အမေရိကန် _ တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲမှ ရလဒ်ကောင်းများ မမျှော်လင့်ဘဲ ထွက်ပေါ်လာခြင်းကြောင့်ကမ္ဘာ့ရွှေဈေးကျဆင်းသွားခဲ့

အမေရိကန် _ တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲမှ ရလဒ်ကောင်းများမမျှော်လင့်ဘဲထွက်ပေါ်လာခြင်းကြောင့် ကမ္ဘာ့ရွှေဈေးကျဆင်းသွားခဲ့

          လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းကျင်းပခဲ့သည့် အမေရိကန် – တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲအပြီးတွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန်ဒေါ်လာ (၂၅၀) ဘီလီယံခန့်တန်ဖိုးရှိ တရုတ်ကုန်စည်များအပေါ်၌ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်(အင်္ဂါနေ့) မှစ၍သွင်းကုန်ခွန် ၃၀% စတင်ကောက်ခံမည့် အစီအစဉ်ကို ဆိုင်းငံ့ခဲ့ကြောင်း၊ အမေရိကန်သမ္မတ၏ ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ်လိုင်သီဇာကသွင်းကုန်ခွန်ကောက်ခံမှု ဆိုင်းငံ့ခြင်းမှာ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကောက်ခံရန် သတ်မှတ်ထားသည့်ကုန်စည်များအပေါ်၌သာဖြစ်ပြီး အခြားတရုတ်ကုန်စည်များနှင့် သက်ဆိုင်ခြင်းမရှိသေးဟု ပြောကြားခဲ့ကြောင်း၊ သို့သော်ကုန်သွယ်ရေးဆွေးနွေးပွဲမှ ပထမအဆင့်ရလဒ်ကောင်းများ ထွက်ပေါ်လာခဲ့သည်ကိုအကြောင်းပြု၍ ကမ္ဘာ့ဈေးကွက်အတွင်းအမေရိကန်ဒေါ်လာနှင့်စတော့ရှယ်ယာတန်ဖိုးများမြင့်တက်ကာကမ္ဘာ့ရွှေဈေးမှာကျဆင်းသွားခဲ့ကြောင်းသိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်(တနင်္လာနေ့)နံနက်ပိုင်းတွင်ကမ္ဘာ့ဈေးကွက်အတွင်း၌အမေရိကန်စတော့ရှယ်ယာများတန်ဖိုးမှာ ၀.၃% ၊ ဟောင်ကောင်စတော့ရှယ်ယာများတန်ဖိုးမှာ ၁% ၊ တောင်ကိုရီးယားစတော့ရှယ်ယာများတန်ဖိုးမှာ၁.၆% ၊ တရုတ်(ရှန်ဟိုင်း)စတော့ရှယ်ယာများတန်ဖိုးမှာ၁.၄% အသီးသီးမြင့်တက်ခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမှာ၀.၀၆% မြင့်တက်ခဲ့ပြီးအညွှန်းကိန်းအမှတ်(၉၈.၃၉)သို့ရောက်ရှိခဲ့ကြောင်း၊ ကမ္ဘာ့ရွှေလက်ငင်းရောင်းဝယ်မှုဈေးနှုန်းမှာမူ ၀.၂% ကျဆင်းခဲ့ပြီးတစ်အောင်စလျှင်အမေရိကန်ဒေါ်လာ (၁၄၈၅.၈၆)သို့ရောက်ရှိခဲ့ကြောင်း၊ကမ္ဘာ့ရွှေဈေးနှုန်းသည် ရက်သတ္တပတ်(၁)ပတ်အတွင်း ၁% ခန့်ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

          ဈေးကွက်အတွင်းရှိရင်းနှီးမြှုပ်နှံသူများသည် ယခုရက်သတ္တပတ်အတွင်းကျင်းပမည့် ဗြိတိန်-ဥရောပသမဂ္ဂထိပ်သီးဆွေးနွေးပွဲနှင့် စင်ကာပူဗဟိုဘဏ်အစည်းအဝေးတို့၏ အခြေအနေများကိုစောင့်ကြည့်လျက်ရှိပြီးအဆိုပါအစည်းအဝေး(၂)ခု၏အခြေအနေကိုအကြောင်းပြု၍ဈေးကွက်အတွင်း၌ကမ္ဘာ့ရွှေဈေးအပြောင်းအလဲဖြစ်ပေါ်နိုင်ကြောင်းဗြိတိန်နိုင်ငံသည်ဥရောပသမဂ္ဂအဖွဲ့အတွင်းမှ၂၀၁၉ ခုနှစ်၊အောက်တိုဘာလ(၃၁)ရက်နောက်ဆုံးထား၍ ခွဲထွက်နိုင်ရေးအတွက် လိုအပ်သည့်အချက်များကိုဗြိတိန်-ဥရောပသမဂ္ဂထိပ်သီးဆွေးနွေးပွဲတွင် အပြီးသတ်ဆွေးနွေးမည်ဖြစ်ကြောင်း၊စင်ကာပူဗဟိုဘဏ်သည်အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့် စင်ကာပူနိုင်ငံ၏စီးပွားရေးကျဆင်းလာခြင်းကိုကုစားနိုင်ရန်အတွက်(၃)နှစ်တာကာလအတွင်းပထမဆုံးအကြိမ်အဖြစ် ဗဟိုဘဏ်အစည်းအဝေးကျင်းပကာငွေကြေးမူဝါဒကိုဖြေလျှော့ရန်စီစဉ်နေကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ဆော်ဒီအာရေဗျ ကမ်းလွန်ပင်လယ်ပြင်အနီး၌ အီရန်ရေနံတင်သင်္ဘောတစ်စီးဒုံးကျည်များဖြင့် တိုက်ခိုက်ခံရသည့်သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမြင့်တက်လာခဲ့

