်းဖက်တိုက်ခိုက်ခံရသည့် ရေနံတွင်းများအား အမြန်ဆုံးပြင်ဆင်နေပြီး ရေနံထုတ်လုပ်မှုကို ပုံမှန်အနေအထားအတိုင်း ပြန်လည်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ဆော်ဒီအာရေဗျနိုင်ငံ စွမ်းအင်ဝန်ကြီး မင်းသားအဗ္ဗဒူလာဇဇ်ဘင်ဆယ်လ်မန်သည် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက် (အင်္ဂါနေ့) တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ယခုအခါ နေ့စဉ် ရေနံထုတ်လုပ်မှုပမာဏ၏ ထက်ဝက်နီးပါးခန့်ဖြစ်သောစည်ပေါင်း (၅.၇) သန်းခန့်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားရကြောင်း၊ သို့သော် စက်တင်ဘာလကုန်မှစ၍ ရေနံထုတ်လုပ်မှုကို ပုံမှန်အနေအထားအတိုင်း တစ်နေ့လျှင် စည်ပေါင်း (၉.၈၉) သန်းခန့် ပြန်လည်ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း၊ လတ်တလောတွင် ဈေးကွက်အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက်  အရန်သိုလှောင်ထားသည့် ရေနံများကိုရောင်းချပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ရေနံဝန်ကြီး၏ ပြောကြားချက် ထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ဈေးကွက်အတွင်းရေနံဈေးနှုန်းများမှာ ၆% နီးပါးခန့် ကျဆင်းသွားခဲ့ပါသည်။

ထို့ပြင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ရေနံဈေးကွက်တည်ငြိမ်စေရေးအတွက် လိုအပ်ပါက အမေရိကန်ပြည်ထောင်စု၏ အရန်ရေနံအများအပြားအား ဈေးကွက်အတွင်းသို့ ရောင်းချရန် စီစဉ်နေခြင်းနှင့် ဂျပန်နိုင်ငံအပါအဝင် စက်မှုထိပ်သီးနိုင်ငံများသည်လည်း နိုင်ငံတကာစွမ်းအင်အေဂျင်စီအဖွဲ့၏ အကြံပြုချက်အတိုင်း ၎င်းတို့ သိုလှောင်ထားသည့် အရန်ရေနံများအား ဈေးကွက်အတွင်းသို့ ဖြည့်တင်းပေးရန် စီစဉ်နေခြင်းတို့သည်လည်း ရေနံဈေးနှုန်းများကို ကျဆင်းစေသည့် အခြားအချက်များဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၅.၇% ခန့် ကျဆင်းပြီးတစ်စည်လျှင် အမေရိကန်ဒေါ် လာ (၅၉.၃၄) သို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၆.၅% ကျဆင်းပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၄.၅၅) သို့ ရောက်ရှိခဲ့ကြောင်း www.channelnewsasia.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

အရှေ့အလယ်ပိုင်းဒေသ ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများမှ ဗဟိုဘဏ်အစည်းအဝေးများဂယက်ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း ၁% ခန့်မြင့်တက်လာခဲ့

အရှေ့အလယ်ပိုင်းဒေသ ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများမှ ဗဟိုဘဏ်အစည်းအဝေးများဂယက်ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း ၁% ခန့်မြင့်တက်လာခဲ့

          ၂၁၀၉ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက် (စနေနေ့) တွင် အီရန်ထောက်ခံသည့် ယီမင်ဟူသီသူပုန်များက ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းရှိရေနံအများဆုံးထုတ်လုပ်ရာ ရေနံတွင်းများနှင့် ရေနံချက်စက်ရုံများကို ဒရုန်းများဖြင့် တိုက်ခိုက်သည့်ဖြစ်စဉ် ပေါ်ပေါက်ပြီးခဲ့နောက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ဆော်ဒီအာရေဗျနိုင်ငံ၏ လုံခြုံရေးအတွက် အမေရိကန်ပြည်ထောင်စုမှ အစွမ်းကုန်ကာကွယ်ပေးသွားမည်ဟု ကြေညာခဲ့ရာ အီရန်နှင့်အမေရိကန်ပြည်ထောင်စုအကြားစစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လာဖွယ်ရှိကြောင်း၊ ထို့ကြောင့် အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေ တင်းမာမှုများအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း စတော့ရှယ်ယာများနှင့် နိုင်ငံတကာငွေကြေးများအစားရွှေ ဝယ်ယူစုဆောင်းမှုပြန်လည်များပြားလာသည့်အတွက် ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

