ဟောင်ကောင်တွင်ဖြစ်ပွားနေသည့်ပဋိပက္ခများကြောင့် ဟောင်ကောင်မှ စင်ကာပူဈေးကွက်အတွင်းသို့ရွှေ့ပြောင်းစီးဝင်လာသည့် ဟောင်ကောင်ဒေါ်လာတန်ဖိုးပမာဏမှာ ဩဂုတ်လ (၁)လတာကာလ အတွင်း၌ပင် အမေရိကန်ဒေါ်လာ (၄) ဘီလီယံခန့်ရှိ

ဟောင်ကောင်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဟောင်ကောင်မှ စင်ကာပူဈေးကွက်အတွင်းသို့ ရွှေ့ပြောင်းစီးဝင်လာသည့် ဟောင်ကောင်ဒေါ်လာတန်ဖိုးပမာဏမှာ ဩဂုတ်လ (၁) လတာကာလ အတွင်း၌ပင် အမေရိကန်ဒေါ်လာ (၄) ဘီလီယံခန့်ရှိ

          ဟောင်ကောင်တွင် ဖြစ်ပွားနေသော ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းနှင့်အတူ ဟောင်ကောင်ရှိ စီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းတို့ပိုင်ဆိုင်သော ဟောင်ကောင်ဒေါ်လာငွေကြေးအရင်းအနှီးများအား စင်ကာပူနိုင်ငံသို့ ရွှေ့ပြောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

          ဟောင်ကောင်ငွေကြေးအာဏာပိုင်များက ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန်သည့်အစီရင်ခံစာ၌ ဟောင်ကောင်ဒေသအတွင်း လှည့်လည်သုံးစွဲနေသည့် ဟောင်ကောင်ဒေါ်လာငွေကြေးအရင်းအနှီးပမာဏမှာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်အတွင်း၌ ၁.၆% ကျဆင်းသွားခဲ့ရာ တစ်နှစ်တာကာလအတွင်း အများဆုံးကျဆင်းမှုပင်ဖြစ်ပြီး ဟောင်ကောင်ဈေးကွက်အတွင်း၌ လည်ပတ်နေသော ဟောင်ကောင်ဒေါ်လာများ၏ စုစုပေါင်းတန်ဖိုးပမာဏမှာ ဟောင်ကောင်ဒေါ်လာ ၆.၈၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၇၃ ဘီလီယံခန့်) သာကျန်ရှိသည်ဟု ဖော်ပြထားကြောင်း၊ အမေရိကန်ဘဏ်လုပ်ငန်းကြီးဖြစ်သော Goldman sachs Group ၏ ငွေကြေးဈေးကွက်လေ့လာချက်အစီရင်ခံစာ၌ ဟောင်ကောင်ရှိ ရင်းနှီးမြှုပ်နှံသူအများစုသည် လက်ရှိအချိန်၌ နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှုရှိသည့် စင်ကာပူဈေးကွက်ကို အာရှ၏အဓိကငွေကြေးဈေးကွက်တစ်ခုအဖြစ်သတ်မှတ်ကာ ငွေကြေးအရင်းအနှီးများကို စင်ကာပူ ဈေးကွက်အတွင်းသို့ ရွှေ့ပြောင်းလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁) လတည်း၌ပင် အမေရိကန် ဒေါ်လာ(၃) ဘီလီယံမှ (၄) ဘီလီယံခန့်ပမာဏရှိသည့် ဟောင်ကောင်ဒေါ်လာများ စင်ကာပူဈေးကွက် အတွင်းသို့စီးဝင်လာသည်ဟု ဖော်ပြထားကြောင်း www.bloomberg.com အင်တာနက် website ဖော်ပြပါရှိပါသည်။

ဥရောပသမဂ္ဂမှ ကုန်ပစ္စည်းများအပေါ် အမေရိကန်ပြည်ထောင်စုကသွင်းကုန်ခွန်ကောက်ခံမည့်ကြေညာချက်ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ပြန်လည်မြင့်တက်သွားခဲ့

ဥရောပသမဂ္ဂမှ ကုန်ပစ္စည်းများအပေါ် အမေရိကန်ပြည်ထောင်စုကသွင်းကုန်ခွန်ကောက်ခံမည့် ကြေညာချက်ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာပြန်လည်မြင့်တက်သွားခဲ့

          ဥရောသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ဥရောပလေယာဉ်ကုမ္ပဏီဖြစ်သော  Airbus နှင့်အမေရိကန်လေယာဉ်ကုမ္ပဏီဖြစ်သော Boeing တို့၏ ဈေးကွက်ပြိုင်ဆိုင်မှုတွင် လွတ်လပ်စွာပြိုင်ဆိုင်မှုကို ခွင့်ပြုရမည့်အစား Airbusကုမ္ပဏီဈေးကွက်အသာစီးရရှိစေရန်အတွက် တရားမဝင်သောနည်းလမ်းများဖြင့် ပံ့ပိုးမှုများပြုလုပ်ပေးခဲ့သည့်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဥရောပနိုင်ငံများမှ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းနေသည့် အမေရိကန်ဒေါ်လာ (၇.၅) ဘီလီယံခန့်ရှိသည့် ကုန်ပစ္စည်းများအပေါ်၌ သွင်းကုန်ခွန်စည်းကြပ်ခွင့်ရှိသည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂)ရက် (ဗုဒ္ဓဟူးနေ့) တွင် ဆုံးဖြတ်ခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့်ဥရောပသမဂ္ဂတို့အကြားAirbus  ကိစ္စနှင့်ပတ်သက်၍ WTO ၌ အမှုဖြစ်ပွားနေသည်မှာ (၁၅) နှစ်ခန့်ကြာမြင့်ခဲ့ပြီး WTO အနေဖြင့် ယခုအချိန်မှသာ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် WTO ၏ဆုံးဖြတ်ချက်ကိုကြိုဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စုအတွက် အကြီးမားဆုံးသောအောင်ပွဲဖြစ်သည်ဟု သတ်မှတ်ကာ အောက်တိုဘာလ (၁၈) ရက်နေ့မှစတင်၍ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းနေသည့် ပြင်သစ်ဝိုင်များ၊ အီတလီချိစ့်များနှင့်စကော့ဝီစကီများအပါအဝင် ဥရောပနိုင်ငံထုတ်ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ(၇.၅)ဘီလီယံ အပေါ်၌သွင်းကုန်ခွန် ၂၅% ကောက်ခံမည်ဟု ဆက်လက်ကြေညာခဲ့ကြောင်း၊  ဥရောပသမဂ္ဂကလည်း WTO ၏ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် သွင်းကုန်ခွန်ကောက်ခံမှုများ ပြုလုပ်လာမည်ဆိုပါက ဥရောပသမဂ္ဂကလည်း အမေရိကန်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်ကောက်ခံမှုများ လက်တုံ့ပြန်ပြုလုပ်ရလိမ့်မည်ဟု ကြေညာခဲ့သည့်အတွက် အမေရိကန် – ဥရောပသမဂ္ဂတို့အကြားဖြစ်ပေါ်လာမည့် ကုန်သွယ်ရေးစစ်ပွဲအပေါ် စိုးရိမ်ပူပန်မှုများနှင့်အတူ ကမ္ဘာ့ဈေးကွက်အတွင်းစတော့ရှယ်ယာတန်ဖိုးများနှင့် အမေရိကန်ဒေါ်လာတန်ဖိုးတို့ ကျဆင်းကာ ရွှေဈေးနှုန်းမှာ ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

          ထို့ပြင်ကမ္ဘာပေါ်၌ ရွှေအရောင်းအဝယ်အများဆုံးပြုလုပ်နေသော ရွှေကုမ္ပဏီကြီးတစ်ခုဖြစ်သည့်SPDR Gold Trust အနေဖြင့် WTO မှဆုံးဖြတ်ချက်ချမှတ်သည့် အောက်တိုဘာလ(၂) ရက်(ဗုဒ္ဓဟူးနေ့) တစ်နေ့တာကာလအတွင်း၌ပင် ဈေးကွက်အတွင်းမှ ရွှေ(၃)တန်နီးပါးခန့်အား အချိန်တိုအတွင်းဝယ်ယူခဲ့ပြီး အရန်ရွှေပမာဏကို တန်ချိန် (၉၂၃.၇၆) တန်သို့တိုးမြှင့်ခဲ့ခြင်းနှင့် အမေရိကန်ထိပ်တန်းလူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုလုပ်ငန်းကြီးဖြစ်သည့် ADP မှထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌လွန်ခဲ့သည့် စက်တင်ဘာလအတွင်း အမေရိကန်နိုင်ငံတစ်ဝန်းရှိ ပုဂ္ဂလိကကဏ္ဍများတွင် အလုပ်အကိုင်ရရှိမှုမှာ မျှော်မှန်းထားသည့်ပမာဏကို ပြည့်မီခြင်းမရှိဟု ဖော်ပြထားခြင်း အစရှိသောအချက်များသည်လည်း အမေရိကန်ဒေါ်လာတန်ဖိုးကိုကျဆင်းစေကာ ကမ္ဘာ့ရွှေဈေးနှုန်းကို မြင့်တက်စေသည့် အခြားအချက်များဖြစ်ကြောင်း သိရှိရပါသည်။ 

          ကမ္ဘာ့ရွှေဈေးနှုန်းသည် WTO မှ ဆုံးဖြတ်ချက်ချမှတ်သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်(ဗုဒ္ဓဟူးနေ့)၌ ၁.၄% မြင့်တက်ခဲ့ပြီး  အောက်တိုဘာလ(၃)ရက်(ကြာသပတေးနေ့) နံနက်ပိုင်း တွင်လည်း ၀.၁%  ထပ်မံမြင့်တက်ကာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၅၀၀.၅၉)ဝန်းကျင်၌ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ ၀.၁၃% ကျဆင်းခဲ့ပြီး အညွှန်းကိန်းအမှတ် (၉၉) ဝန်းကျင်တွင်ဖြစ်ပေါ်လျက်ရှိကြောင်း www.cnbc.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။