ဆော်ဒီအာရေဗျ ကမ်းလွန်ပင်လယ်ပြင်အနီး၌ အီရန်ရေနံတင်သင်္ဘောတစ်စီးဒုံးကျည်များဖြင့် တိုက်ခိုက်ခံရသည့်သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့

          အီရန်နိုင်ငံပိုင် ရေနံကုမ္ပဏီမှ ရေနံတင်သင်္ဘောတစ်စီးသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်(သောကြာနေ့) နံနက်ပိုင်း၌ ဆော်ဒီအာရေဗျနိုင်ငံကမ်းခြေမှ ကီလိုမီတာ (၁၀၀) ခန့်ကွာဝေးသော ပင်လယ်နီအတွင်းခုတ်မောင်းနေစဉ် ဒုံးကျည်များဖြင့်တိုက်ခိုက်ခံရသည့်အတွက် သင်္ဘောကိုယ်ထည်အစိတ်အပိုင်းအချို့တွင် မီးလောင်ကျွမ်းခဲ့ပြီးပင်လယ်အတွင်းသို့ ရေနံယိုဖိတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်စဉ်နှင့် တိုက်ခိုက်သည့်အဖွဲ့အစည်းကို တိကျစွာမသိရှိသေးသော်လည်း အီရန်ရေနံတင်သင်္ဘောတိုက်ခိုက်ခံရမှုနောက်ဆက်တွဲဂယက်အဖြစ် အရှေ့အလယ်ပိုင်းဒေသအတွင်း၌ ပထဝီနိုင်ငံရေးတင်းမာမှုများ ဖြစ်ပေါ်လာနိုင်ပြီး ရေနံထုတ်လုပ်မှုကျဆင်းနိုင်သည့်အတွက် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက် (သောကြာနေ့) ညနေပိုင်းတွင် နယူး‌ယောက်ဈေးကွက်၌ WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၂.၁% မြင့်တက်ပြီး တစ်စည်လျှင်အမေရိကန်ဒေါ်လာ (၅၄.၆၉) သို့လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၂.၃% မြင့်တက်ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၀.၄၆) သို့ လည်းကောင်းအသီးသီးရောက်ရှိခဲ့ကြောင်း www.investing.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အမေရိကန်_ တရုတ်ကုန်သွယ်ရေးစစ်ပွဲဂယက်ကြောင့် တရုတ်ဗဟိုဘဏ်သည် ၂၀၁၉ ခုနှစ်အတွင်း၌ ရွှေတန်ချိန် (၁၀၀) ခန့်ကိုဝယ်ယူစုဆောင်းခဲ့

အမေရိကန်_ တရုတ်ကုန်သွယ်ရေး စစ်ပွဲဂယက်ကြောင့် တရုတ်ဗဟိုဘဏ်သည် ၂၀၁၉ ခုနှစ်အတွင်း၌ ရွှေတန်ချိန် (၁၀၀) ခန့်ကို ဝယ်ယူစုဆောင်းခဲ့

အမေရိကန် – တရုတ် ကုန်သွယ်ရေး စစ်ပွဲကာလအတွင်း အမေရိကန်ဒေါ်လာအပေါ် ယုံကြည်မှုအားနည်းလာသည့်အတွက် တရုတ်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာအစား ရွှေကိုအများအပြားဝယ်ယူစုဆောင်းခဲ့ရာ ၂၀၁၉ ခုနှစ်နှစ်ဆန်းမှ စက်တင်ဘာလကုန်အထိ ကာလအတွင်း ရွှေတန်ချိန် (၁၀၀) ခန့်ကိုဝယ်ယူစုဆောင်းနိုင်ခဲ့သည်ဟုသိရှိရပါသည်။