          ထို့ပြင် ယခုရက်သတ္တပတ်အတွင်း ကျင်းပမည့် အမေရိကန်ဗဟိုဘဏ်နှင့် ဂျပန်ဗဟိုဘဏ် အစည်းအဝေးများ၌ ဘဏ်တိုးနှုန်းများလျှော့ချခြင်း အပါအဝင် ငွေကြေးဆိုင်ရာ မူဝါဒများအားဖြေလျှော့ပေးမည်ဟူသော သတင်းများထွက်ပေါ်နေခြင်းသည်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကိုမြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်(တနင်္လာနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေလက်ငင်းရောင်းဝယ်မှုဈေးနှုန်းမှာ ၁% မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၀၃.၆၀) သို့ ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ ၀.၂% ကျဆင်းပြီးအညွှန်းကိန်းအမှတ် (၉၈.၀၅၃) သို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

          ဆော်ဒီအာရေဗျနိုင်ငံရှိ ရေနံထုတ်လုပ်သည့်နေရာများ တိုက်ခိုက်ခံရသည့်သတင်းကြောင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ (၆) လတာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း၊ နယူးယောက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၁၅.၅% မြင့်တက်ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၃.၃၄) သို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၁၉.၅% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၇၁.၉၅) ဒေါ်လာသို့ရောက်ရှိခဲ့ကြောင်း၊ စက်တင်ဘာလ (၁၆) ရက် (တနင်္လာနေ့) တွင်ဖြစ်ပေါ်ခဲ့သော ရေနံဈေးနှုန်းမြင့်တက်မှုရာခိုင်နှုန်းသည် ၁၉၉၁ ခုနှစ်၊ ပင်လယ်ကွေ့စစ်ပွဲပြီးနောက်ပိုင်း တစ်နေ့တာကာလအတွင်း မြင့်တက်မှုနှုန်း အများဆုံးပင်ဖြစ်ကြောင်း www.reuters.com အင်တာနက်website တွင် ဖော်ပြပါရှိပါသည်။ 

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည်စခန်းများပတ်လည်တွင် သံဆူးကြိုးစည်းရိုးများကာရံသွားမည်

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည်စခန်းများပတ်လည်တွင် သံဆူးကြိုးစည်းရိုးများ ကာရံသွားမည်

လူကုန်ကူးမှုပြဿနာများ မြင့်တက်လာခြင်းကို ကာကွယ်ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည်စခန်းများပတ်လည်တွင် သံဆူးကြိုးစည်းရိုးကာရံသွားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သံဆူးကြိုးစည်းရိုးကာရံရေးအစီအစဉ်ကို ကော့ဘဇားရဲတပ်ဖွဲ့က အဆိုပြုတင်ပြထားခြင်းဖြစ်ပြီး လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း ကျင်းပခဲ့သည့် ဘင်္ဂလားဒေ့ရှ်လွှတ်တော်ရှိကာကွယ်ရေးဆိုင်ရာ အမြဲတမ်းကော်မတီအစည်းအဝေးတွင် စည်းရိုးကာရံရေးကို သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်သက်သာချောင်ချိရေးနှင့်ပြန်လည်စေလွှတ်ရေးကော်မရှင်နာရုံး(RRRC)တာဝန်ရှိသူတစ်ဦးဖြစ်သူအမှတ်(၁၁)ဒုက္ခသည်စခန်းခေါင်းဆောင် ဇာဟစ်အက်ခက်တာကပြောကြားရာ၌မွတ်စလင်ဒုက္ခသည်များစခန်းပြင်ပသို့ သွားရောက်ခြင်းအားကန့်သတ်ခြင်းမရှိပါက စခန်းများ၌ လူကုန်ကူးမှုပြဿနာများမှာဆက်လက်ဖြစ်ပေါ် နေမည် ဖြစ်ကြောင်း၊ ဒုက္ခသည် များသည် လွတ်လွတ်လပ်‌လပ် သွားလာလှုပ်ရှားနေမည်ဆိုပါက ၎င်းတို့သည် ၂၀၁၇ ခုနှစ် မတိုင်မီနှစ်များကတည်းကဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေပြီးဖြစ်သည့် မွတ်စလင်ဒုက္ခသည်များနှင့် အဆက်အသွယ်ဖြစ်လာနိုင်သည့်အပြင် စရိုက်ပျက်ပြားသူ ဒေသခံများနှင့်လည်း အဆက်အသွယ်ရှိလာနိုင်ကြောင်း၊ သို့ဖြစ်ရာဒုက္ခသည်များသည် စရိုက်မကောင်းသောဒေသခံများနှင့် ထိတွေ့ဆက်ဆံရခြင်းမရှိပါကဒုက္ခသည်စခန်းများ၌ လူကုန်ကူးမှုပြဿနာများသိသိသာသာလျော့ကျသွားမည်ဖြစ်ကြောင်း၊ RRRCအနေဖြင့် စခန်းအတွင်းမှပင် လူကုန်ကူးမှုတားဆီးရေးကိစ္စများကို ဆောင်ရွက်နိုင်ကြောင်း၊ ဒုက္ခသည်များအား လူကုန်ကူးရန်အတွက် ဖြားယောင်းသွေးဆောင်သည့် လုပ်ရပ်များကို RRRC အနေဖြင့် အန်ဂျီအိုများ၏ အကူအညီကိုရယူ၍ တားဆီးသွားနိုင်ကြောင်း၊ ထို့ကြောင့် မွတ်စလင်ဒုက္ခသည်များ၏ သွားလာလှုပ်ရှားမှုများကိုကန့်သတ်ရန်မှာ လိုအပ်သောကိစ္စသာဖြစ်ကြောင်း၊ စခန်းပြင်ပ၌ဖြစ်သော လူကုန်ကူးမှုများမှာမူဥပဒေအာဏာပိုင်များ၏ တာဝန်သာဖြစ်ကြောင်း၊ ဥပဒေအာဏာပိုင်များမှာ လူကုန်ကူးမှုတားဆီးရေးအတွက် အားထုတ်ကြိုးပမ်းနေကြသော်လည်း လူကုန်ကူးမှုပြဿနာများမှာအာဏာပိုင်များမသိရှိနိုင်သည့် အခြေအနေတစ်ရပ်ရပ် သို့မဟုတ် လမ်းကြောင်းတစ်ခုခု (ဂယ်ပေါက်တစ်ခုခု) ရှိနေဖွယ်ရှိသည်ဟု ပြောကြားခဲ့ပါသည်။

