ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်အားကောင်းနေမှုကြောင့် အိန္ဒိယနိုင်ငံ၏ပြည်ပမှ ရွှေတင်သွင်းမှုမှာ (၃) နှစ် အတွင်းအနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့

          ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်အားကောင်းနေသည့် ဂယက်ကြောင့် အိန္ဒိယနိုင်ငံ၏ပြည်ပမှ ရွှေတင်သွင်းမှုမှာ (၃) လ ဆက်တိုက်ကျဆင်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း၌ ပြည်ပမှရွှေ (၂၆) တန်ခန့်သာ တင်သွင်းနိုင်ခဲ့ရာ (၃) နှစ်တာကာလအတွင်း ရွှေတင်သွင်းမှုအနည်းဆုံးလအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉) လတာကာလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်း အားကောင်းခဲ့မှုနှင့် အိန္ဒိယအစိုးရက ရွှေထည်ပစ္စည်းများအပေါ် အခွန် (သွင်းကုန်ခွန်+ရောင်းခွန်) စုစုပေါင်း ၁၅.၅% အထိ တိုးမြှင့်ခဲ့ခြင်းတို့ကို အကြောင်းပြု၍  အိန္ဒိယနိုင်ငံအတွင်းရွှေဈေးနှုန်းမှာ၂၆%အထိ မြင့်တက်ခဲ့ပြီး မွမ်ဘိုင်းဈေးကွက်တွင်ရွှေ (၁၀) ဂရမ်၏ဈေးမှာအိန္ဒိယနိုင်ငံသုံးရူပီးငွေ ၃၉,၈၈၅ရူပီး (အမေရိကန်ဒေါ်လာ ၅၆၂.၁၀ ဝန်းကျင်) ၌ဖြစ်ပေါ်ခဲ့ကြောင်း၊ ရွှေဈေးနှုန်းမြင့်တက်သွားသည့်အတွက် အိန္ဒိယပြည်သူများ၏ ရွှေဝယ်လိုအားသိသိသာသာလျော့နည်းသွားခဲ့သောကြောင့် အဆိုပါ (၉) လတာကာလအတွင်း အိန္ဒိယနိုင်ငံ၏ ပြည်ပမှရွှေတင်သွင်းမှုမှာ ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၂% ကျဆင်းသွားခဲ့ပြီး စုစုပေါင်းတန်ချိန် (၅၂၀.၆) တန်ခန့်သာ တင်သွင်းနိုင်ခဲ့သည်ဟု အိန္ဒိယရွှေကုန်သည်များက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

           အောက်တိုဘာလတွင်မူ မကြာမီကျရောက်တော့မည့် ဒီပါဝါလီပွဲတော်နှင့် အခြားဘာသာရေးပွဲတော်များ၊ လက်ထပ်ထိမ်းမြားမင်္ဂလာ အခမ်းအနားများကြောင့် အိန္ဒိယပြည်သူများ၏ ရွှေဝယ်လိုအား ပြန်လည်များပြားလာခြင်းနှင့်အတူ အိန္ဒိယနိုင်ငံ၏ ပြည်ပမှရွှေတင်သွင်းမှုမှာ စက်တင်ဘာလထက် ပြန်လည်မြင့်တက်လာဖွယ်ရှိကြောင်း၊ သို့သော် ကမ္ဘာ့ရွှေဈေးနှုန်း အားကောင်းနေသည့်ဂယက်ကြောင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း ပြည်ပမှရွှေတင်သွင်းမှုမှာတန်ချိန် (၅၀) ဝန်းကျင်၌သာ အများဆုံးရှိနိုင်ပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် တင်သွင်းခဲ့သည့် ရွှေတန်ချိန် (၅၇) တန်ပမာဏကို မီနိုင်ဖွယ်မရှိဟု အိန္ဒိယရွှေကုန်သည်များက ခန့်မှန်းထားကြကြောင်း သိရှိရပါသည်။

          လက်ရှိအချိန်တွင် မွမ်ဘိုင်းဈေးကွက်၌ ရွှေ (၁၀) ဂရမ်၏ဈေးနှုန်းမှာ အိန္ဒိယနိုင်ငံသုံးရူပီးငွေ၃၈,၁၉၀ ရူပီး (အမေရိကန်ဒေါ်လာ ၅၃၇ ဒေါ်လာဝန်းကျင်) ၌ဖြစ်ပေါ်လျက်ရှိကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။