တရုတ်ဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့် သတင်းအချက်အလက်များအရတရုတ်ဗဟိုဘဏ်ရှိ အရန်ရွှေ စုဆောင်းထားရှိမှုပမာဏမှာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လကုန်၌ စုစုပေါင်းတန်ချိန် (၁၉၅၁) တန် ခန့်ရှိခဲ့ရာမှ စက်တင်ဘာလကုန်၌ စုစုပေါင်းတန်ချိန် (၁၉၅၇) တန်သို့ ရောက် ရှိခဲ့ရာဗဟိုဘဏ်၏ အရန်ရွှေ စုဆောင်းထားရှိမှုပမာဏသည် (၆) နှစ်ကျော်ကာလအတွင်း အများဆုံးအနေအထားပင်ဖြစ်ကြောင်း၊ လက်ရှိ အရန်ရွှေစုဆောင်းထားရှိမှုပမာဏသည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် အရန်ရွှေပမာဏနှင့်နှိုင်းယှဉ်ပါကတန်ချိန်(၁၀၀)ခန့် မြင့်တက်လာခဲ့သည် ဟုသိရှိရပါသည်။

စင်ကာပူအခြေစိုက် OCBC ဘဏ်လုပ်ငန်းမှ စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်အရ အမေရိကန်နှင့်ဆက်ဆံရေးတင်းမာနေသော တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာကို လက်ဝယ်တွင် အများအပြားထားရှိမည့်အစား ရွှေကိုအဓိကဝယ်ယူစုဆောင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အနာဂါတ်ကာလများတွင်လည်း အမေရိကန်ဒေါ်လာအစား ရွှေကိုသာ အရန်ပိုင်ဆိုင်မှုအဖြစ် အများအပြားစုဆောင်းမည့်အနေအထားရှိသည်ဟု သိရှိရကြောင်း www.rt.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အမေရိကန် _ တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲမစတင်မီ ကမ္ဘာ့ရွှေဈေးနှုန်း အနည်းငယ်မြင့်တက်လာခဲ့

အမေရိကန် _ တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲမစတင်မီ ကမ္ဘာ့ရွှေဈေးနှုန်း အနည်းငယ်မြင့်တက်လာခဲ့

          အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲကို ဝါရှင်တန်မြို့၌ ၂၀၁၉ခုနှစ် ၊ အောက်တိုဘာလ (၁၀) ရက်နှင့် (၁၁) ရက်နေ့များတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားကြောင်း၊ အမေရိကန်သမ္မတဒေါ်နယ်လ်ထရန့်သည် ယခုကျင်းပမည့်ဆွေးနွေးပွဲတွင် အပြုသဘောဆောင်သည့် သဘောတူညီမှုများရရှိရန် မျှော်မှန်းထားသော်လည်း တရုတ်အာဏာပိုင်များကမူ အမေရိကန်အစိုးရ၏ တောင်းဆိုမှုများကို ထပ်မံလိုက်လျောမည့် အနေအထားမရှိတော့ကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှပ်နှံသူအများစုသည် ယင်းဆွေးနွေးပွဲမှ ရလဒ်ကောင်းများ ထွက်ပေါ်လာလိမ့်မည်မဟုတ်ဟု မျှော်မှန်းထားကြသောကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ အနည်းငယ် မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

          ထို့ပြင် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်း ဂျိုဘီဒင်၊ ယူကရိန်းသမ္မတတို့ကိစ္စနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်လ်ထရန့်အပေါ် အောက်လွှတ်တော်အမတ်များက စုံစမ်းစစ်ဆေးအရေးယူမည့်ကိစ္စတွင်  ခိုင်လုံသောသတင်းပေးသက်သေ (၁) ဦး ထပ်မံပေါ်ပေါက်လာသောကြောင့် သမ္မတအနေဖြင့် အကျပ်အတည်းများကြုံတွေ့ကာ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေးအခြေအနေ ဆိုးရွားလာဖွယ်ရှိခြင်းသည်လည်း အမေရိကန်ဒေါ်လာတန်ဖိုးကို ကျဆင်းစေကာ ကမ္ဘာ့ရွှေဈေးနှုန်းကို မြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်(တနင်္လာနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှုန်းသည် ၀.၁%  မြင့်တက်ကာတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၀၅.၈၆) ဝန်းကျင်၌ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ ၀.၀၁% ကျဆင်းခဲ့ပြီးအညွှန်းကိန်းအမှတ် (၉၈.၈၃) ဝန်းကျင်တွင် ဖြစ်ပေါ်လျက်ရှိကြောင်းwww.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်အားကောင်းနေမှုကြောင့် အိန္ဒိယနိုင်ငံ၏ပြည်ပမှ ရွှေတင်သွင်းမှုမှာ (၃) နှစ် အတွင်းအနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့

ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်အားကောင်းနေမှုကြောင့် အိန္ဒိယနိုင်ငံ၏ပြည်ပမှ ရွှေတင်သွင်းမှုမှာ (၃) နှစ် အတွင်းအနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့

          ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်အားကောင်းနေသည့် ဂယက်ကြောင့် အိန္ဒိယနိုင်ငံ၏ပြည်ပမှ ရွှေတင်သွင်းမှုမှာ (၃) လ ဆက်တိုက်ကျဆင်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း၌ ပြည်ပမှရွှေ (၂၆) တန်ခန့်သာ တင်သွင်းနိုင်ခဲ့ရာ (၃) နှစ်တာကာလအတွင်း ရွှေတင်သွင်းမှုအနည်းဆုံးလအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉) လတာကာလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်း အားကောင်းခဲ့မှုနှင့် အိန္ဒိယအစိုးရက ရွှေထည်ပစ္စည်းများအပေါ် အခွန် (သွင်းကုန်ခွန်+ရောင်းခွန်) စုစုပေါင်း ၁၅.၅% အထိ တိုးမြှင့်ခဲ့ခြင်းတို့ကို အကြောင်းပြု၍  အိန္ဒိယနိုင်ငံအတွင်းရွှေဈေးနှုန်းမှာ၂၆%အထိ မြင့်တက်ခဲ့ပြီး မွမ်ဘိုင်းဈေးကွက်တွင်ရွှေ (၁၀) ဂရမ်၏ဈေးမှာအိန္ဒိယနိုင်ငံသုံးရူပီးငွေ ၃၉,၈၈၅ရူပီး (အမေရိကန်ဒေါ်လာ ၅၆၂.၁၀ ဝန်းကျင်) ၌ဖြစ်ပေါ်ခဲ့ကြောင်း၊ ရွှေဈေးနှုန်းမြင့်တက်သွားသည့်အတွက် အိန္ဒိယပြည်သူများ၏ ရွှေဝယ်လိုအားသိသိသာသာလျော့နည်းသွားခဲ့သောကြောင့် အဆိုပါ (၉) လတာကာလအတွင်း အိန္ဒိယနိုင်ငံ၏ ပြည်ပမှရွှေတင်သွင်းမှုမှာ ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၂% ကျဆင်းသွားခဲ့ပြီး စုစုပေါင်းတန်ချိန် (၅၂၀.၆) တန်ခန့်သာ တင်သွင်းနိုင်ခဲ့သည်ဟု အိန္ဒိယရွှေကုန်သည်များက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

           အောက်တိုဘာလတွင်မူ မကြာမီကျရောက်တော့မည့် ဒီပါဝါလီပွဲတော်နှင့် အခြားဘာသာရေးပွဲတော်များ၊ လက်ထပ်ထိမ်းမြားမင်္ဂလာ အခမ်းအနားများကြောင့် အိန္ဒိယပြည်သူများ၏ ရွှေဝယ်လိုအား ပြန်လည်များပြားလာခြင်းနှင့်အတူ အိန္ဒိယနိုင်ငံ၏ ပြည်ပမှရွှေတင်သွင်းမှုမှာ စက်တင်ဘာလထက် ပြန်လည်မြင့်တက်လာဖွယ်ရှိကြောင်း၊ သို့သော် ကမ္ဘာ့ရွှေဈေးနှုန်း အားကောင်းနေသည့်ဂယက်ကြောင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း ပြည်ပမှရွှေတင်သွင်းမှုမှာတန်ချိန် (၅၀) ဝန်းကျင်၌သာ အများဆုံးရှိနိုင်ပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် တင်သွင်းခဲ့သည့် ရွှေတန်ချိန် (၅၇) တန်ပမာဏကို မီနိုင်ဖွယ်မရှိဟု အိန္ဒိယရွှေကုန်သည်များက ခန့်မှန်းထားကြကြောင်း သိရှိရပါသည်။

          လက်ရှိအချိန်တွင် မွမ်ဘိုင်းဈေးကွက်၌ ရွှေ (၁၀) ဂရမ်၏ဈေးနှုန်းမှာ အိန္ဒိယနိုင်ငံသုံးရူပီးငွေ၃၈,၁၉၀ ရူပီး (အမေရိကန်ဒေါ်လာ ၅၃၇ ဒေါ်လာဝန်းကျင်) ၌ဖြစ်ပေါ်လျက်ရှိကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ရုရှားအစိုးရသည် Google ၊ Facebook နှင့် Apple တို့ကဲ့သို့သော နည်းပညာ ကုမ္ပဏီကြီးများထံမှ Digital Tax ကောက်ခံရန်စဉ်းစားနေ