သံဆူးကြိုးစည်းရိုးကာရံခြင်းနှင့်ပတ်သက်၍ RRRC ၏ တွဲဖက်ကော်မရှင်နာမင်းကြီးမီဇာနူရ် ရာမန်ကလည်း သာမန်စည်းရိုးသာကာရံမည်ဆိုပါက ဒုက္ခသည်များသည် စည်းရိုးအားဖြတ် တောက်မှုများပြုလုပ်ကြခြင်းကို မိမိတို့ တွေ့ကြုံခဲ့ကြပြီးဖြစ်ကြောင်း၊ မိမိတို့အတွက် ဒုက္ခသည် စခန်းများပတ်လည်တွင် ပုံမှန်စောင့်ကြည့်ရန် ကင်းမျှော်စင်များနှင့် ခိုင်ခံ့သော သံဆူးကြိုးစည်းရိုးကာရံရန် လိုအပ်ပြီးလှည့်ကင်းကားသွားလာရန်အတွက် စည်းရိုးနှင့်ကပ်လျက်တွင် လမ်းမကျယ် တစ်ခုဖောက်လုပ်ရမည်ဖြစ်ကြောင်း၊ အဆိုပါ သံဆူးကြိုးစည်းရိုးကာရံရေးအတွက် ငွေကြေးထောက်ပံ့ပေးရန် UNHCR ထံမိမိတို့က တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခဲ့သည့်အတွက် မိမိတို့ ၏ ရန်ပုံငွေဖြင့်သာတည်ဆောက်သွားမည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ဆော်ဒီအာရေဗျနိုင်ငံ၌ စွမ်းအင်ဝန်ကြီးအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့

ဆော်ဒီအာရေဗျနိုင်ငံ၌ စွမ်းအင်ဝန်ကြီးအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့

