ကမ္ဘာတစ်ဝန်းရှိငွေကြေးအာဏာပိုင်များ၏ ကန့်ကွက်မှုကြောင့် Facebook ၏ Libra ဒီဂျစ်တယ်ငွေကြေးနှင့် ချိတ်ဆက်ဆောင်ရွက်မည့် ငွေကြေးဆိုင်ရာ ကုမ္ပဏီကြီးအများစုမှာ သဘောထားပြောင်းလဲသွား ကြသဖြင့် Libra ငွေကြေးထုတ်ဝေရေးမှာ အခက်အခဲများကြုံတွေ့နိုင်

          ကမ္ဘာတစ်ဝန်းရှိငွေကြေးအာဏာပိုင်များ၏ ကန့်ကွက်မှုကြောင့် Facebook  ၏ Libra ဒီဂျစ်တယ်ငွေကြေးနှင့် ချိတ်ဆက်ဆောင်ရွက်မည့် ငွေကြေးဆိုင်ရာ ကုမ္ပဏီကြီးအများစုမှာ သဘောထားပြောင်းလဲသွားခဲ့ကြကြောင်း၊ ကမ္ဘာတစ်ဝန်းလူသုံးများသည့် Visa card နှင့် Master card တို့သည် လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်း Libraငွေကြေးနှင့် ချိတ်ဆက်ဆောင်ရွက်မည့်ကိစ္စကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပြီး အမေရိကန်အခြေစိုက် Online ငွေပေးချေမှုလုပ်ငန်းများဖြစ်သည့် PayPal ၊ Stripe Inc ၊  လက်တင်အမေရိက၌ လူသုံးများသည့် Online ငွေပေးချေမှုလုပ်ငန်းဖြစ်သော Mercado Pago နှင့် Online မှတစ်ဆင့် ကုန်ပစ္စည်းရောင်းချသည့် ကမ္ဘာကျော်အမေရိကန်ကုမ္ပဏီကြီးဖြစ်သော eBay တို့သည်လည်းLibra  ဒီဂျစ်တယ်ငွေကြေးနှင့် ချိတ်ဆက်ဆောင်ရွက်တော့မည်မဟုတ်ကြောင်းကို ၂၀၁၉ ခုနှစ်၊အောက်တိုဘာလ (၁၁) ရက်နေ့တွင် ကြေညာခဲ့ကြောင်း၊ ထိုသို့နုတ်ထွက်ခဲ့သည့်အတွက် လက်ရှိအချိန်၌ Libra ဒီဂျစ်တယ်ငွေကြေးနှင့် ချိတ်ဆက်ဆောင်ရွက်မည့်လုပ်ငန်းများတွင် ငွေကြေးဆိုင်ရာ ကုမ္ပဏီများအားလုံးနုတ်ထွက်သွားပြီဖြစ်သောကြောင့် Facebook  အနေဖြင့် Libra  ငွေကြေးကိုငွေကြေးအလွှဲအပြောင်းကိစ္စများ၌ အသုံးပြုရေးမှာ အခက်အခဲများနှင့် ကြုံတွေ့လာနိုင်ကြောင်း၊ သို့သော် အမေရိကန်အခြေစိုက် Lyft နှင့် အင်္ဂလန်အခြေစိုက် Vodafone ကဲ့သို့သောဆက်သွယ်ရေးနှင့် နည်းပညာကုမ္ပဏီများမှာမူ Libra ဒီဂျစ်တယ်ငွေကြေးကိုပံ့ပိုးပေးမည့်အဖွဲ့တွင် ပါဝင်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။

          လက်ရှိအချိန်၌ ပြင်သစ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သည် Libra ငွေကြေးအားဥရောပနိုင်ငံများ၌ သုံးစွဲနိုင်ခြင်းမရှိစေရန်အတွက် တားမြစ်ပိတ်ပင်မှုများ ပြုလုပ်ရန် စီစဉ်နေပြီး အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌဂျရွန်မီပေါင်ဝယ်လ်ကလည်း ငွေကြေးခဝါချမှုများ ငွေကြေးဈေးကွက်မတည်ငြိမ်မှုများကို ကြုံတွေ့နိုင်သောကြောင့် Libraငွေကြေးထုတ်ဝေမည့်ကိစ္စကို ပြန်လည်သုံးသပ်ရန် အကြံပြုထားကြောင်း၊ Facebook ၏ CEO မက်ခ်ဇူကာဘက်ခ်သည် အမေရိကန်အောက်လွှတ်တော်၏ ငွေကြေးဝန်ဆောင်မှု ကဏ္ဍကော်မတီ၌ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့တွင် Libraငွေကြေးကိစ္စနှင့်ပတ်သက်၍ ကြားနာစစ်ဆေးမှုအခမ်းအနားသို့ တက်ရောက်ရှင်းလင်းမည်ဖြစ်ကြောင်း၊ အဆိုပါ အောက်လွှတ်တော် ငွေကြေးဝန်ဆောင်မှုကဏ္ဍကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူအောက်လွှတ်တော်အမတ် မက်ခ်ဇင်းဝါတာ Facebook အနေဖြင့် Libra ဒီဂျစ်တယ်ငွေကြေးစီမံကိန်းကို ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် တောင်းဆိုထားကြောင်း www.cnbc.comအင်တာနက် website တွင် ဖော်ပြပါရှိပါသည်။