ရုရှားအစိုးရသည် Google ၊ Facebook နှင့် Apple တို့ကဲ့သို့သောနည်းပညာကုမ္ပဏီကြီးများထံမှ Digital Tax ကောက်ခံရန်စဉ်းစားနေ

Google ၊ Facebook နှင့် Apple ကဲ့သို့သောနည်းပညာကုမ္ပဏီကြီးများသည် ၎င်းတို့လုပ်ငန်းများဆောင်ရွက်နေသည့် နိုင်ငံများအားဒီဂျစ်တယ်အခွန် (Digital Tax) ပေးဆောင်သင့်သည်ဟု ရုရှားနိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃) ရက် (ကြာသပတေးနေ့) တွင် ကြေညာခဲ့ကြောင်းသိရှိရပါသည်။

ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနသည် ရုရှားနိုင်ငံ၏အခွန်ဥပဒေပြဌာန်းချက်၌ နိုင်ငံတကာနည်းပညာကုမ္ပဏီကြီးများအပေါ် Digital Tax များ ကောက်ခံမည့်ပြဌာန်းချက်ကိုနောက်ဆက်တွဲထည့်သွင်းရန် အဆိုပြုခဲ့ကြောင်း၊ ထိုသို့ အဆိုပြုရာ၌ နိုင်ငံအသီးသီးရှိပြည်သူများ၏ အသုံးပြုမှုကြောင့် နည်းပညာကုမ္ပဏီကြီးများမှာ ဝင်ငွေရရှိနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ နည်းပညာကုမ္ပဏီကြီးများအပေါ်၌ ပုံမှန်အခွန်အခများအပြင် ဒီဂျစ်တယ်အခွန် (Digital Tax) ကိုပါ သတ်မှတ်ကောက်ခံသင့်ကြောင်း၊ ထိုသို့ကောက်ခံမည်ဆိုပါက ဒီဂျစ်တယ်နည်းပညာများကို အသုံးပြုနေခြင်းကြောင့် ဖြစ်ပေါ်နေသည့် တိုင်းပြည်၏ ဘဏ္ဍာငွေကုန်ကျမှုများကို အထိုက်အလျောက်ဖြည့်တင်းပေးနိုင်ပြီး အခွန်ခွဲဝေသုံးစွဲမှုတွင်လည်း ပိုမိုမျှတလာလိမ့်မည်ဟု ဖော်ပြထားကြောင်းသိရှိရပါသည်။

လက်ရှိအချိန်၌ နည်းပညာကုမ္ပဏီကြီးများသည် အခြေစိုက်ရုံးများဖွင့်လှစ်ရာ၌ အခွန်အခသက်သာသော နိုင်ငံများကို ရွေးချယ်လျက်ရှိကြောင်း၊ လက်ရှိအချိန်၌ အိုင်ယာလန်နိုင်ငံသည်နည်းပညာကုမ္ပဏီကြီးများအား ဝင်ငွေခွန် ၁၂.၅% သာကောက်ခံလျက်ရှိရာ အခြားကမ္ဘာ့နိုင်ငံများနှင့်နှိုင်းယှဉ်ပါက အခွန်သက်သာသည့်အတွက် Google ၊ Facebook  နှင့် Microsoft  အပါအဝင်အဆင့်မြင့် နည်းပညာကုမ္ပဏီကြီးများသည် ၎င်းတို့၏ဌာနချုပ်ရုံးများကို အိုင်ယာလန်နိုင်ငံ၌ သွားရောက်ဖွင့်လှစ်ထားကြကြောင်း သိရှိရပါသည်။          

ရုရှားနိုင်ငံသည် နည်းပညာကုမ္ပဏီကြီးများအား မူလကဝင်ငွေခွန်တစ်မျိုးတည်းသာ ကောက်ခံခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှစ၍ နိုင်ငံအတွင်း၌ ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသည့် နိုင်ငံခြားကုမ္ပဏီများကို ထပ်ဆောင်းခွန် (Value Added Tax- VAT) ၂၀% စတင်ကောက်ခံခဲ့ကြောင်း၊ ယခုအခါ ပြင်သစ်နိုင်ငံသည် Google အပါအဝင် နည်းပညာကုမ္ပဏီကြီးများအပေါ်၌ Digital Tax ဟူ၍ ခေါ်ဝေါ်သတ်မှတ်ထားသည့် အခွန်အမျိုးအစားသစ်ကို ၂၀၁၉ ခုနှစ်မှစတင်၍ ကောက်ခံနေပြီး ၂၀၁၉ ခုနှစ်တစ်နှစ်တာကာလအတွက် Digital Tax ကောက်ခံခြင်းမှယူရိုငွေ (၅၀၀) သန်းခန့်ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဗြိတိန်အပါအဝင်အခြားဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ပြင်သစ်နိုင်ငံနည်းတူ Digital Taxများကိုကောက်ခံရန်စီစဉ်လာခဲ့ပြီးရုရှားနိုင်ငံသည်လည်း Digital Tax ကိုစတင်ကောက်ခံရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်းwww.rt.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ဟောင်ကောင်တွင်ဖြစ်ပွားနေသည့်ပဋိပက္ခများကြောင့် ဟောင်ကောင်မှ စင်ကာပူဈေးကွက်အတွင်းသို့ရွှေ့ပြောင်းစီးဝင်လာသည့် ဟောင်ကောင်ဒေါ်လာတန်ဖိုးပမာဏမှာ ဩဂုတ်လ (၁)လတာကာလ အတွင်း၌ပင် အမေရိကန်ဒေါ်လာ (၄) ဘီလီယံခန့်ရှိ