ဆော်ဒီအာရေဗျ ဘုရင်ဆယ်လ်မန်သည် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၈)ရက် (တနင်္ဂနွေနေ့) ၌ ၎င်း၏သားဖြစ်သူ မင်းသားအဗ္ဗဒူလာဇစ်ဘင်ဆယ်လ်မန်အား ဆော်ဒီအာရေဗျနိုင်ငံ စွမ်းအင်ဝန်ကြီး ခါလစ်အယ်ဖာလစ်၏နေရာတွင် အစားထိုးခန့်အပ်ခဲ့ရာ ဆော်ဒီအာရေဗျနိုင်ငံ၏သမိုင်းတွင် ဘုရင်မိသားစုဝင်တစ်ဦးက စွမ်းအင်ဝန်ကြီးနေရာကို ပထမဦးဆုံးအကြိမ် ရယူခြင်းပင်ဖြစ်ကြောင်း၊ မင်းသားအဗ္ဗဒူလာဇစ်သည် အိုပက်အဖွဲ့၏ အစည်းအဝေးများသို့ ဆော်ဒီအာရေဗျနိုင်ငံကိုယ်စားလှယ်အဖွဲ့အဖြစ် နှစ်ရှည်လများ တက်ရောက်ခဲ့ဖူးသူဖြစ်ပြီး ရေနံဈေးနှုန်းအားကောင်းစေရေးအတွက် ရေနံထုတ်လုပ်မှုကို အများအပြားလျေှာ့ချရန် ဆန္ဒရှိသူတစ်ဦးဖြစ်ကြောင်း၊ ထို့ကြောင့် မင်းသားအဗ္ဗဒူလာဇစ်ကို စွမ်းအင်ဝန်ကြီးအဖြစ် ခန့်အပ်ကြောင်းသတင်းများထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် တရုတ်အစိုးရက ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည့် ရေနံတင်သွင်းမှုဆိုင်ရာသတင်းအချက်အလက်များ၌ ၂၀၁၉ခုနှစ်၊ ဩဂုတ်လအတွင်း တရုတ်နိုင်ငံ၏ ပြည်ပမှ ရေနံတင်သွင်းမှုမှာ ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ၃% မြင့်တက်ခဲ့သည်ဟု ဖော်ပြထားခြင်းနှင့် ကမ္ဘာတစ်ဝန်းရှိရေနံကုမ္ပဏီများအတွက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အမေရိကန်ကုမ္ပဏီ Baker Hughes၏ အစီရင်ခံစာ၌ အမေရိကန်နိုင်ငံတစ်ဝန်း‌ ရေနံတူးစင်အရေအတွက်မှာ ယခုရက်သတ္တပတ်အတွင်း၌ (၄) စင်လျော့နည်းသွားခဲ့ပြီး စုစုပေါင်းရေနံတူးစင်အရေအတွက် (၇၃၈) စင်ခန့်သို့ရောက်ရှိသွားသည်ဟု ဖော်ပြထားခြင်းအစရှိသော အချက်များသည်လည်း ရေနံဈေးနှုန်းများကို မြင့်တက်စေသည့် အခြားအချက်များဖြစ်ကြောင်း သိရှိရပါသည်။          

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၉) ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ WTI ဈေးနှုန်းစိမ်းတစ်စည်၏ ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၁% မြင့်တက်ခဲ့ပြီး တစ်စည်လျှင်အမေရိကန်ဒေါ်လာ (၅၇.၀၉) သို့ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ၀.၉% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၂.၀၇) သို့ရောက်ရှိခဲ့ကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှုများ ပြေလျော့သွားမည့် အခြေအနေများ ပိုမိုဖြစ်ပေါ်လာခြင်းကို အကြောင်းပြု၍ ကမ္ဘာ့ရွှေဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့မှု

အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှုများ ပြေလျော့သွားမည့် အခြေအနေများ ပိုမိုဖြစ်ပေါ်လာခြင်းကို အကြောင်းပြု၍ ကမ္ဘာ့ရွှေဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့မှု

