အိုပက်အဖွဲ့အပါအဝင် ရေနံထုတ်လုပ်သောနိုင်ငံများအနေဖြင့် ရေနံထုတ်လုပ်မှုလျှော့ချရေးကို ၂၀၂၀ ပြည့်နှစ်၊ မတ်လအထိ ဆက်လက်အကောင်အထည်ဖော်သွားမည့် သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၁.၆% မြင့်တက်လာခဲ့ကြောင်း

          အိုပက်အဖွဲ့ဝင် နိုင်ငံများနှင့် ရုရှားနိုင်ငံအပါအဝင် အခြားရေနံထုတ်လုပ်သည့်နိုင်ငံများသည် နေ့စဉ်ရေနံထုတ်လုပ်မှု စုစုပေါင်းပမာဏအနက်မှ စည်ပေါင်း (၁.၂) သန်းခန့်လျှော့ချသည့်အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိလုပ်ဆောင်သွားရန် သဘောတူညီထားကြောင်း၊ သို့သော် ယခုအခါ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးနှေးကွေးပြီး ရေနံဝယ်လိုအားလျော့နည်းနေသည့်အတွက် အိုပက်အဖွဲ့၏ ရေနံထုတ်လုပ်မှုလျှော့ချရေးအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လအထိ ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

          အိုပက်အဖွဲ့နှင့် အခြားရေနံထုတ်လုပ်သောနိုင်ငံများသည် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့တွင် တွေ့ဆုံပြီးရေနံထုတ်လုပ်မှုဆက်လက်လျှော့ချရေးကို ဆွေးနွေးကြမည်ဖြစ်ရာ အိုပက်အဖွဲ့၏ ရေနံလျှော့ချမှုသတင်းကို အကြောင်းပြု၍ ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းကြိုတင် ရောင်းဝယ်မှုဈေးနှုန်းမှာ ၁.၆% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၄.၁၆) သို့လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင် ရောင်းဝယ်မှုဈေးနှုန်းမှာ ၁%မြင့်တက်ခဲ့ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၉.၅၉) သို့လည်းကောင်း အသီးသီးရောက်ရှိခဲ့ကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။