တရုတ်အာဏာပိုင်များသည် တရုတ်_ မြန်မာနယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသောငွေကြေးလိမ်လည် မှုများကိုနှိမ်နင်းရန်အတွက် အချို့သော social media account များနှင့် mobile payment account များကိုထိန်းချုပ်ထား

 တရုတ်-မြန်မာနယ်စပ်၌ ဆက်သွယ်ရေးနည်းပညာများကို အသုံးပြု၍ နယ်စပ်ဖြတ်ကျော်ငွေကြေးလိမ်လည်မှုဖြစ်စဉ်အများအပြား ဖြစ်ပွားလျက်ရှိရာ တရုတ်အာဏာပိုင်များသည် အဆိုပါလိမ်လည်မှုများကို နှိမ်နင်းနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက် (တနင်္လာနေ့) မှစတင်၍ အချို့သောsocial media account များနှင့် mobile payment account များကိုထိန်းချုပ်ထားသည်ဟုသိရှိရပါသည်။

ဒေသခံတရုတ်မီဒီယာများ၏ သတင်းဖော်ပြချက်များအရ QQ ၊ WeChatနှင့် AliPayတို့ကဲ့သို့သောလူသုံးများသည့် အွန်လိုင်းငွေပေးချေမှုအစီအစဉ်များတွင် အချို့သောသုံးစွဲသူများ၏ accountများမှာ အောက်တိုဘာလ (၁၄) ရက်နေ့မှစတင်၍ သုံးစွဲ၍မရတော့ဟု သိရှိရကြောင်း၊တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနလက်အောက်ရှိ မူခင်းစုံစမ်းစစ်ဆေးရေးဌာနသည် လူမှုကွန်ရက်တစ်ခုဖြစ်သောWeiboမှတစ်ဆင့် အောက်တိုဘာလ (၁၅) ရက် (အင်္ဂါနေ့) တွင်ကြေညာရာ၌ မြန်မာနိုင်ငံမြောက်ပိုင်းကို အခြေပြုပြီးတရုတ်-မြန်မာနယ်စပ်တစ်လျှောက်၌ ဖြစ်ပေါ်နေသော ဆက်သွယ်ရေးနည်းပညာများဖြင့် နယ်စပ်ဖြတ်ကျော်ငွေကြေးလိမ်လည်မှုများမှာ တရုတ်ပြည်သူများ၏ စည်းစိမ်ဥစ္စာများကို အကြီးအကျယ်ခြိမ်းခြောက်လျက်ရှိသောကြောင့် အဆိုပါပြစ်မှုများကို နှိမ်နင်းနိုင်ရန်အတွက် ကျူးလွန်သူများအဖြစ် သံသယရှိသောပုဂ္ဂိုလ်များ၏ social media account များနှင့် mobile payment account များကိုအသုံးပြု၍မရအောင် ထိန်းချုပ်လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ သို့သော် တရုတ်အာဏာပိုင်များသည် ငွေကြေးလိမ်လည်မှုဖြစ်စဉ် အသေးစိတ်အကြောင်းအရာများ၊ သံသယရှိသူများ၏ အမည်များကိုမူ ဖော်ပြခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။          

တရုတ်-မြန်မာနယ်စပ်၌ ဆက်သွယ်ရေးနည်းပညာများအသုံးပြု၍ ငွေကြေးလိမ်လည်သည့် တရုတ်နိုင်ငံသားရာဇဝတ်ဂိုဏ်းများရှိကြောင်း၊ ၎င်းတို့သည် မြန်မာနိုင်ငံဘက်ခြမ်းတွင် အခြေချ၍ တရုတ်နိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ၏ social media account များနှင့် mobile payment account များကို ဆက်သွယ်ကာ ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်များရယူခြင်း၊ ငွေကြေးလိမ်လည်ခြင်းများပြုလုပ်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း၌ ယူနန်ပြည်နယ်နှင့်ဆက်စပ် နေသောစီချွမ်ပြည်နယ်၊ ချုံကျင်းမြို့၌ တရုတ်ယွမ်ငွေ ၁၀ သန်း(အမေရိကန်ဒေါ်လာ ၁.၄ သန်း)ခန့် ပမာဏရှိနယ်စပ်ဖြတ်ကျော်ငွေကြေးလိမ်လည်မှုများနှင့်ဆက်စပ်နေသည့် တရုတ်နိုင်ငံသား(၆၉) ဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း www.caixinglobal.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။