ဟောင်ကောင်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဟောင်ကောင်မှ စင်ကာပူဈေးကွက်အတွင်းသို့ ရွှေ့ပြောင်းစီးဝင်လာသည့် ဟောင်ကောင်ဒေါ်လာတန်ဖိုးပမာဏမှာ ဩဂုတ်လ (၁) လတာကာလ အတွင်း၌ပင် အမေရိကန်ဒေါ်လာ (၄) ဘီလီယံခန့်ရှိ

          ဟောင်ကောင်တွင် ဖြစ်ပွားနေသော ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းနှင့်အတူ ဟောင်ကောင်ရှိ စီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းတို့ပိုင်ဆိုင်သော ဟောင်ကောင်ဒေါ်လာငွေကြေးအရင်းအနှီးများအား စင်ကာပူနိုင်ငံသို့ ရွှေ့ပြောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

          ဟောင်ကောင်ငွေကြေးအာဏာပိုင်များက ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန်သည့်အစီရင်ခံစာ၌ ဟောင်ကောင်ဒေသအတွင်း လှည့်လည်သုံးစွဲနေသည့် ဟောင်ကောင်ဒေါ်လာငွေကြေးအရင်းအနှီးပမာဏမှာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်အတွင်း၌ ၁.၆% ကျဆင်းသွားခဲ့ရာ တစ်နှစ်တာကာလအတွင်း အများဆုံးကျဆင်းမှုပင်ဖြစ်ပြီး ဟောင်ကောင်ဈေးကွက်အတွင်း၌ လည်ပတ်နေသော ဟောင်ကောင်ဒေါ်လာများ၏ စုစုပေါင်းတန်ဖိုးပမာဏမှာ ဟောင်ကောင်ဒေါ်လာ ၆.၈၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၇၃ ဘီလီယံခန့်) သာကျန်ရှိသည်ဟု ဖော်ပြထားကြောင်း၊ အမေရိကန်ဘဏ်လုပ်ငန်းကြီးဖြစ်သော Goldman sachs Group ၏ ငွေကြေးဈေးကွက်လေ့လာချက်အစီရင်ခံစာ၌ ဟောင်ကောင်ရှိ ရင်းနှီးမြှုပ်နှံသူအများစုသည် လက်ရှိအချိန်၌ နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှုရှိသည့် စင်ကာပူဈေးကွက်ကို အာရှ၏အဓိကငွေကြေးဈေးကွက်တစ်ခုအဖြစ်သတ်မှတ်ကာ ငွေကြေးအရင်းအနှီးများကို စင်ကာပူ ဈေးကွက်အတွင်းသို့ ရွှေ့ပြောင်းလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁) လတည်း၌ပင် အမေရိကန် ဒေါ်လာ(၃) ဘီလီယံမှ (၄) ဘီလီယံခန့်ပမာဏရှိသည့် ဟောင်ကောင်ဒေါ်လာများ စင်ကာပူဈေးကွက် အတွင်းသို့စီးဝင်လာသည်ဟု ဖော်ပြထားကြောင်း www.bloomberg.com အင်တာနက် website ဖော်ပြပါရှိပါသည်။

ဥရောပသမဂ္ဂမှ ကုန်ပစ္စည်းများအပေါ် အမေရိကန်ပြည်ထောင်စုကသွင်းကုန်ခွန်ကောက်ခံမည့်ကြေညာချက်ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ပြန်လည်မြင့်တက်သွားခဲ့

ဥရောပသမဂ္ဂမှ ကုန်ပစ္စည်းများအပေါ် အမေရိကန်ပြည်ထောင်စုကသွင်းကုန်ခွန်ကောက်ခံမည့် ကြေညာချက်ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာပြန်လည်မြင့်တက်သွားခဲ့

          ဥရောသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ဥရောပလေယာဉ်ကုမ္ပဏီဖြစ်သော  Airbus နှင့်အမေရိကန်လေယာဉ်ကုမ္ပဏီဖြစ်သော Boeing တို့၏ ဈေးကွက်ပြိုင်ဆိုင်မှုတွင် လွတ်လပ်စွာပြိုင်ဆိုင်မှုကို ခွင့်ပြုရမည့်အစား Airbusကုမ္ပဏီဈေးကွက်အသာစီးရရှိစေရန်အတွက် တရားမဝင်သောနည်းလမ်းများဖြင့် ပံ့ပိုးမှုများပြုလုပ်ပေးခဲ့သည့်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဥရောပနိုင်ငံများမှ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းနေသည့် အမေရိကန်ဒေါ်လာ (၇.၅) ဘီလီယံခန့်ရှိသည့် ကုန်ပစ္စည်းများအပေါ်၌ သွင်းကုန်ခွန်စည်းကြပ်ခွင့်ရှိသည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂)ရက် (ဗုဒ္ဓဟူးနေ့) တွင် ဆုံးဖြတ်ခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့်ဥရောပသမဂ္ဂတို့အကြားAirbus  ကိစ္စနှင့်ပတ်သက်၍ WTO ၌ အမှုဖြစ်ပွားနေသည်မှာ (၁၅) နှစ်ခန့်ကြာမြင့်ခဲ့ပြီး WTO အနေဖြင့် ယခုအချိန်မှသာ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် WTO ၏ဆုံးဖြတ်ချက်ကိုကြိုဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စုအတွက် အကြီးမားဆုံးသောအောင်ပွဲဖြစ်သည်ဟု သတ်မှတ်ကာ အောက်တိုဘာလ (၁၈) ရက်နေ့မှစတင်၍ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းနေသည့် ပြင်သစ်ဝိုင်များ၊ အီတလီချိစ့်များနှင့်စကော့ဝီစကီများအပါအဝင် ဥရောပနိုင်ငံထုတ်ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ(၇.၅)ဘီလီယံ အပေါ်၌သွင်းကုန်ခွန် ၂၅% ကောက်ခံမည်ဟု ဆက်လက်ကြေညာခဲ့ကြောင်း၊  ဥရောပသမဂ္ဂကလည်း WTO ၏ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် သွင်းကုန်ခွန်ကောက်ခံမှုများ ပြုလုပ်လာမည်ဆိုပါက ဥရောပသမဂ္ဂကလည်း အမေရိကန်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်ကောက်ခံမှုများ လက်တုံ့ပြန်ပြုလုပ်ရလိမ့်မည်ဟု ကြေညာခဲ့သည့်အတွက် အမေရိကန် – ဥရောပသမဂ္ဂတို့အကြားဖြစ်ပေါ်လာမည့် ကုန်သွယ်ရေးစစ်ပွဲအပေါ် စိုးရိမ်ပူပန်မှုများနှင့်အတူ ကမ္ဘာ့ဈေးကွက်အတွင်းစတော့ရှယ်ယာတန်ဖိုးများနှင့် အမေရိကန်ဒေါ်လာတန်ဖိုးတို့ ကျဆင်းကာ ရွှေဈေးနှုန်းမှာ ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

          ထို့ပြင်ကမ္ဘာပေါ်၌ ရွှေအရောင်းအဝယ်အများဆုံးပြုလုပ်နေသော ရွှေကုမ္ပဏီကြီးတစ်ခုဖြစ်သည့်SPDR Gold Trust အနေဖြင့် WTO မှဆုံးဖြတ်ချက်ချမှတ်သည့် အောက်တိုဘာလ(၂) ရက်(ဗုဒ္ဓဟူးနေ့) တစ်နေ့တာကာလအတွင်း၌ပင် ဈေးကွက်အတွင်းမှ ရွှေ(၃)တန်နီးပါးခန့်အား အချိန်တိုအတွင်းဝယ်ယူခဲ့ပြီး အရန်ရွှေပမာဏကို တန်ချိန် (၉၂၃.၇၆) တန်သို့တိုးမြှင့်ခဲ့ခြင်းနှင့် အမေရိကန်ထိပ်တန်းလူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုလုပ်ငန်းကြီးဖြစ်သည့် ADP မှထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌လွန်ခဲ့သည့် စက်တင်ဘာလအတွင်း အမေရိကန်နိုင်ငံတစ်ဝန်းရှိ ပုဂ္ဂလိကကဏ္ဍများတွင် အလုပ်အကိုင်ရရှိမှုမှာ မျှော်မှန်းထားသည့်ပမာဏကို ပြည့်မီခြင်းမရှိဟု ဖော်ပြထားခြင်း အစရှိသောအချက်များသည်လည်း အမေရိကန်ဒေါ်လာတန်ဖိုးကိုကျဆင်းစေကာ ကမ္ဘာ့ရွှေဈေးနှုန်းကို မြင့်တက်စေသည့် အခြားအချက်များဖြစ်ကြောင်း သိရှိရပါသည်။ 

