ဆော်ဒီအာရေဗျ ကမ်းလွန်ပင်လယ်ပြင်အနီး၌ အီရန်ရေနံတင်သင်္ဘောတစ်စီးဒုံးကျည်များဖြင့် တိုက်ခိုက်ခံရသည့်သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့

          အီရန်နိုင်ငံပိုင် ရေနံကုမ္ပဏီမှ ရေနံတင်သင်္ဘောတစ်စီးသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်(သောကြာနေ့) နံနက်ပိုင်း၌ ဆော်ဒီအာရေဗျနိုင်ငံကမ်းခြေမှ ကီလိုမီတာ (၁၀၀) ခန့်ကွာဝေးသော ပင်လယ်နီအတွင်းခုတ်မောင်းနေစဉ် ဒုံးကျည်များဖြင့်တိုက်ခိုက်ခံရသည့်အတွက် သင်္ဘောကိုယ်ထည်အစိတ်အပိုင်းအချို့တွင် မီးလောင်ကျွမ်းခဲ့ပြီးပင်လယ်အတွင်းသို့ ရေနံယိုဖိတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်စဉ်နှင့် တိုက်ခိုက်သည့်အဖွဲ့အစည်းကို တိကျစွာမသိရှိသေးသော်လည်း အီရန်ရေနံတင်သင်္ဘောတိုက်ခိုက်ခံရမှုနောက်ဆက်တွဲဂယက်အဖြစ် အရှေ့အလယ်ပိုင်းဒေသအတွင်း၌ ပထဝီနိုင်ငံရေးတင်းမာမှုများ ဖြစ်ပေါ်လာနိုင်ပြီး ရေနံထုတ်လုပ်မှုကျဆင်းနိုင်သည့်အတွက် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက် (သောကြာနေ့) ညနေပိုင်းတွင် နယူး‌ယောက်ဈေးကွက်၌ WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၂.၁% မြင့်တက်ပြီး တစ်စည်လျှင်အမေရိကန်ဒေါ်လာ (၅၄.၆၉) သို့လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၂.၃% မြင့်တက်ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၀.၄၆) သို့ လည်းကောင်းအသီးသီးရောက်ရှိခဲ့ကြောင်း www.investing.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။