အမေရိကန်နှင့်တရုတ်အစိုးရတို့သည် သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်၍ အပြန်အလှန်ဖြေလျှော့မှုများ ပြုလုပ်ခဲ့ခြင်းကို အကြောင်းပြု၍ ကမ္ဘာ့ရွှေဈေးနှုန်းမှာ အနည်းငယ် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။           ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက် (ဗုဒ္ဓဟူးနေ့)တွင် တရုတ်အစိုးရသည် အမေရိကန် ပြည်ထောင်စုမှ တရုတ်နိုင်ငံသို့ တင်သွင်းသော စက်မှုလုပ်ငန်းသုံး ချောဆီများ၊ ကင်ဆာဆေးဝါးများ နှင့်မွေးမြူရေး စားသောက်ကုန်စည် များအပါအဝင် ကုန်ပစ္စည်း (၁၆)မျိုးအား ယခုစက်တင်ဘာလ (၁၇)ရက်နေ့မှစ၍ တစ်နှစ်ကြာမြင့်သည်အထိ ထပ်ဆောင်းသွင်းကုန်ခွန် တိုးမြှင့်ကောက်ခံမည့် စာရင်းမှ ပယ်ဖျက်ပေးခဲ့ကြောင်း၊ အလားတူ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ကလည်း လာမည့် အောက်တိုဘာလ (၁)ရက်နေ့မှစ၍ တရုတ်သွင်းကုန် ပစ္စည်းများအပေါ် သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အား အောက်တိုဘာလ (၁၅)ရက်နေ့သို့ နောက်ဆုတ် ရွှေ့ဆိုင်းပေးခဲ့ကြောင်း၊ ထို့ကြောင့် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများ ဖြစ်သော အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်ရေးတင်းမာမှုများ ပြေလျော့သွားမည့် အခြေအနေများ ပိုမိုဖြစ်ပေါ်လာခြင်းကို အကြောင်းပြု၍ ကမ္ဘာ့ရွှေဈေးနှုန်းမှာ အနည်းငယ် ကျဆင်းခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများသည် စက်တင်ဘာလ (၁၂)ရက် (ကြာသပတေးနေ့)တွင် ကျင်းပသည့် ဥရောပသမဂ္ဂ ဗဟိုဘဏ် အစည်းအဝေးရလဒ်ကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရှိရပါသည်။
          ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက် (ကြာသပတေးနေ့) နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန်တွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေလက်ငင်း ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၄% ကျဆင်းပြီး တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ(၁၄၉၁.၈၆)သို့ ရောက်ရှိခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းသည် ယခုနှစ် ကုန်ပိုင်းတွင် တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ(၁၅၀၀) ဝန်းကျင်၌သာ ဆက်လက်ဖြစ်ပေါ်နေဖွယ်ရှိသည်ဟု နယူးယောက်အခြေစိုက် Oanda နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်းနှင့် လန်ဒန်အခြေစိုက် စီးပွားရေး သုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်း Capital Economics လုပ်ငန်းတို့က ခန့်မှန်းသုံးသပ် ထားကြကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အမေရိကန်ပြည်ထောင်စု၏ ရေနံအရန်သိုလှောင်မှု အလွန်အမင်းကျဆင်းခဲ့သည့် အစီရင်ခံစာ ထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိမှု

အမေရိကန်ပြည်ထောင်စု၏ ရေနံအရန်သိုလှောင်မှု အလွန်အမင်းကျဆင်းခဲ့သည့် အစီရင်ခံစာ ထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိမှု

www.reuters.com အင်တာနက် website တွင်ဖော်ပြထားသည့်သတင်းမှာ အမေရိကန် ပြည်ထောင်စုအမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်၏ အကြုံပြုချက်များကို ကောင်းစွာ သဘောတူ နှစ်ခြိုက်မှုမရှိသည့်အတွက် ရာထူးမှနုတ်ထွက်ပေးရန် သမ္မတဒေါ်နယ်လ်ထရန့်က တောင်းဆိုခဲ့သည် ဟူသော သတင်းထွက်ပေါ်ခဲ့ပြီးနောက် ရေနံဈေးနှုန်းများ အနည်းငယ်ကျဆင်းခဲ့သော်လည်း အမေရိကန်ပြည်ထောင်စု၊ ရေနံလုပ်ငန်ရှင်းများအသင်း(API)က ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၁၀) ရက်(အင်္ဂါနေ့)ညနေပိုင်းတွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ အမေရိကန်ပြည်ထောင်စု၏ ရေနံ အရန်သိုလှောင်မှုပမာဏသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း စည်ပေါင်း (၇.၂) သန်းခန့် ကျဆင်းခဲ့ပြီး ရေနံစည်စုစုပေါင်း(၄၂၁.၉)သန်းခန့်သာ ကျန်ရှိတော့သည်ဟု ဖော်ပြထားကြောင်း၊ ယင်း အစီရင်ခံစာထွက်ပေါ်ပြီးနောက် အမေရိကန်ပြည်ထောင်စု၏ ရေနံသုံးစွဲမှုများပြားလျက်ရှိကာ ရေနံဝယ်လိုအားလည်းမြင့်တက်လာဖွယ်ရှိသည်ဟူသောခန့်မှန်းချက်များနှင့်အတူကမ္ဘာ့ဈေးကွက်အတွင်းရေနံဈေးနှုန်းများဆက်လက်မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

            ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ရေနံထုတ်လုပ်ရေးနှင့်ပတ်သက်၍ မူဝါဒပြောင်းလဲခြင်း မရှိဘဲ ဆော်ဒီပါဝင်သော အိုပက်အဖွဲ့နှင့် အဖွဲ့ဝင်မဟုတ်သော နိုင်ငံများအကြား ရယူထားသည့် တစ်နေ့လျှင် ရေနံစည်ပေါင်း (၁.၂) သန်းလျှော့ချ ထုတ်လုပ်မည့် သဘောတူညီချက်ကို ဆက်လက် အကောင်အထည်ဖော်လုပ်ဆောင်သွားမည်ဟု ဆော်ဒီအာရေဗျနိုင်ငံ စွမ်းအင်ဝန်ကြီးအသစ်ဖြစ်သော ဆော်ဒီအိမ်ရှေ့မင်းသား အဗ္ဗဒူလာဇစ်ဘင်ဆယ်လ်မန်က ယခုရက်ပိုင်းအတွင်း ပြောကြားခဲ့ခြင်း သည်လည်း ရေနံဈေးနှုန်းများကို ဆက်လက်မြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

            ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်(ဗုဒ္ဓဟူးနေ့)နံနက်ပိုင်းတွင်နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းတစ်စည်၏ ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၉% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၅၇.၉၄) သို့ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်း ကြိုတင် ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၆% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၂.၈၉) သို့ ရောက်ရှိခဲ့ကြောင်းဖော်ပြပါရှိပါသည်။

ဥရောပသမဂ္ဂဗဟိုဘဏ်အစည်းအဝေးဂယက်နှင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးတို့၏ စီးပွားရေးသုံးသပ်ချက်တို့ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ဆက်လက်ကျဆင်းခဲ့

ဥရောပသမဂ္ဂ ဗဟိုဘဏ်အစည်းအဝေးဂယက်နှင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးတို့၏ စီးပွားရေးသုံးသပ်ချက်တို့ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာဆက်လက် ကျဆင်းခဲ့

ဥရောပသမဂ္ဂ ဗဟိုဘဏ်အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက် (ကြာသပတေးနေ့) တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါအစည်းအဝေးတွင် ယူရိုငွေကြေးနှင့်ပတ်သက်သည့် ငွေကြေးမူဝါဒများ အပြောင်းအလဲ ဖြစ်ပေါ်ဖွယ်ရှိပြီး အဆိုပါဂယက်သည် ကမ္ဘာ့ ငေွကြေးဈေးကွက်အတွင်းသို့ ရိုက်ခတ် လာဖွယ်ရှိသည့်အတွက် ယင်းအစည်းအဝေး၏ရလဒ်ကို ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်လျက်ရှိသောကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေဝယ်လိုအားရပ်တန့်ကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ ဆက်လက်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

ထို့ပြင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မြူချင်သည် စက်တင်ဘာလ (၉) ရက် (တနင်္လာနေ့) တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် တရုတ်နှင့် ကုန်သွယ်ရေးညှိနှိုင်းမှုများ ပြန်လည်ပြုလုပ်ရန် ကြိုးပမ်းနေပြီး အမေရိကန်ပြည်ထောင်စုသည် စီးပွားရေးကျဆင်းမှုပြဿနာကို ကြုံတွေ့နိုင်ဖွယ်မရှိဟု အာမခံချက်ပေးခဲ့ခြင်းနှင့် ကမ္ဘာပေါ်၌ ရွှေအရောင်းအဝယ် အများဆုံးပြုလုပ်နေသည့် SPDR Gold Trust သည် စက်တင်ဘာလ (၉) ရက် တစ်နေ့တာကာလအတွင်း၌ပင် အရန်ရွှေပမာဏအနက်မှ ၀.၈၂% ကို ဈေးကွက်အတွင်းသို့ ထုတ်ရောင်းခဲ့ပြီး အရန်ရွှေပမာဏကို စုစုပေါင်းတန်ချိန် (၈၈၂.၄၂) တန်အထိ လျှော့ချခဲ့ခြင်းတို့သည်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကို ကျဆင်းစေသည့် အခြားအချက်များဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်(အင်္ဂါနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေလက်ငင်းရောင်းဝယ်မှု ဈေးနှုန်းမှာ ၀.၆% ကျဆင်းခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၄၉၀.၄၈) သို့ ရောက်ရှိခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းသည် ယခုရက်သတ္တပတ်အတွင်း ၅% ကျဆင်းခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ဆော်ဒီအာရေဗျနိုင်ငံ၌ စွမ်းအင်ဝန်ကြီးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့