          ကမ္ဘာ့ရွှေဈေးနှုန်းသည် WTO မှ ဆုံးဖြတ်ချက်ချမှတ်သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်(ဗုဒ္ဓဟူးနေ့)၌ ၁.၄% မြင့်တက်ခဲ့ပြီး  အောက်တိုဘာလ(၃)ရက်(ကြာသပတေးနေ့) နံနက်ပိုင်း တွင်လည်း ၀.၁%  ထပ်မံမြင့်တက်ကာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၅၀၀.၅၉)ဝန်းကျင်၌ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ ၀.၁၃% ကျဆင်းခဲ့ပြီး အညွှန်းကိန်းအမှတ် (၉၉) ဝန်းကျင်တွင်ဖြစ်ပေါ်လျက်ရှိကြောင်း www.cnbc.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

Visa နှင့် Mastercard အပါအဝင် အခြားသော အဓိကငွေကြေးလုပ်ငန်းများသည် Facebook ၏ Libraဒီဂျစ်တယ်ငွေကြေးအား ထောက်ခံပံ့ပိုးရန်စီစဉ်ထားခြင်းကို ပြန်လည်သုံးသပ်လျက်ရှိ

Visa နှင့် Mastercard အပါအဝင် အခြားသော အဓိကငွေကြေးလုပ်ငန်းများသည် Facebook ၏ Libraဒီဂျစ်တယ်ငွေကြေးအား ထောက်ခံပံ့ပိုးရန်စီစဉ်ထားခြင်းကို ပြန်လည်သုံးသပ်လျက်ရှိ

Visa နှင့် Mastercardအပါအဝင် အခြားသော အဓိကငွေကြေးလုပ်ငန်းများသည် ယခင်ကFacebook ၏ Libra ဒီဂျစ်တယ်ငွေကြေးအားထောက်ခံ၍ လုပ်ငန်းများချိတ်ဆက်လုပ်ဆောင်သွားရန် ကြေညာထားသော်လည်း လက်ရှိအချိန်၌မူ ယင်းကိစ္စအပေါ် ပြန်လည်သုံးသပ်လျက်ရှိကြောင်း Facebookသည် လက်ရှိအချိန်အထိ ဒီဂျစ်တယ်ငွေကြေးထုတ်ဝေမည့် ကိစ္စနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်းရှိ ဗဟိုဘဏ်များနှင့် ငွေကြေးဆိုင်ရာ အာဏာပိုင်များအားစည်းရုံးနိုင်ခြင်းမရှိသည့်အပြင် အချို့သော ဗဟိုဘဏ်အများစု၏ ပြင်းထန်သော ကန့်ကွက်မှုများကို ကြုံတွေ့နေရသောကြောင့် Libra ဒီဂျစ်တယ်ငွေကြေးထုတ်ဝေမည့်ကိစ္စကို မူလက ထောက်ခံ့ပံ့ပိုးပေးရန် ကြေညာထားသည့် Visa နှင့် Mastercard အပါအဝင် အခြားသောအဓိကငွေကြေးလုပ်ငန်းများအနေဖြင့် ပြန်လည်သုံးသပ်မှုများ ပြုလုပ်လာကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Facebookသည် Libra ဒီဂျစ်တယ်ငွေကြေးအား ၂၀၂၀ ခုနှစ်၊ ဇွန်လ၌ စတင်ထုတ်ဝေမည်ဟုထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့သည် ဥရောပတိုက်၌ Libra ဒီဂျစ်တယ်ငွေကြေးကို အသုံးပြု၍မရအောင် တားမြစ်ပိတ်ပင်သွားမည်ဟု ဆုံးဖြတ်ထားပြီး အခြားကမ္ဘာ့နိုင်ငံများသည်လည်းLibra ငွေကြေးအပေါ် အဆိုးမြင်သည့် သဘောထားများရှိနေကြောင်း၊ အမေရိကန်အာဏာပိုင်များသည် Libraငွေကြေးထုတ်ဝေရေးကိစ္စနှင့် ပတ်သက်၍ တာဝန်ယူထားသော Libra Association မှ ထိပ်တန်းတာဝန်ရှိသူများ Libraငွေကြေးကိုထောက်ခံပံ့ပိုးပေးမည်ဟု ကြေညာထားသော ငွေကြေးအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများမှ တာဝန်ရှိသူများကို ဝါရှင်တန်ဒီစီသို့ ဆင့်ခေါ်ထားပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃) ရက် (ကြာသပတေးနေ့) တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ထားကြောင်း www.channelnewsasia.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။