ဟောင်ကောင်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဟောင်ကောင်မှ စင်ကာပူဈေးကွက်အတွင်းသို့ ရွှေ့ပြောင်းစီးဝင်လာသည့် ဟောင်ကောင်ဒေါ်လာတန်ဖိုးပမာဏမှာ ဩဂုတ်လ (၁) လတာကာလ အတွင်း၌ပင် အမေရိကန်ဒေါ်လာ (၄) ဘီလီယံခန့်ရှိ

          ဟောင်ကောင်တွင် ဖြစ်ပွားနေသော ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းနှင့်အတူ ဟောင်ကောင်ရှိ စီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းတို့ပိုင်ဆိုင်သော ဟောင်ကောင်ဒေါ်လာငွေကြေးအရင်းအနှီးများအား စင်ကာပူနိုင်ငံသို့ ရွှေ့ပြောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

          ဟောင်ကောင်ငွေကြေးအာဏာပိုင်များက ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန်သည့်အစီရင်ခံစာ၌ ဟောင်ကောင်ဒေသအတွင်း လှည့်လည်သုံးစွဲနေသည့် ဟောင်ကောင်ဒေါ်လာငွေကြေးအရင်းအနှီးပမာဏမှာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်အတွင်း၌ ၁.၆% ကျဆင်းသွားခဲ့ရာ တစ်နှစ်တာကာလအတွင်း အများဆုံးကျဆင်းမှုပင်ဖြစ်ပြီး ဟောင်ကောင်ဈေးကွက်အတွင်း၌ လည်ပတ်နေသော ဟောင်ကောင်ဒေါ်လာများ၏ စုစုပေါင်းတန်ဖိုးပမာဏမှာ ဟောင်ကောင်ဒေါ်လာ ၆.၈၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၇၃ ဘီလီယံခန့်) သာကျန်ရှိသည်ဟု ဖော်ပြထားကြောင်း၊ အမေရိကန်ဘဏ်လုပ်ငန်းကြီးဖြစ်သော Goldman sachs Group ၏ ငွေကြေးဈေးကွက်လေ့လာချက်အစီရင်ခံစာ၌ ဟောင်ကောင်ရှိ ရင်းနှီးမြှုပ်နှံသူအများစုသည် လက်ရှိအချိန်၌ နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှုရှိသည့် စင်ကာပူဈေးကွက်ကို အာရှ၏အဓိကငွေကြေးဈေးကွက်တစ်ခုအဖြစ်သတ်မှတ်ကာ ငွေကြေးအရင်းအနှီးများကို စင်ကာပူ ဈေးကွက်အတွင်းသို့ ရွှေ့ပြောင်းလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁) လတည်း၌ပင် အမေရိကန် ဒေါ်လာ(၃) ဘီလီယံမှ (၄) ဘီလီယံခန့်ပမာဏရှိသည့် ဟောင်ကောင်ဒေါ်လာများ စင်ကာပူဈေးကွက် အတွင်းသို့စီးဝင်လာသည်ဟု ဖော်ပြထားကြောင်း www.bloomberg.com အင်တာနက် website ဖော်ပြပါရှိပါသည်။