ဆော်ဒီအာရေဗျနိုင်ငံ၌ စွမ်းအင်ဝန်ကြီးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့

          ဆော်ဒီအာရေဗျ ဘုရင်ဆယ်လ်မန်သည် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၈) ရက် (တနင်္ဂနွေနေ့) ၌၎င်း၏သားဖြစ်သူ မင်းသားအဗ္ဗဒူလာဇစ်ဘင်ဆယ်လ်မန်အား ဆော်ဒီအာရေဗျနိုင်ငံ စွမ်းအင်ဝန်ကြီးခါလစ်အယ်ဖာလစ်၏နေရာတွင် အစားထိုးခန့်အပ်ခဲ့ရာ ဆော်ဒီအာရေဗျနိုင်ငံ၏ သမိုင်းတွင် ဘုရင်မိသားစုဝင်တစ်ဦးက စွမ်းအင်ဝန်ကြီးနေရာကို ပထမဦးဆုံးအကြိမ်ရယူခြင်းပင်ဖြစ်ကြောင်း၊ မင်းသားအဗ္ဗဒူလာဇစ်သည် အိုပက်အဖွဲ့၏ အစည်းအဝေးများသို့ ဆော်ဒီအာရေဗျနိုင်ငံ ကိုယ်စားလှယ်အဖွဲ့အဖြစ် နှစ်ရှည်လများတက်ရောက်ခဲ့ဖူးသူဖြစ်ပြီး ရေနံဈေးနှုန်းအားကောင်းစေရေးအတွက် ရေနံထုတ်လုပ်မှုကို အများအပြားလျေှာ့ချရန် ဆန္ဒရှိသူတစ်ဦးဖြစ်ကြောင်း၊ ထို့ကြောင့်မင်းသားအဗ္ဗဒူလာဇစ်ကို စွမ်းအင်ဝန်ကြီးအဖြစ် ခန့်အပ်ကြောင်းသတင်းများ ထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ဈေးကွက်အတွင်းရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

          ထို့ပြင် တရုတ်အစိုးရက ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည့် ရေနံတင်သွင်းမှုဆိုင်ရာသတင်းအချက်အလက်များ၌ ၂၀၁၉ခုနှစ်၊ ဩဂုတ်လအတွင်း တရုတ်နိုင်ငံ၏ ပြည်ပမှရေနံတင်သွင်းမှုမှာ ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၃% မြင့်တက်ခဲ့သည်ဟု ဖော်ပြထားခြင်းနှင့် ကမ္ဘာတစ်ဝန်းရှိ ရေနံကုမ္ပဏီများအတွက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အမေရိကန်ကုမ္ပဏီ Baker Hughes ၏အစီရင်ခံစာ၌ အမေရိကန်နိုင်ငံတစ်ဝန်း‌ ရေနံတူးစင်အရေအတွက်မှာ ယခုရက်သတ္တပတ်အတွင်း၌ (၄) စင်လျော့နည်းသွားခဲ့ပြီး စုစုပေါင်းရေနံတူးစင်အရေအတွက် (၇၃၈) စင်ခန့်သို့ရောက်ရှိသွားသည်ဟု ဖော်ပြထားခြင်း အစရှိသော အချက်များသည်လည်း ရေနံဈေးနှုန်းများကို မြင့်တက်စေသည့် အခြားအချက်များဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်(တနင်္လာနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းတစ်စည်၏ ကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းမှာ ၁% မြင့်တက်ခဲ့ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၇.၀၉) သို့ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းမှာ ၀.၉% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၂.၀၇) သို့ရောက်ရှိခဲ့ကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

Facebook သည် Libra ဒီဂျစ်တယ်ငွေကြေးလုပ်ငန်းစဉ် အောင်မြင်စေရန်အတွက် စည်းရုံး လှုံ့ဆော်ပေးမည့်နာမည်ကြီး ပုဂ္ဂိုလ်နှစ်ဦးအားငှားရမ်းခဲ့

Facebook သည် Libra ဒီဂျစ်တယ်ငွေကြေးလုပ်ငန်းစဉ် အောင်မြင်စေရန်အတွက် စည်းရုံး လှုံ့ဆော်ပေးမည့်နာမည်ကြီး ပုဂ္ဂိုလ်နှစ်ဦးအား ငှားရမ်းခဲ့

          ကမ္ဘာကျော် လူမှုကွန်ရက်လုပ်ငန်းဖြစ်သော Facebook သည် ၎င်းတို့ထုတ်ဝေမည့် Libra ငွေကြေးအပေါ်နိုင်ငံတကာရှိ ဥပဒေပြုလွှတ်တော်အမတ်များနှင့် အာဏာပိုင်အဖွဲ့အစည်းများကကန့်ကွက်တားဆီးမှုများ မပြုလုပ်စေရန်အတွက် နာမည်ကြီးပုဂ္ဂိုလ်နှစ်ဦးအား ငှားရမ်း၍ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း၊ Facebook က ဌားရမ်းခဲ့သော ပုဂ္ဂိုလ်နှစ်ဦးမှာ ဝီလျံဟိုလီယာနှင့် မိုက်ကယ်ဝီလျံတို့ဖြစ်ကြောင်း သိရှိရပါသည်။

          ဝီလျံဟိုလီယာသည် ကမ္ဘာပေါ်၌ စီးပွားရေးကိစ္စများ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊နည်းပညာကဏ္ဍ နှင့် ကုန်သွယ်ရေးမူဝါဒရေးရာအပါအဝင် ကဏ္ဍမျိုးစုံတို့အတွက် အတိုင်ပင်ခံဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နေသည့် Hollier Associates LLC ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်ကြောင်း၊ ၎င်းသည်အမေရိကန်အထက်လွှတ်တော် ဘဏ်လုပ်ငန်းရေးရာ ကော်မတီဥက္ကဋ္ဌ လွှတ်တော်အမတ် မိုက်ခ်ခရာပိုနှင့် အလွန်ရင်းနှီးသူဖြစ်ပြီး Libra‌ ငေွကြေးအား အမေရိကန်အထက်လွှတ်တော်က ကန့်ကွက်ခြင်းမရှိစေရန်အတွက် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လကုန်ပိုင်းမှစတင်၍ အမေရိကန်အထက်လွှတ်တော်တွင် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ဝီလျံဟိုလီယာအား ဌားရမ်းထားသည့် နာမည်ကျော်လုပ်ငန်းများတွင် Facebook သာမက မိုက်ခရိုဆော့ဖ်ကုမ္ပဏီနှင့် အခြားထင်ရှားသည့် ဘဏ်လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရှိရပါသည်။

          အလားတူ Facebook ကဌားရမ်းထားသော မိုက်ကယ်ဝီလျံသည်လည်း ပြည်သူ့ရေးရာမူဝါဒများ၊ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ နာမည်ကျော်အတိုင်ပင်ခံ ကုမ္ပဏီတစ်ခုဖြစ်သော Willams Group  ၏ဥက္ကဋ္ဌဖြစ်ပြီး ကမ္ဘာကျော်ဆွစ်ဇာလန်ဘဏ် လုပ်ငန်းဖြစ်သော Credit Suisse တွင် အမှုဆောင် ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ကြောင်း၊ မိုက်ကယ်ဝီလျံသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လလယ်ပိုင်း မှစတင်၍ Libra‌ ငွေကြေးနှင့်ပတ်သက်သည့် စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများကို နိုင်ငံတကာနယ်ပယ်များတွင် စတင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိုက်ကယ်ဝီလျံကို ဌားရမ်းထားသည့် လုပ်ငန်းများတွင် Facebook သာမက နာမည်ကျော်အမေရိကန်လေကြောင်းလိုင်းဖြစ်သောDelta Airline နှင့်အမေရိကန်ပြည်ထောင်စု အခြေစိုက်အဖွဲ့အစည်းတစ်ခုဖြစ်သော American Financial Services Association တို့လည်းပါဝင်ကြောင်း သိရှိရပါသည်။

          လက်ရှိအချိန်တွင် Libra‌ ငွေကြေးနှင့်ပတ်သက်၍ အမေရိကန်ကွန်ဂရက်လွှတ်တော်ကပြင်းထန်စွာဝေဖန်လျက်ရှိပြီး လွှတ်တော်အမတ်အများစုသည် Libra‌ အားထုတ်ဝေခွင့်မပေးစေရေးအတွက် အဆိုပြုချက်များ တင်သွင်းနေချိန်တွင် Facebook သည် နာမည်ကျော်ကြားသည့် ပုဂ္ဂိလ်နှစ်ဦးကို ယခုကဲ့သို့ငှားရမ်းခဲ့ပြီး အမေရိကန်ကွန်ဂရက်လွှတ်တော်အတွင်း၌ ထောက်ခံမှုရရှိစေရန်အတွက် စည်းရုံးလှုံ့ဆော်မှုလုပ်ငန်းများကို စတင်ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း www.bloomberg.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။